နယ်မြို့ကြီးများတွင် ပေါ်ပေါက်လာသော သတင်းဌာနတို့သည် ရန်ကုန်၊ နေပြည်တော်တို့တွင် ရှိနှင့်ပြီးသော သတင်းဌာနကြီးများထက် အစစ အရာရာ နောက်ကျနေသည်ဟု အများအပြားက ယူဆကြသည်။
မကြာသေးမီက ထွက်ပေါ်လာသော သုတေသနစာတမ်းတစ်စောင်တွင်မူ ထိုအယူအဆ အမြဲ မမှန်နိုင်ကြောင်း ထောက်ပြထားသည်။
နယ်မြို့ကြီးများတွင် အခြေစိုက်သော သတင်းဌာနတို့ကို ဒေသတွင်း သတင်းပရိသတ်က ပိုမို အားကိုးကြသည်ဟု IMS-Fojo Myanmar အဖွဲ့ နှင့် ပညာ အလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်းတို့ ပြုစုထားပြီး စက်တင်ဘာ ၁၄ တွင် ထွက်ပေါ်လာသော စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
“နယ်ခံသတင်းဌာနများမှ ထုတ်ပြန်သော ဒေသတွင်းသတင်းများကို ရန်ကုန်အခြေစိုက်မီဒီယာများမှ ထုတ်ပြန်သည့် သတင်းများထက် ဒေသခံ လူထုအကြား ပိုမို ယုံကြည် စိတ်ချမှု ရရှိသည်ကို တွေ့ရသည်” ဟု ထိုစာတမ်းက ဆိုသည်။
အထူးသဖြင့် ဒေသဆိုင်ရာ သတင်းများကို ဒေသတွင်းမီဒီယာတို့က ပိုမို တင်ဆက်နိုင်ခြင်းမှာ အားသာချက်ဖြစ်သည်ဟု အများအပြားက မှတ်ချက်ပေးကြသည်။
မီဒီယာ အသုံးပြုမှု၊ သတင်းစီးဆင်းပုံကို နားလည်သိမြင်မှုတို့ကို လေ့လာသည့် ထိုစာတမ်းကို ရခိုင်၊ ကချင်၊ ရန်ကုန်၊ မန္တလေး စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၄ ခုတွင် နေထိုင်သူ ၁၆၈ ဦးကို ယခုနှစ် နှစ်လယ်ပိုင်းက တွေ့ဆုံမေးမြန်း ပြီး ပြုစုခဲ့သည်ဟု သိရသည်။
ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်သည် သတင်းပေးပို့ရာတွင် ကောင်းမွန်သော၊ မျှတစွာ တင်ပြသော မီဒီယာအဖြစ် သတ်မှတ်ခံရသည်ဟု အဆိုပါ သုတေသနစာတမ်းက ဆိုသည်။
စာတမ်းပူးတွဲပြုစုသည့်အဖွဲ့ဖြစ်သော ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်းမှ မန်နေဂျာတစ်ဦးဖြစ်သူ မအေးလဲ့ထွန်းက ပြည်နယ်အခြေစိုက်မီဒီယာများမှာ ဖိအားပိုမိုခံရသည်ကို တွေ့ရှိရကြောင်း ပြောသည်။
ပရိသတ်က အသိအမှတ်ပြုပြီး ယုံကြည်မှု မြင့်တက်လာစေသည့်အရာမှာ ဖြစ်ရပ် ဖြစ်ပွားရာ နေရာနှင့် အနီးကပ် ထိတွေ့မှုပင် ဖြစ်သည်ဟု ၎င်းတို့၏ စာတမ်းက ဆိုသည်။
သတင်းသမားက စာဖတ်သူကြားတွင် ရှိနေသကဲ့သို့ စာဖတ်သူတချို့ကလည်း သတင်းတချို့တွင် အချက်အလက် ပြည့်စုံမှု မရှိခြင်း၊ အနည်းငယ် လွဲမှားခြင်းဖြစ်ရပ်တချို့အတွက် ဂျာနယ်ရုံးသို့ တစ်ခါတစ်ရံ ရောက်လာပြီး ဝေဖန်ကြသည်ဟု မြစ်ကြီးနားသတင်းဂျာနယ် အယ်ဒီတာချုပ် မဆိုင်းမိုင်က ပြောသည်။
