သတင်း

မောင်တောမြောက်ပိုင်းတွင် AA နှင့် စစ်တပ် နှစ်နေရာ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ (ဇူလိုင် ၁၈) နံနက် ၇ နာရီခန့်မှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

လက်နက် ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း အနီးနားကျေးရွာများမှ ဒေသခံများက ပြောကြသည်။ 

မောင်တောမြို့နယ်၊ ကြိမ်ချောင်း-တောင်ပြိုသို့ ဆက်သွယ်ထားသည့် ကားလမ်း၏အ‌ရှေ့ဘက် သုံးဖာလုံခန့်အကွာရှိ တူရိန်း (မြို)ကျေးရွာ၏ အနောက်ဘက် တောတွင်းတစ်နေရာမှာ တိုက်ပွဲဖြစ်နေသည်ဟု ထိုနေရာအနီး နေထိုင်သည့် ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။

“ဖြစ်တာက ဒီမနက်ကနေ ဖြစ်နေတယ်လို့ သိရပါတယ်။ AA ရှိတဲ့နေရာကို စစ်တပ်က ကျူးကျော်ဝင်လာလို့ တိုက်ပွဲဖြစ်ကြတာလို့တော့ သိထားတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ  တူရိန်း (မြို) ကျေးရွာနှင့် တူရိန်း (ရခိုင်) ရွာကြားတွင် ဖြစ်သည်ဟု သိရပြီး အနီးအနားရှိသော မင်္ဂလာညွန့်စံပြကျေးရွာ တောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်နေသည့်ဘက်သို့ လက်နက်ကြီးနှင့် ပစ်နေသည်ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာ တူရိန်း (မြို) ရွာနားမှာ ဖြစ်နေတာလို့ သိရတယ်။ မင်္ဂလာညွန့်ဘက်က အခု လက်နက်ကြီးနဲ့ ပစ်ကူပေးတယ်။ ပစ်တာ လေးချက်လောက်ရှိပြီ။ တူရိန်းမြိုရွာနဲ့ ရခိုင်ရွာနဲ့က သိပ်မဝေးဘူး။ တစ်မိုင်လောက်ပဲ ရှိမယ်။ အဲဒီကြားမှာ ဖြစ်နေကြတာလို့ သိရတယ်” ဟု သူက ဆက်ပြောသည်။

ယနေ့ တစ်နေ့တည်းမှာပင် မောင်တော-ခမောင်းဆိပ်သို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင်ရှိသည့် မြဝတီကျေးရွာသစ်၏ အ‌နောက်ဘက် မိုင်ဝက်ခန့်အကွာ မြို့သစ်ချောင်းဘေး မြဝတီရွာဟောင်းအနီး ပစ်ခတ်သံများ ကြားနေရခြင်း ဖြစ်သည်ဟု သူက ပြောသည်။ 

“အခု မြဝတီရွာဟောင်းနဲ့ ဝက်ကျိန်းကြားမှာလည်း ပစ်ခတ်သံတွေ အဆက်မပြတ်ကြားနေရတယ်လို့ မင်းကြီးရွာက လူတွေက ပြောနေကြတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။ 

မြဝတီရွာဟောင်းနှင့် ကပ်လျက်ရှိ ဝက်ကျိန်းရွာတို့အကြား လက်နက်ကြီးလက်နက်ငယ်သံများ အဆက်မပြတ်ကြားနေရ၍ အမျိုးသမီးများနှင့် ကလေးငယ်များကို စာသင်ကျောင်းတွင် စုထားရကြောင်း မြဝတီရွာသစ်မှ ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေကြတာ ဟုတ်ပါတယ်။ အခု ၁၁ နာရီလောက်ကနေ စဖြစ်နေတာပါ။ ဘယ်အဖွဲ့နဲ့ ဖြစ်ကြတယ်ဆိုတာကိုတော့ အတိအကျမသိရဘူး။ စိုးရိမ်လို့ မိန်းမတွေနဲ့ ကလေးတွေကို စာသင်ကျောင်းမှာ စုထားရတယ်” ဟု ထိုသူက ဆို သည်။

မြဝတီရွာဟောင်းအနီး တောတွင်းတစ်နေရာမှ လက်နက်ကြီးလက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံများကို ကြားနေရသည်ဟု ၂ မိုင်ခန့်အကွာရှိ ခုံတိုင်ကျေးရွာမှ ရွာလူကြီးတစ်ဦးကလည်း အတည်ပြုသည်။

အဆိုပါနှစ်နေရာသည် တစ်မိုင်ပတ်ဝန်းကျင်ခန့်သာ ကွာဝေးပြီး AA က အခြေစိုက်နယ်မြေစိုးမိုးထားသော ဒေသများဖြစ်သည်။

မောင်တောမြောက်ပိုင်းတွင် ယနေ့ ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် AA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အလားတူ ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း ရသေ့တောင်မြို့ကပ်လျက်ရှိ ပြားချောင်းကြီးကျေးရွာတံတားအနီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီ ခြေမြန်တပ်မ ၂၂ ဝင်ရောက်စစ်ဆေးပြီး ပြန်ထွက်သွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ဒီမနက်ပိုင်းက စစ်ကြောင်းတစ်ခုက ပြားချောင်းကြီးတံတားအနီးကို ရောက်နေတယ်။ အဲဒီမှာ နှစ်ဖက်တင်းမာမှုတွေ ဖြစ်နေကြတယ်။ ပစ်ခတ်မှုဖြစ်တာတော့ မရှိသေးဘူး” ဟု ရသေ့တောင်မြို့ခံက ယနေ့ မွန်းတည့်ချိန်က ပြောသည်။

ယနေ့ တိုက်ပွဲကြောင့် မောင်တောမြောက်ပိုင်းသို့ ပြေးဆွဲသည့် လိုင်းကားများ ပြေးဆွဲမှု ယာယီရပ်နားထားကြောင်း စုံစမ်းသိရသည်။

ယမန်နှစ် ဒီဇင်ဘာမှစ၍ မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီတပ်က နယ်မြေကျော်ဝင်ရောက်လာမှုများကြောင့် ဒေသအခြေစိုက် AA နှင့် ထိတွေ့တိုက်ပွဲများဖြစ်နေပြီး ဒေသတွင်းအခြေအနေ တင်းမာနေသည်။

ပြီးခဲ့သည့် မေလအတွင်းက ရခိုင်နှင့်နယ်မြေ ထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

မကြာသေးမီကလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းရှိ AA စခန်းတစ်ခု လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံထားရပြီး တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ရသလို လတ်တလောတွင် ရခိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ AA/ULA အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဝင်များကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေ ဖမ်းဆီးနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button