သတင်း

ပလက်ဝမြို့နယ်က ဒေသခံ ၆ ဦးကို ဖမ်းထားကြောင်း AA ပြော

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇွန်လအတွင်းက ဒေသခံ ၁၅ ဦးထက်မနည်းကို ဖမ်းထားသည်ဟု စွပ်စွဲခံနေရသော်လည်း ဖမ်းချုပ်ထားသည့် အရေအတွက်မှာ ၆ ဦးသာ ရှိသည်ဟု ယနေ့ (ဇူလိုင် ၁၃) တွင် ပြောသည်။

ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး (IKACC) ၏ ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်ကို AA ပြောခွင့်ရ ဦးခိုင်သုခက ထိုသို့ တုံ့ပြန်ခြင်း ဖြစ်သည်။ 

“IKACC ရဲ့ ထုတ်ပြန်ချက်ထဲမှာပါသလိုမျိုး ချင်းလူမျိုး ၁၅ ဦးကို ကျွန်တော်တို့ ထိန်းသိမ်းထားတယ်ဆိုတာတော့ မဟုတ်ဘူးဗျ။ ပလက်ဝမြို့နယ်ထဲမှာ ကျွန်တော်တို့ ထိန်းသိမ်းထားတာ ၆ ယောက်တော့ ရှိတယ်။ အဲဒီ ၆ ယောက်ကလည်း ချင်းလူမျိုးဖြစ်လို့ အဲလိုမျိုး ထိန်းသိမ်းထားတာမျိုး မဟုတ်ဘူး” ဟု ဦးခိုင်သုခက Myanmar Now ကို ပြောသည်။ 

ဒေသတွင်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရာ၌ မလိုလားအပ်သော နားလည်မှုလွဲမှားခြင်းမျိုး ထပ်မံပေါ်ပေါက်လာနိုင်သဖြင့် ထိန်းသိမ်းထားသည့် ပြည်သူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် IKACC ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

“၎င်းတို့ လေ့လာသိရှိချက်အရ ဖမ်းဆီးခံရသူများသည် သာမန်အရပ်သူအရပ်သားများသာဖြစ်ပြီး ရက္ခိုင့်တပ်တော်က ခေါ်ယူ ထိန်းသိမ်း စစ်ဆေးမှု ပြုလုပ်ရသည်အထိ ဆောင်ရွက်ရန် လိုအပ်သူများမဟုတ်ကြောင်း သိရသည်” ဟု ကြေညာချက်က ဆိုသည်။  

ဦးခိုင်သုခကမူ ၆ ဦးမှာ သတင်းပေးများဖြစ်သည်ဟု စွပ်စွဲထားသည်။

“အဲဒီလူတွေရဲ့ တစ်ယောက်ချင်း သူ့ရဲ့ ပြစ်မှုကျူးလွန်မှုအပေါ်မှာ ကျွန်တော်တို့က ထိန်းသိမ်းထားတာ ဖြစ်တယ်။ ပြောရမယ်ဆိုလို့ရှိရင် အဲဒီ ကျွန်တော်တို့ထိန်းသိမ်းထားတဲ့ ၆ ယောက်လုံးဟာ ရန်သူ့သတင်းပေးတွေဖြစ်တယ်။ ဆိုတော့ မြန်မာစစ်တပ်ကို သူတို့ တောက်လျှောက် သတင်းပေးနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ လုံခြုံရေးအရ မလွှဲမရှောင်သာလို့ ထိန်းသိမ်းထားရတာဖြစ်တယ်ဗျ” ဟု သူက ဆိုသည်။

ပလက်ဝဒေသခံ ၆ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ တွေ့ဆုံလိုလျှင် ထိုနယ်မှ တာဝန်ရှိသူကို ဆက်သွယ်နိုင်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

“တကယ်တွေ့ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ မြေပြင်က သက်ဆိုင်ရာ တပ်မဟာဌာနချုပ်တွေက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီးတော့မှ သူတို့ လာတွေ့လို့ရပါတယ်။ မိသားစုနဲ့ တွေ့ခွင့် တခြားလူတွေနဲ့ တွေ့ခွင့် အဲလိုကန့်သတ်ပိတ်ပင်ထားတာ ဘာမှမရှိပါဘူးဗျ” ဟု ၎င်းက ပြောသည်။

IKACC က ထုတ်ပြန်ထားသည့် ဒေသခံ ၁၅ ဦးထက်မနည်းဆိုသော လူစာရင်းနှင့် AA ဖမ်းထားသူ ၆ ဦး၏ အချက်အလက်များကို Myanmar Now က မသိရသေးပေ။

ပလက်ဝတွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူကို AA က ဖမ်းဆီးသလို စစ်ကောင်စီတပ်ကလည်း AA နှင့် ဆက်နွှယ်သည်ဟု ၎င်းတို့ ယူဆလျှင် ဖမ်းဆီးလေ့ရှိသည်။ 

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA ကြား စစ်ရေးတင်းမာနေပြီး ဇွန်လအတွင်းက မြို့ပေါ်နှင့် တစ်မိုင်ခွဲ နှစ်မိုင်ခန့်သာရှိသော အဘောင်သားကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button