ထိလွယ်၊ ရှလွယ်သည့် သတင်းများ တင်ဆက်ရာတွင် တိုင်းရင်းသားဒေသ သတင်းဌာနများသည် ရန်ကုန်အခြေစိုက် သတင်းဌာနများထက် ပိုမိုခက်ခဲသည့် အနေအထားတွင် ရှိနေကြောင်း၊ ကချင်ပြည်နယ်သည် လူမျိုး၊ ဘာသာ မတူကွဲပြားမှု သိသိသာသာ တည်ရှိသည့် ဒေသဖြစ်သောကြောင့် သတင်းပရိသတ်၏ အကဲဆတ်မှုကို အလွယ်တကူ သိမြင်နိုင်ကြောင်း မဆိုင်းမိုင်က ပြောသည်။
“လူမျိုးရေးပဋိပက္ခတွေ၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်သွားစေနိုင်တဲ့ ထိလွယ်ရှလွယ်တဲ့နေရာမှာ ကျွန်တော်တို့ နေနေရတယ်” ဟု မဆိုင်းမိုင်က ပြောသည်။
သတင်းစိတ်ဝင်စားသည့် ပရိသတ်များထဲတွင် အစိုးရ၊ တပ်မတော်တို့နှင့် သဘောထားချင်း မတိုက်ဆိုင်သူများလည်း ပါဝင်သည်။
“အစိုးရနဲ့ဆန့်ကျင်ရင်၊ စစ်တပ်နဲ့ ဆန့်ကျင်ရင် အားလုံးက မှန်တယ်လို့ သူတို့က တထစ်ချ ယုံကြည်ထားတဲ့ အနေအထားမှာ ကျွန်တော်တို့က မှားပါတယ်လို့ သွားပြောရင် ကျွန်တော်တို့ကို အားလုံးက ဆန့်ကျင်တယ်၊ ဒီဂျာနယ် ဝယ်မဖတ်နဲ့၊ ဒီဂျာနယ်က ငါတို့ကို ကိုယ်စားပြုတဲ့ ဂျာနယ်မဟုတ်ဘူးဆိုပြီး လုပ်ခံရတဲ့ အခြေအနေမျိုးတွေလည်း ရှိခဲ့တယ်” ဟု မဆိုင်းမိုင်က ပြောသည်။
ပဋိပက္ခဆိုင်ရာသတင်းမျိုးအတွက် လိုအပ်သည့် အချက်အလက်၊ တုံ့ပြန်ချက် ထည့်သွင်းရေးသားသည့်အခါ ဌာနဆိုင်ရာတချို့၏ ပူးပေါင်းဆောင်ရွက်မှု မရနိုင်သည့် အခက်အခဲကို မြစ်ကြီးနားဂျာနယ်တွင်လည်း တွေ့နိုင်သည်။
အချက်အလက် မပြည့်စုံသောကြောင့် ဘက်လိုက်သည့် ဂျာနယ်ဟူသော စွပ်စွဲပြောဆိုမှု တချို့ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
၂ဝ၁၄ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေသည့် မြစ်ကြီးနားသတင်းဂျာနယ်သည် ယခုအခါ တနင်္လာနေ့တိုင်း အပတ်စဉ် ထုတ်ဝေနေပြီး တိုင်းရင်းသားအရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးစသည့် သတင်းများကို ရေးသားနေ သည်။
ပြောင်းလဲနေသည့် ခေတ်နှင့် လျော်ညီစွာ အွန်လိုင်းစာမျက်နှာ ရုပ်သံသတင်းတချို့ တင်ဆက်နေသည်ကိုလည်း တွေ့ရသည်။
မြစ်ကြီးနားမြို့နည်းတူ တောင်ကြီး၊ လားရှိုး၊ မုံရွာ၊ မကွေး၊ ထားဝယ်၊ မန္တလေး၊ ဘားအံ၊ လွိုင်ကော်၊ မော်လမြိုင်၊ စစ်တွေ တို့တွင် သတင်းဌာနများ ရှိကြပြီး ချင်းပြည်နယ်တွင်လည်း သတင်းဌာန အများအပြား ရှိနေသည်။