
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့မရဲစခန်းတွင် ယမန်နေ့ (ဇူလိုင် ၁၁) နံနက် ၁၁ နာရီခန့်က ရိက္ခာတင်ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီ မော်တော်ယာဉ်နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သည်ဟု သိရသည်။
အလယ်ပိုင်းတိုင်းစစ်ဌာန တပ်ရင်း (၁၁၀၂) နှင့် ၎င်းတို့၏ ဗျူဟာ ၃ မှ C, D, E တပ်ရင်းများက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို PDF) က ယနေ့ (ဇူလိုင် ၁၂) တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ကူပေး၍ ရဟတ်ယာဉ်တစ်စီးဖြင့် ကင်းထောက်ခဲ့သော်လည်း ထိုတိုက်ပွဲတွင် စစ်တပ်ဘက် ၃ ဦးသေသည်ဟု ဒီးမော့ဆို PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“light truck ကားနှစ်စီး (နဲ့ ရဲစခန်းထဲက) ထွက်လာတာပေါ့နော်။ ကျွန်တော်တို့ရဲ့ ကင်းထောက်နဲ့ တိုးတော့ မိနစ် ၂၀ ဝန်းကျင်လောက် အပြန်အလှန်ပစ်ခတ်မှုတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။
ဒီးမော့ဆိုမြို့ပေါ်တွင် ယနေ့ (ဇူလိုင် ၁၂) နံနက်ကလည်း ပစ်ခတ်သံများကြားရပြီး မည်သည့်အဖွဲ့နှင့် တိုက်ပွဲဖြစ်သည်ကို မသိရသေးဟု ၎င်းက ဆက်ပြောသည်။
“လောလောဆယ် သူတို့ (စစ်ကောင်စီ) က ခံစစ်အနေနဲ့ပဲ လှုပ်ရှားတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီးမော့ဆိုမြို့ပေါ်ကို ရထားပြီဆိုတော့ မြို့ထဲကို ခြေကုပ်ပြီး အသေထိုင်တဲ့အနေအထားရှိတာပေါ့”
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်က အချက်အချာကျသည့် ဒေါငံခါးရပ်ကွက်၊ ဖရူဆို၊ မိုးဗြဲ၊ လွိုင်ကော်မြို့များသို့ သွားလာနိုင်သည့် လမ်းဆုံ၊ ခေါက်ပလော့ရပ်ကွက်နှင့် မြို့မရဲစခန်းတို့တွင် တပ်စွဲထားကြောင်း ထိုသူက ပြောသည်။
ယမန်နှစ် မေလမှစ၍ စစ်မြေပြင်အတိဖြစ်နေသည့် ဒီးမော့ဆိုမြို့ပေါ်တွင် အရပ်သားများ ထွက်ပြေးသွားကြပြီးနောက် စစ်ကောင်စီတပ်သာ ရှိနေရာ ထိုနေရာများကို ကရင်နီတပ်များက ပြောက်ကျားတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
စစ်ကောင်စီတပ်သည် ကျေးရွာ ၂၀၀ ဝန်းကျင်ရှိသည့် ဒီးမော့ဆိုမြို့နယ်အတွင်း မြို့ပေါ်တွင် တပ်စွဲထားသည်မှလွဲ၍ အခြားနေရာများကို ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီယန္တရား လုံးဝမလည်ပတ်နိုင်သည့်မြို့နယ်ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်များဘက်က ပြောသည်။
ဒီးမော့ဆိုနှင့်ကပ်လျက် ကယားပြည်နယ်မြို့တော် လွိုင်ကော်ကိုမူ စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားပြီး ယခုရက်ပိုင်းတွင် အစစ်အဆေးတင်းကျပ်ကာ အဖမ်းခံရသည့် ဒေသခံများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့ထံမှ သိရသည်။
လွိုင်ကော်ကို ယခုနှစ်ဆန်းပိုင်းအထိ ဒေသကာကွယ်ရေးတပ်များ စိုးမိုးနိုင်ခဲ့သော်လည်း စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန်စစ်ဆင်နွှဲပြီးမှ ပြန်လည်ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။
ရဲစခန်းအနီး မော်တော်ယာဉ်နှစ်စီး တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ အသေးစိတ်အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)