ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၁၄ ) ညပိုင်းက လူငယ်အများအပြား ဖမ်းဆီးခံရပြီးနောက် ယနေ့ နံနက်က စစ်ကောင်စီသတင်းပေးဟု အမည်ထွက်သည့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရသည်။
နံနက် ၇ နာရီခန့်က သမိုင်းလမ်းဆုံ City Mart အနီး ဦးအောင်ပွင့်လမ်းပေါ်တွင် ဘုရင့်နောင်(၂) ရပ်ကွက် ရာအိမ်မှူး ဦးခင်မောင်လတ် နဖူး၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်။
ပစ်သတ်ခံရသူမှာ စစ်တပ်အလိုတော်ရိဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညက (လူငယ်တွေ) လာဖမ်းတာက ရပ်ကွက်ရုံးက လူတွေနဲ့ပဲ လာဖမ်းတာဆိုတော့ အဲဒီလူလည်း ပါကောင်းပါနိုင်တယ်။ သူက ရပ်ကွက်ထဲမှာ နည်းနည်း အာကျယ်တယ်။ သတင်းပေးတာဘာညာနဲ့ ဒလန်အနေနဲ့ နာမည်ထွက်တယ်လို့တော့ ပြောသံကြားတယ်” ဟု ထိုရပ်ကွက်နေ အသက် ၂၀ အရွယ် လူငယ်တစ်ဦးက ပြောသည်။
ပစ်ခတ်ခံရသူ၏ ရုပ်အလောင်းကို မင်္ဂလာဒုံ ခုတင်တစ်ထောင်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း မရမ်းကုန်းမြို့နယ်ရှိ လူမှုကူညီရေးပရဟိတအသင်းတစ်ခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
ပစ်သတ်ခံရသူ ဦးခင်မောင်လတ်သည် စစ်ကောင်စီပြန်လည်ဖွဲ့စည်းထားသည့် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သလို ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်း၊ စစ်ကောင်စီကို သတင်းပေးခြင်းတို့ကြောင့် ၎င်းတို့ကို မကျေနပ်သူ များပြားသည်ဟု အခြားအမျိုးသားတစ်ဦးက ပြောသည်။
“အခုသေတဲ့လူက ၂ ရပ်ကွက်ရုံးက စာရေးမရဲ့ယောက်ျား။ သူတို့က ရပ်ကွက်ထဲ ဒလန်လုပ်နေတာ။ ရုံးလည်း ထိုင်တယ်။ သူတို့က ရပ်ကွက်ထဲ သတင်းပေးတာ၊ ဟောက်စားလုပ်နေတာ ကြာပြီ။ ရပ်ကွက်ကလည်း အစောတည်းက ဒီကောင်တွေကို မကျေနပ်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုလူက ဆိုသည်။
အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပေါ်တော်မူဘုရားဝင်းအတွင်းရှိပြီး ရန်ကုန်ဆန္ဒပြပွဲများကို ဖြိုခွင်းချိန်က စစ်ကောင်စီတပ်များ အထိုင်ချရာနေရာလည်းဖြစ်သည်ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။
ယမန်နေ့ည ၁၁ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်က အမှတ် ၂ ရပ်ကွက်၊ အောင်မေတ္တာ ၅ လမ်းရှိ အထပ်မြင့်တိုက် ၃ တိုက်ထက်မနည်းကို ဝင်ရောက်စီးနင်းပြီး အများအပြားကို ဖမ်းဆီးသွားသည်ဟု ထိုရပ်ကွက်နေ အသက် ၂၀ အရွယ် လူငယ်ထံမှ သိရသည်။
“ဧည့်စာရင်းစစ်မယ်ဆိုရင် အကုန်စစ်ရမယ်။ ခုဟာက သူတို့ သတင်းရထားတဲ့ အခန်းတွေကိုပဲ အဓိကထားပြီးတော့ စစ်တယ်။ အဲဒီအခန်းတွေကပဲ အကုန်လုံးဖမ်းသွားတယ်။ ပြောချင်တာက သတင်းအတိအကျရလို့ပေါ့။ အတိအကျကတော့ ၁၅ ယောက်ပါသွားတယ်” ဟု ပြောသည်။
အဆိုပါ လူငယ် ၁၅ ဦးအပြင် ထိုအဖြစ်အပျက်ကို လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားခဲ့သည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးထံ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နာရီပိုင်းအတွင်း ရောက်ရှိလာပြီး သူ့ကို ရိုက်နှက်ဖမ်းဆီးသွားသည်။
“ည ၁ နာရီလောက်မှာ ချက်ချင်းပြန်ရောက်လာပြီးတော့ အဲဒီ Post တင်တဲ့ အိမ်ကိုပဲ ဝင်ပြီးတော့ ဆွဲခေါ်သွားတယ်။ နောက်ဆုံးတစ်ခေါက် ဖမ်းခံရတဲ့ တစ်ယောက်ကတော့ တော်တော်ဆိုးတယ်။ ရိုက်နှက်နေတဲ့ အသံတွေ ဆူညံနေတာပဲ၊ သေနတ်ဒင်နဲ့ ထုတာတို့ပေါ့” ဟု ၎င်းက ဆက်ပြောသည်။
လတ်တလောတွင် ဖမ်းဆီးခံထားရသူများ၏ အမည်နှင့် အသက်အရွယ်များကို အတိအကျ မသိရသေးပေ။
အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာလည်း မကြာခဏ ချောင်းမြောင်းလုပ်ကြံခံရ၍ ယခုအခါ ရုံးပိတ်ကာ ရှောင်တိမ်းနေပြီဖြစ်သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။
စစ်ကောင်စီတပ်သားတို့ ညအချိန်မတော် စီးနင်းဖမ်းဆီးမှုများတွင် ၎င်းတို့ကိုထောက်ခံသူ မြို့နယ်နှင့် ရပ်ကွက်ချုပ်ရေးမှူးများ၊ အမျိုးသားရေးအစွန်းရောက်သတင်းပေးများ၏ အကူအညီကို ရယူလေ့ရှိသည်။
ထိုသို့ သတင်းပေးကူညီသူများကို စစ်ကောင်စီနှင့် ဆက်လက် မပတ်သက်ရန် မြို့ပြပြောက်ကျားအဖွဲ့ဝင်များက သတိပေးထားပြီး လိုက်နာမှုမရှိပါက ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လက မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံခဲ့ရသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီနှင့် ဆက်စပ်သူ ၉ ဦး သတ်ဖြတ်ခံခဲ့ရသည်။
၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သူများ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မှု မပေးနိုင်သေးကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖြေကြားထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)