
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ၄ နာရီကျော်သာ ခရီးဝေးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်တပ်ပစ်မှတ်များကို ယမန်နေ့ (ဇူလိုင် ၁၄) ည ၁၁ နာရီခန့်က ဒေသကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့ပေါင်း၍ တိုက်ခိုက်သည်။
ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ပိန္နဲကုန်းနှင့် မခေခမ်းရွာများတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးစက်ရှိရာ နေရာနှင့် ရိက္ခာဂိုဒေါင်ကို RPG (ပခုံးထမ်းလောင်ချာ) ပါသုံး၍ ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုတိုက်ပွဲနှစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ ဖယ်ခုံ၊ အင်းလေး၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
အနီးရှိ တောင်ကုန်းများပေါ်တွင် အခြေစိုက်ထားသည့် စခန်းများကို ရိက္ခာပို့ပေးနေသည့် မခေခမ်းရွာရှိ ဂိုဒေါင်ကို တိုက်ခိုက်မှုမှာ နာရီဝက် ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ အသေအပျောက်ရှိသည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ဆိုသည်။
“ထိခိုက်မှုတော့ ညဘက်ဖြစ်တဲ့အတွက် တိတိကျကျ မသိနိုင်ဘူး။ အဖွဲ့ပေါင်းစုံဆိုတော့လေ။ တခြားအဖွဲ့တွေကတော့ (စစ်ကောင်စီဘက်က) ၁၀ ယောက်လောက် အနည်းဆုံး ထိတယ်ပြောတယ်” ဟု ၎င်းက ခန့်မှန်းသည်။
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ထိုတိုက်ပွဲများတွင် စစ်ကောင်စီ ၁၁ ဦး သေဆုံးကြောင်း၊ စစ်ကောင်စီဘက်က လက်နက်ကြီးသုံး၍ ခုခံခဲ့သော်လည်း PDF များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထိုနေ့ နံနက်ပိုင်းက ဖယ်ခုံအင်းအရှေ့ဘက်ကမ်း လွယ်ပေါရွာ ဘုရားတောင်ပေါ်ရှိ စစ်ကောင်စီစခန်းသို့ တက်ရောက်ရှာဖွေရာတွင် စစ်သားများမရှိဘဲ စစ်ဝတ်စုံဝတ်ပေးထားသည့် စာခြောက်ရုပ်များသာ တွေ့ရကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ဆိုသည်။
“ခါတိုင်းက အဲဒီဘုရားတောင်ပေါ်မှာ သူတို့တွေ ကင်းတွေရှိတယ်လေ။ စလာတုန်းကတော့ အများကြီးပဲ စစ်ကြောင်းတွေထိုးတက်လာတာ။ နောက်ကျတော့ အယောင်ပြတွေပြပြီး လူမလောက်လို့ အဲဒီလိုဖျောက်တယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ တပ်စွဲခဲ့သည့် လွယ်ပေါရွာတွင် လူနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြာကျနေပြီး စစ်သားများက ဒေသခံ နေအိမ်နှင့် ဈေးဆိုင်များကို ဖောက်ထွင်းကာ နေထိုင်စားသောက်ခဲ့သည့် အထောက်အထားများတွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“ဆိုင်ခန်းတွေ ဝင်မွှေတယ်၊ ပြောင်းဂိုဒေါင်တွေလည်း ဖောက်တယ်၊ အိမ်တွေမှာရှိတဲ့ ပြောင်းမျိုးစေ့တွေ အရင်ရက်တွေတုန်းက ကားတွေနဲ့ တိုက် (သယ်) တယ်ဆိုတာ အဲလိုမျိုး ဂိုဒေါင်တွေလိုက်ဖောက်တာဗျ” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ဆိုသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍ မရသေးပေ။

မေ ၁၂ တွင် ညောင်ရွှေမြို့နယ် ထီရီးကျေးရွာရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ဖယ်ခုံအင်းအရှေ့ဘက်တစ်ကြောတွင် စစ်တပ်က စခန်းချ၍ စစ်ရေးလှုပ်ရှားနေသည်မှာ နှစ်လကျော်ကြာမြင့်ပြီဖြစ်သည်။
ဇူလိုင် ၁၃ ရက်ကပင် ဆောင်နန်းခဲကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကယား (ကရင်နီ) ပြည်နယ်နှင့် ဆက်လျက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲမြို့နယ်များအတွင်း PDF အဖွဲ့ များက စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အန်တုနေသည်။
ဖယ်ခုံမြို့နှင့် နာရီဝက်ပင် ခရီးမဝေးသည့် မိုးဗြဲမြို့နယ်အတွင်း ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီက အင်အားတိုးချ၍ နေပြည်တော်သို့ ကားလမ်းဝင်ပေါက်ရှိသည့် ဖယ်ခုံ-မိုးဗြဲ- ဒီးမော့ဆို လမ်းပိုင်းကို ထိန်းချုပ်ထားသည်။
