
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ယနေ့ (ဇူလိုင် ၁၃) က ပြောက်ကျားတိုက်ခိုက်ခံရသဖြင့် ၅ ဦးသေဆုံးကြောင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
အင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲနှင့် တောင်ပို့ကွဲရွာကြားရှိ ထိုစခန်းကို မွန်းတည့်ချိန်တွင် ၄၅ မိနစ်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ပြောသည်။
စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သော်လည်း PDF ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက တက်လာလိုက်တာ။ ခုချိန်ထိ စခန်းပေါ်ကနေပြီးတော့ သူတို့ ပြန်မဆင်းတော့ဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
မေ ၁၂ တွင် ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ မြို့နယ်သုံးခုဆုံရာ၌ရှိသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းထားသည့် ထီရီးစခန်း တိုက်ခိုက်ခံရပြီး စစ်တပ်က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းတစ်ကြော စစ်ကြောင်းထိုးကာ စခန်းချထားခြင်းဖြစ်သည်။
ထိုစဉ်က စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးပြီး ၅ ဦး အဖမ်းခံရသည်။
တောင်ဘက်စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် ဆောင်နန်းခဲကျေးရွာကို မေလ ၁၆ ရက်၊ နန်းပေါ်လုံရွာကို မေလ ၂၁ နှင့် ဇွန်လ ၂၁၊ မခေခမ်းရွာကို မေလ ၂၆ ရက်နေ့၊ လဟယ်ရွာကို ဇွန်လ ၃ ရက်နေ့တို့တွင် မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နိုင်ငံအနှံ့တွင် စစ်သားများက အရပ်သားတို့၏နေအိမ်များကို ဖျက်ဆီး မီးရှို့နေသော်လည်း စစ်ကောင်စီကမူ ၎င်း၏တပ်သားများ မီးမရှို့ဟု ရံဖန်ရံခါ တုံ့ပြန်ပြောဆိုတတ်သည်။
ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်နှင့် ဆက်တိုက်မည်ဟု ဆိုသည်။
“ကျွန်တော်တို့ဘက်မှာတော့ ထိခိုက်တာ နည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့ သာရင်ချမယ်။ ပြေးသင့်ရင်လည်း ပြေးမယ်။ ဆုတ်သင့်ရင်လည်း ဆုတ်မယ်ပေါ့ အဲဒီသဘောပဲပေါ့” ဟု သူက ပြောသည်။
ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ တောင်ကုန်းများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း လူနေအိမ်များကို ဝင်ရောက်မွှေနှောက်လျက်ရှိပြီး လူရိပ်တွေ့လျှင် တောင်ကုန်းပေါ်မှ ပစ်ခတ်သောကြောင့် ရွာခံများ အိမ်ပြန်မလာရဲသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ မခေမ်း၊ ပိန္နဲကုန်း၊ နန်းဆွတ်၊ လဟယ်၊ မခေခမ်းရွာတို့မှ ဒေသခံ ထောင်နှင့်ချီ အိမ်မပြန်နိုင်သေးဘဲ စိုက်ပျိုးရေးလုပ်ငန်းများလည်း မလုပ်နိုင်သေးကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် ထီရီးကျေးရွာမြောက်ဘက် စာသင်ကျောင်းရှိ ထီရီးစခန်း တိုက်ခိုက်ခံရပြီး နှစ်လအကြာတွင် စစ်ကောင်စီက စခန်းပြောင်းရွှေ့ရန် စီစဉ်နေပြီး စခန်းဆောက်ရာတွင် အသုံးပြုရန် PNO က တစ်ရွာလျှင် ဝါးလုံး ၁၀၀ စီ အတင်းအဓမ္မတောင်းယူနေကြောင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
“စောစောက ရွာဦးမှာပေါ့နော်၊ အခုက ရွာရဲ့ နောက်ကျောနားလေးမှာ ဆောက်မဲ့ အနေအထားမျိုး ပြင်ဆင်နေတယ်ပေါ့နော်။ တကယ်လို့ စခန်းလာသိမ်းရင်လည်းပဲ ရွာသားတွေ ရှေ့က ခံထားတော့ သူတို့ ပိုပြီး အနာသက်သာအောင်ဆိုတဲ့သဘောမျိုးပေါ့” ဟု ထိုရွာသားက ဆိုသည်။
ဝါးလုံးများကို နန်းတုတ်ရွာအပါအဝင် ရွာ ၁၀ ရွာတွင် ကောက်ခံနေပြီး မည်သည့်အချိန်တွင် စခန်းဆောက်လုပ်မည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။
ဇူလိုင်လ ၄ ရက်ကလည်း ဖယ်ခုံမြို့နှင့် သုံးမိုင်ခန့်အကွာရှိ စစ်တပ်စခန်းကုန်းနှစ်ခုကို ကရင်နီပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ၉ ဦး၊ ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင် ၁ ဦး၊ မိုးဗြဲ PDF မှ ၁ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီဘက်က ၄၀ ခန့် သေဆုံးကြောင်း KNDF က ဇူလိုင် ၆ ၌ သတင်းထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)