သတင်း

စစ်သား ၃ ဦး ဘက်ပြောင်းပြီးနောက် ဒီပဲယင်းဒေသ လေကြောင်းမှ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းမှာ တပ်စွဲထားသည့်စစ်တပ်မှ စစ်သား ၃ ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံ ထွက်ပြေးကြရာ စစ်ရဟတ်ယာဉ်များက ဇူလိုင် ၁၄ နေ့လယ်တွင် ထိုဒေသတွင်းကျေးရွာများကို လာရောက်ပစ်ခတ်သဖြင့် ဒေသခံထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဇူလိုင် ၇ ရက်တွင် စစ်သား ၂ ဦး၊ ဇူလိုင် ၁၃ တွင် ၁ ဦး ခိုလှုံလာကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုထံမှ သိရသည်။ 

“ကျွန်တော်တို့ဘက်ကို ကူးပြောင်းလာတဲ့သူ ၃ ယောက်ရှိတယ်။ တစ်ယောက်က ပစ္စည်း (လက်နက်) ပါတယ်။ နှစ်ယောက်က ပစ္စည်းမပါဘူး” ဟု ကောင်းကင်အဖွဲ့ခေါင်းဆောင် ဗိုလ်ကောင်းကင်က ပြောသည်။ 

“သူတို့ ထွက်ပြေးလာတဲ့အကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခိုင်းတယ်။ ရွာထဲမှာ တွေ့တဲ့လူတွေကို ဖမ်းတယ်။ အထောက်အထားခိုင်လုံမှုမရှိဘဲ လူတွေကို သတ်ခိုင်းတယ်။ မလုပ်ချင်တဲ့အလုပ်တွေကို ဆက်တိုက်လုပ်လာရတော့ သူတို့က မနေချင်တော့တာပေါ့”

စစ်သားများ တပ်စွဲထားသည့် တနယ်ရွာဝန်းကျင်တွင် တည်ရှိသော မရကန်၊ ညောင်လှ၊ နများ၊ ယဉ်ကျေး၊ ညောင်ပင်သာရွာများကို ရဟတ်ယာဉ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

“ဒီဘက်မြေပြင်မှာက သစ်ပင်ချုံနွယ်မရှိဘူးဗျ။  ရွာတွေမှာပဲရှိတာ။  အဓိကတော့ မရကန်ကို ဝဲပြီးတော့ ပစ်တယ်လို့ သိရတယ်” ဟု ဒီပဲယင်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

အဆိုပါမူးမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများကို တရစပ်ပစ်ခတ်ခြင်း၊ ခြေလျင်စစ်သည်များ ဖြန့်ချခြင်းတို့အတွက် စစ်ရဟတ်ယာဉ်များ သုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ကြောင်း ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ထုတ်ပြန်ချက်အရ ကနဦးသိရသော်လည်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်ဆဲဖြစ်သဖြင့် ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်ပြီး မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

နေ့ခင်းတစ်နာရီခွဲခန့်မှစ၍ မိနစ်လေးဆယ်နီးပါး လေကြောင်းပစ်ခတ်မှုကို မူးမြစ်အရှေ့ကမ်းရွာများဘက်မှ အတိုင်းသားမြင်နေရကြောင်း ခင်ဦးမြို့နယ်ဒေသခံများက ပြောသည်။ 

“ရဟတ်ယာဉ် ၄ စီးလာတာ။ အရင်ဆုံး ၂ စီး (စစ်သားတွေ) ချ၊ အပေါ်က ၂ စင်းက ပစ်နေတာ။ ပစ်တာမှ ရက်ရက်စက်စက်ကို ပစ်တာ။ တဝုန်းဝုန်းနဲ့ နေတာပဲ၊ အကုန် ထွက်ပြေးနေကြ‌တော့ အခြေအနေအသေးစိတ် မသိရသေးဘူး” ဟု မူးမြစ်အရှေ့ဘက်ကမ်းမှ မူးသာရွာဒေသခံတစ်ဦးက ပြောသည်။

စစ်သားများသယ်ဆောင်လာသည့် ရဟတ်ယာဉ်များသည် နများရွာ၊ ယဉ်ရွာများအနီးတွင် ဆင်းသက်ခဲ့ကြောင်း၊ ထိုစစ်သားတို့က ရွာများကို ပစ်ခတ်နေကြောင်း သိရသည်။ 

“တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ မရကန်ပေါ်ရွာကို အလွတ်ပစ်သွားတာ။ စစ်သားချတဲ့ ရဟတ်ယာဉ်က ၂ ခေါက်တောင် ချတာ၊ ၄ စီးစာပေါ့။ ချသွားတဲ့စစ်ကြောင်းက စစ်ကြောင်းထိုးနေတာ” ဟု မူးမြစ်အရှေ့ဘက်ကမ်းမှ တာတိုင်ရွာဒေသခံတစ်ဦးက ပြောသည်။ 

ယနေ့ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုပစ်ခတ်မှုမျိုးနှင့် ပတ်သက်လျှင် သတင်းအမှောင်ချထားလေ့ရှိသည်။

ငြိမ်းချမ်းစွာဆန္ဒပြလျှင်ပင် ပစ်ခတ် သတ်ဖြတ်သဖြင့် စစ်ကောင်စီကို နိုင်ငံအနှံ့တွင် နည်းမျိုးစုံ ဆန့်ကျင်တော်လှန်နေကြသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့မှု၊ အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စသည့် ရာဇဝတ်မှု များ ဆက်တိုက်ကျူးလွန်နေသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီက မီးရှို့မှုနှင့် ပတ်သက်ပြီး ရံဖန်ရံခါ ငြင်းဆိုသော်လည်း ကျန်အမှုများနှင့် ပတ်သက်ပြီး ငြင်းဆန်လေ့မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button