
Kaung for You အွန်လိုင်းကျောင်းနှင့် ဆက်စပ်နေသည်ဟုဆိုသော ဆရာ၊ ဆရာမ ၁၀ ဦးထက်မနည်း ယမန်နေ့ (ဇူလိုင် ၁၄) က ဖမ်းဆီးခံရသည်ဟု သိရသည်။
၎င်းတို့သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေကြသူများလည်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ကလောမြို့နယ် ဟဲဟိုးမြို့မှ ၄ ဦး၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်မှ ၁ ဦး၊ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှ ၅ ဦး ဖြစ်ကြောင်း သိရသည်။
ဟဲဟိုး အမှတ် (၅) ရပ်ကွက်မှ ဒေါ်ချောစုလင်း၊ အမှတ် (၄) ရပ်ကွက်မှ ဒေါ်ဇာဇာမိုး၊ အမှတ် (၁) ရပ်ကွက်မှ ဒေါ်နန္ဒာလှိုင်နှင့် ဒေါ်အေးမာဌေးတို့ကို စစ်ကောင်စီတပ်က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဟဲဟိုးမြို့တွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“Kaung for You မှာ စာသင်နေတဲ့ CDM ဆရာမ ၄ ဦး အဖမ်းခံရပါတယ်။ ကလောက အဖမ်းခံရတဲ့ ဆရာမနဲ့ ဆက်စပ်ပြီး လိုက်တာလို့ သိရတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
မိတ္ထီလာမြို့နယ်မှ CDM ဆရာမှာ Kaung for You ကျောင်း၌ အတန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်ဟု သိရကြောင်း မန္တလေးဖက်ဒရယ်ကျောင်း၊ စီမံဌာနမှ အမည်မဖော်လိုသည့် ဆရာတစ်ဦးက အတည်ပြုသည်။
“မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ။ သူ့ဆီမှာ အတန်းမှူးဖြစ်တဲ့အတွက် ဆရာဆရာမတွေရဲ့ အချက်အလက်တွေနဲ့ ကျောင်းသားတွေရဲ့ အချက်အလက်တွေ ပါသွားတယ်လို့ သိရတယ်။ လက်ပ်တော့လည်း ယူသွားတယ်။ အဲဒီအတွက် ဆရာမတွေနဲ့ ကျောင်းသားတွေကို ရှောင်ခိုင်းထားပါတယ်” ဟု သူက ဆိုသည်။
မြိတ်မြို့နယ်မှ ၅ ဦး ဖမ်းဆီးခံရချိန်မှာ ည ၁၁ နာရီခွဲခန့်တွင် ဖြစ်သည်ဟု အမည်မဖော်လိုသူ မြိတ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မတရားအသင်းနဲ့ ပတ်သက်လို့ လာဖမ်းတာ၊ နေပြည်တော်ကို အမှုတွဲတင်ပြီး၊ တရားစွဲမယ်ပြောပြီး ခေါ်သွားတယ်။ စစ်ကား ၃ စီးနဲ့ ၁၀ ယောက်ကျော် လာဖမ်းသွားတယ်။ အုပ်ချုပ်ရေးမှူးက (အိမ်) လိုက်ပြတယ်” ဟု သူက ဆိုသည်။
ဖမ်းဆီးခံရသည့် ဆရာဆရာမများ၏ ဖုန်း၊ လက်ပ်တော့ အစရှိသည့် ပစ္စည်းများကို စစ်ကောင်စီတပ်က သိမ်းဆည်းသည်ဟု သိရကြောင်း၊ Kaung for You ကျောင်းနှင့် ဆက်စပ်၍ ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ကာယကံရှင်များ၏ ဆွေမျိုးနီးစပ်တော်သူများက ပြောကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
