စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုးရင်း စစ်တပ်က ဒေသခံနှစ်ဦးကို သတ်ဖြတ်သည့်ပြင် ကလေးနှစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ စစ်တပ်က အင်အား ၁၀၀ နီးပါးဖြင့် ပင်လည်ဘူးမြို့အနောက်ဘက်ရှိ ရွာများကို စစ်ကြောင်းထိုးနေကြောင်း၊ အသက် ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဆိုသည်။
သတ်ဖြတ်ခံရသူများမှာ ပင်လည်ဘူးအနောက်ဘက် အင်ကုန်းရွာမှ ဦးမင်းနောင်ဆိုသူနှင့် နောက်ထပ် မည်သူမည်ဝါ မသိရသေးသည့် နောက်ထပ် အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရသည်။
“အင်ကုန်းက တစ်ယောက်က ခေါင်းပိုင်းတွေက မသဲကွဲတော့ဘူး။ ခြေသလုံးမှာ ရိုက်ထားတာတွေ။ ကျည်ပေါက်တွေရော အများကြီးတွေ့တယ်။ ခေါင်းကျတော့လည်း အရိုးတွေပဲ မြင်ရတော့တာ” ဟု ပင်လည်ဘူး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အကျီစွပ်ကျယ်ရယ်၊ ဘောင်းဘီရှည်ခေါက်ထားတာရယ်ပဲ တွေ့ရတယ်။ ရွာထဲမှာပဲ တွေ့တာ။ နောက်တစ်ယောက်က ဘယ်ရွာကဆိုတာ မသိရသေးဘူး။ တောထဲမှာ ပြန်တွေ့တာ”
နယ်မြေချင်း ထိစပ်နေသော အနောက်ဘက် ဖောင်းပြင်မြို့နယ်မှ ယခုလ ၁၁ ရက်တွင် ထွက်လာသည့် စစ်တပ်က ပင်လည်ဘူးမြို့နယ်အတွင်းရှိ ပလူသာ၊ စိုင်လျားကြီး၊ ညောင်ပင်သာနှင့် စေတီဦးရွာတို့ကို ဝင်ရောက်စီးနင်းစဉ် နေအိမ်ငါးလုံးထက်မနည်း ဖျက်ဆီးခံရကြောင်းလည်း သိရသည်။
ဒေသခံ အယောက် ၃၀ ကျော် ဖမ်းဆီးသည့်အနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ယောက်အပါအဝင် ၁၀ ဦးထက်မနည်းကို ပင်လည်ဘူးမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း အထက်ပါ PDF တာဝန်ခံက ဆိုသည်။
စစ်သားများက PDF ဝတ်စုံများ ဝတ်ဆင်လာကြောင်း၊ စစ်ကောင်စီကို တော်လှန်သူများ သီဆိုလေ့ရှိသော သီချင်းဆိုကာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်းလည်း ထိုသူက ပြောသည်။
“အရေးကြီးပြီ ညီနောင်ဖွားတို့ သီချင်းဆိုပြီး ဝင်လာတာ။ ဝင်လာတော့ ကောက်စိုက်သမတွေက ကိုယ့်ဘက်ကလူတွေဆိုပြီးတော့မှ လက်သုံးချောင်းထောင်ပြတဲ့အခါ အဲဒီမှာ သူတို့က ဝိုင်းဖမ်းတော့တာပေါ့” ဟု ပင်လည်ဘူး PDF တာဝန်ရှိသူက ဆိုသည်။
ကျေးရွာများကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီစစ်ကြောင်းမှ အင်အားထက်ဝက်ခန့်မှာ ပင်လည်ဘူးမြို့အတွင်း ပြန်ဝင်သွားသော်လည်း ကျန်သူများမှာ အင်ကုန်းရွာတွင် ယနေ့အချိန်ထိ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းမှ ချင်းတွင်းမြစ်အထက်ပိုင်း မော်လိုက်မြို့နယ်အခြေစိုက် ခမရ ၃၃၆ တပ်မှဖြစ်ကာ ပျူစောထီး (အရပ်ဝတ်လက်နက်ကိုင်) များနှင့်အတူ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း PDF ဘက်က ဆိုသည်။
၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ရှမ်းနီအမျိုးသားများတပ်မတော်သည်သည် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်တို့တွင် လှုပ်ရှားသည်။
ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့်အတူ SNA တပ်ဖွဲ့ဝင်များ ပါဝင်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း PDF တာဝန်ခံက ပြောသည်။
သို့သော် SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ၎င်းတို့တပ်ဖွဲ့ဝင်များပါသည်ဆိုသော စွပ်စွဲချက်ကို ငြင်းဆိုထားသည်။
“ကျွန်တော်တို့ကတော့ စစ်ကောင်စီနဲ့အတူ သွားလာလှုပ်ရှားဖို့ ဆိုတာမျိုးကတော့ မဖြစ်နိုင်ဘူး”
အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကြာသည့်တိုင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများတွင်ပါ လက်နက်ကိုင် ခုခံတော်လှန်မှုနှင့်အတူ နေ့စဉ်ရက်ဆိုက် တိုက်ပွဲများဖြစ်နေသည်။
ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့နယ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေး အစောဆုံးစတင်ခဲ့ရာ မြို့နယ်တစ်ခုဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)