ထို ၅ ဦးတွင် မြိတ်နည်းပညာတက္ကသိုလ်မှ ဒေါ်အိအိဖြိုး၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ဦးအာကာမောင်ဆိုသူတို့ ပါဝင်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် မြိတ်ကွန်ပျူတာတက္ကသိုလ်မှ မော်ကွန်းထိန်း ဒေါ်သီသီဆွေ၊ မြိတ်မြို့ အ.ထ.က (၁) ကျောင်းမှ ကျောင်းဆရာမတစ်ဦးတို့လည်း ပါဝင်သည်ဟု DVB သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။
ခြိမ်းခြောက်မှု
ယခင်လအတွင်းက ကျောင်းအချက်အလက်များ ပေါက်ကြားခဲ့သည့် အထက်ပါကျောင်းတွင် စာသင်ပေးနေသော မကွေးတိုင်းမှ ၅ ဦး၊ မန္တလေးတိုင်း မြစ်သားမှ ၄ ဦး၊ ရှမ်းပြည်တောင်ပိုင်း ကလောမှ ၁ ဦး၊ ကချင်ပြည်နယ် မိုးညှင်းမှ ၅ ဦးတို့ ဇူလိုင် ၁၃ ရက်က အဖမ်းခံရသည်။
ကျောင်းသားတချို့နှင့် အခြားဖက်ဒရယ်ကျောင်းများမှ ဆရာ၊ ဆရာမတချို့လည်း စာပို့ ခြိမ်းခြောက်ခံရသည်ဟု သိရသည်။
မန္တလေးတိုင်းမှ ချမ်းမြသာစည်ဖက်ဒရယ်ကျောင်းတွင် စာသင်နေသည့် CDM ဆရာတစ်ဦးထံ ကျောင်းပိတ်ရန် စာပို့ ခြိမ်းခြောက်ခံရသည်ဟု မန္တလေးဖက်ဒရယ်ကျောင်း၊ စီမံဌာနမှ အမည်မဖော်လိုသည့် ဆရာက ဆိုသည်။
“စာသင်နေတဲ့အချိန်မှာ ဆရာတစ်ယောက်ရဲ့ Signal မှာ ဒုတိယကောင်းဖော်ယူလို ဖြစ်ချင်တာလားဆိုပြီး ပိတ်ခိုင်းတယ်။ ဆရာမတစ်ယောက်ကို နမူနာဖမ်းပြရမလားလို့ ပို့လာတယ်” ဟု ၎င်းက ပြောသည်။
CDM ဆရာ၊ ဆရာမများ ကိုယ်ထူကိုယ်ထဆောင်ရွက်နေသည့် ကျောင်းသား ၆၀၀ ဝန်းကျင် တက်ရောက်နေသည့် ကျောင်းမှာ လူမှုကွန်ရက်စာမျက်နှာ (Page) ဖွင့်လှစ်ထားသည့် ကျောင်းလည်း မဟုတ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ယင်းကဲ့သို့ Kaung for You ကျောင်း၏ အချက်အလက်ပေါက်ကြားမှုမှတစ်ဆင့် CDM ဆရာ၊ ဆရာမများ နိုင်ငံအနှံ့ ဖမ်းဆီးခံနေမှုသည် အခြားသော ကြားကာလပညာသင်ကြားရေးအတွက် ဖွင့်လှစ်ထားသော ဖက်ဒရယ်ကျောင်းများသို့ ရိုက်ခတ်မှုကြီးနေသည်။
“ကျွန်တော်တို့ အထက်တန်းဆင့်မှာလည်း ဆရာမတွေ စိုးရိမ်ပြီး ခဏထွက်သွားတာမျိုးရှိတယ်။ အတန်းမဝင်နိုင်ဘူး။ လုံခြုံရေးအရ ခဏနားပါရစေဆိုပြီး။ နောက် မူလတန်းနဲ့ အလယ်တန်းဆင့်တွေမှာလည်း ရှိနေတယ်” ဟု မန္တလေးမှ အထက်ပါဆရာက ဆက်ပြောသည်။
Kaung for You ကျောင်းတွင် တက်ရောက်နေခြင်းမရှိသော်လည်း ယခင်က ကျောင်းအပ်ခဲ့ဖူးသည့် ကျောင်းသားများထံ ခြိမ်းခြောက်စာများ ဇူလိုင် ၅ တွင် ဒုတိယအကြိမ်ပေးပို့ခံခဲ့ရကြောင်း ယင်းစာရရှိခဲ့သည့် ကာယကံရှင် ကျောင်းသား ၃ ဦးက Myanmar Now ကို အသီးသီးပြောသည်။
ကျောင်းအပ်စဉ်က ဝင်ခွင့်လျှောက်လွှာတွင် ဖြည့်ခဲ့သော အမည်၊ အဘအမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်တို့နှင့်တကွ ထိုအချက်အလက်များ မပေါက်ကြားလိုပါက ငွေလွှဲပေးရန် စာတွင် ဖော်ပြထားသည်။ ထိုစာမျိုးကို ပြီးခဲ့သည့် ဇွန် ၂၁ က တစ်ကြိမ်ရခဲ့ဖူးပြီး ယခု ဇူလိုင် ၅ တွင် ဒုတိယအကြိမ် ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။
“အချက်အလက်အပြည့်အစုံနဲ့ဆိုတော့ သမီးလည်း ကြောက်တာပေါ့။ သူတို့ပို့ခဲ့တဲ့ (ဖုန်း) ဆင်းကတ် အခုတော့ ဖြုတ်လိုက်ပါပြီ၊ မသုံးတော့ဘူး” ဟု ဖက်ဒရယ်ကျောင်းတစ်ခုတွင် နဝမတန်းတက်ရောက်နေသူ အမည်မဖော်လိုသည့် ကျောင်းသူတစ်ဦးက ပြောသည်။
၎င်းတို့သည် ဇူလိုင် ၅ ၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အဆိုပါ ငွေညှစ်ခြိမ်းခြောက်စာများ တစ်ပြိုင်တည်းရခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် အခြားသော ဖက်ဒရယ်ကျောင်းများတွင် တက်ရောက်သော ကျောင်းသားများကိုလည်း Kaung for You ကျောင်းတွင် အပ်ဖူးပါက ဖုန်းနံပါတ်များ လဲခိုင်းနေသည်ဟု မန္တလေးဖက်ဒရယ်ကျောင်း၊ စီမံဌာနမှ ဆရာက ဆိုသည်။
“ကျောင်းသားအများစုက Kaung for You မှာ အပ်ဖူးပြီးသားချည်းဖြစ်နေတော့ ဖုန်းနံပါတ်တွေ အကုန်ချိန်းခိုင်းရတယ်။ မန္တလေးက ကျောင်းသားအများစုကို မက်ဆေ့ပို့ ခြိမ်းခြောက်တယ်လို့ သိရတယ်“ ဟု ၎င်းက ဆိုသည်။
“အချက်အလက်တွေအားလုံးက ပြန့်သွားပြီဖြစ်တဲ့အတွက် တိုင်းပြည်နယ်အလိုက်ခွဲပြီးတော့ CDM တွေအပေါ်မှာ လိုက်ဖမ်းတာတွေ လုပ်နေတယ်။ ပညာရေးမှာ အားနည်းချက်တွေ့သွားတဲ့အတွက် ပညာရေးကို မဲတော့မှာလို့ ထင်တယ်”
ပြီးခဲ့သည့် ဇွန်လအတွင်း Kaung for You ကျောင်းတက်နေသည့် ကျောင်းသားကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားကာ ကျောင်းသားမိဘများထံ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ကျောင်းဘက်မှ ပြန်လည်ဖြေရှင်းချက်ထုတ်ပြီး ၅ ရက်အကြာ ကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုး အဖမ်းခံရသည်ဟု ဇူလိုင် ၁၃ နံနက် ၆ နာရီတွင် ကျောင်း Facebook စာမျက်နှာတွင် ထုတ်ပြန်သည်။ ထို့သို့ရေးသားပြီး တစ်နာရီခန့်အကြာတွင် ပြန်ဖျက်သွားသည်။
ထို့နောက် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ ထိုကျောင်းတွင် စာသင်နေသည့် CDM ဆရာ ၁၆ ဦး ဆက်တိုက်အဖမ်းခံခဲ့ရပြီး ကျောင်းကို ယာယီပိတ်လိုက်သည်။
စစ်ကောင်စီ စီမံသည့် ပညာရေးစနစ်ကို လက်မခံသူများအကြား Kaung for You Federal Private School က ရေပန်းစားခဲ့ပြီး လက်ခံသင်ကြားပေးနေသည့် ကျောင်းသားအရေအတွက် ၃၀,၀၀၀ အထိရှိကာ ဝင်ခွင့်မရသူများ အများအပြားရှိနေဆဲဖြစ်ကြောင်း သိရသည်။
ခြိမ်းခြောက်ငွေတောင်းယူသူများ လက်ထဲတွင် အချက်အလက်မည်မျှရှိနေသည်ကို မသိရသလို ထိုသူများ စစ်ကောင်စီနှင့် မည်သို့ဆက်နွှယ်မှုရှိသည်ကိုလည်း မသိရသေးပေ။
အွန်လိုင်းကျောင်းနှင့် ဆက်စပ်နေသူများထဲမှ တချို့ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းဗိုလ်ချုပ်ကြီးများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)