
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်တွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေရာ ဒေသခံ ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက ပြင်းထန်စွာခုခံနေကြသည်။
အင်အား ၁၈၀ ဝန်းကျင်ပါသော စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း ၃ ခုခွဲ၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့နယ်စပ်ရှိ ဟားခါးလေးရွာဘက်သို့ ယမန်နေ့ (ဇူလိုင် ၁၁) တွင် ရောက်လာသည်ဟု ဒေသခံ PDF အဖွဲ့အချို့က အတည်ပြုသည်။
ထိုနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှစ၍ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးဖြင့် တရစပ်ပစ်၍ ၎င်းတို့ဘက်မှ ထိခိုက်မှုရှိသည်ဟု PDF (ကလေး) တပ်ရင်း ၁ တာဝန်ရှိသူထံမှ သိရသည်။
ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
“မနေ့က နေ့လယ် ၃ နာရီလောက်မှာ ဒဏ်ရာနဲ့ ဖမ်းမိသွားတယ်။ သူ့ကိုတက်ဆွဲတဲ့ RKDF (Ranger Kalay Defence Force) က တစ်ယောက်လည်း ထိသွားတယ်။ လက်နက်အင်အားက ကွာတယ်။ စစ်…ဘက်က မောင်းပြန်နဲ့ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာ။ လမ်းဆုံကြီးမှာဖြစ်နေတော့ (အလောင်း) လုံးဝ ကောက်လို့မရဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ (ဇူလိုင် ၁၂) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ ဝေဘူလတောင်ခြေလမ်းအတိုင်း ကလေးမြို့ဘက်သို့ ပြန်ဆုတ်ခွာသွားသော်လည်း နှစ်ဖက် ပစ်ခတ်မှုများရှိနေသေးကြောင်း၊ ထိခိုက်မှုအခြေအနေကို အသေးစိတ် မသိရသေးကြောင်း ထိုသူက ဆက်ပြောသည်။
PDF အဖွဲ့များအားကောင်းသည့် ကလေးမြို့တောင်ပိုင်းတွင် တိုက်ပွဲ ဆက်တိုက်ရှိလာသဖြင့် လက်နက်အင်အား၊ ကျည်ဆန်အင်အား နည်းပါးလာသည်ဟု အထက်ပါ တာဝန်ရှိသူထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဟားခါးလေး၊ ရေစို၊ ဟဲလုပ်ရွာတို့မှ ရာနှင့်ချီသည့် ဒေသခံများမှာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ၎င်းထံမှ သိရသည်။

စစ်ကိုင်းတိုင်း ကလေးမှတစ်ဆင့် ချင်းပြည်နယ် ဖလမ်းသို့ ဇူလိုင်လဆန်းတွင် တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်လည်း ဖလမ်း – ဟားခါး လမ်းတစ်လျှောက်တွင် ဇူလိုင် ၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲပြင်းထန်နေသည်ဟု ချင်းအမျိုးသားတပ်ဦးထံမှ သိရသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့က မြို့တော် ဟားခါးသို့ ဦးတည်၍ စစ်ကြောင်းထိုးနေရာ မိုင် ၄၀ ကျော်သာ ဝေးသည့် ထိုလမ်းပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားပြီး အထိနာနေသည်ဟု ထိုအဖွဲ့ထံမှ သိရသည်။
ဆောက်လုပ်ရေးပစ္စည်းများ အဓိကသယ်ဆောင်လာသည့် ကားအစီး ၂၀ ကျော်ပါ ထိုယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့များက ကြိုတင်နေရာယူကာ ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း နည်းလမ်းများသုံး၍ တိုက်ခိုက်နေကြောင်း ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“ကျွန်တော်တို့က တစ်လျှောက်လုံးကို ပြောက်ကျားပုံစံနဲ့ နေရာချထားတယ်။ အတတ်နိုင်ဆုံး လက်နက်တွေဖြည့်ဆည်းနိုင်ခဲ့တယ်။ ကျွန်တော်တို့က ကြိုတင်ပြီးနေရာယူထားတော့ တစ်ဖက်မှာ သူတို့အားနည်းချက်က အဲဒါဖြစ်တာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
“မိုင်းကို ကောင်းကောင်းသုံးလို့ရတယ်။ ဒရုန်းနဲ့သုံးတာလည်း ရှိတယ်။ မောင်းပြန်လက်နက်တင် မဟုတ်ဘဲနဲ့ မိုင်းတွေခွဲရတာ အောင်မြင်တာ များတာကြောင့်ပါ”
ဖလမ်း – ဟားခါး လမ်းတစ်လျှောက်တိုက်ပွဲများတွင် ပူးပေါင်းပါဝင်တိုက်ခိုက်နေသော ချင်းဒေသကာကွယ်ရေးအဖွဲ့များဘက်မှ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း ၎င်းထံမှ သိရသည်။
ထိုတိုက်ပွဲများတွင် အထိနာသည့် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်၍ တလန်ရောန်ကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်းနှင့် သူနာပြုဆရာမ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း၊ တားလ်ကျေးရွာမှ နေအိမ် ၂၉ လုံး၊ တလန်ဇာရ်ကျေးရွာမှ နေအိမ် ၆ လုံး ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ဇူလိုင် ၁၁ တွင် သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင်လည်း စောင်ထီယားနှင့် လုံတုမ်းကျေးရွာကြားတွင် ယမန်နေ့ (ဇူလိုင် ၁၁) ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် တပ်နှင့် CDF မတူပီကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ချင်းပြည်နယ် မြို့နယ် ၉ ခုအနက် ထက်ဝက်နီးပါးတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ မိုးတွင်းကာလတွင် လမ်းပန်းဆက်သွယ်ရေးခက်သည့် ချင်းပြည်နယ်သို့ စစ်ကောင်စီက အင်အားအများအပြား ဖြည့်နိုင်ခြေမရှိကြောင်း ဆလိုင်းထက်နီက သုံးသပ်သည်။
“လာမဲ့မိုးတွင်းမှာ ချင်းပြည်နယ်မှာ ဒီထက် အင်အားတိုးလာဖို့တော့ မစဉ်းစားဘူး။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဘက်က ညီနောင် PDF တွေလည်း ရွပ်ရွပ်ချွံချွံတိုက်နေတယ်ဆိုတော့ ချင်းပြည်နယ်ဘက် အရင်လောက် သာလွန်အင်အားနဲ့တက်လာမယ် (လို့ မထင်ဘူး)”
စစ်ကောင်စီတပ်ဖွဲ့၏ အားသာချက်ဖြစ်သည့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကို ယခုနှစ်ဆန်းပိုင်းမှစ၍ နိုင်ငံအနှံ့ ခပ်စိပ်စိပ်ပြုလုပ်လာရာ ပြီးခဲ့သည့် ရက်ပိုင်းကပင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၊ ချပ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားသေဆုံးမှုများရှိခဲ့သည်။
“လေယာဉ်လာရင် အကာအကွယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်တပ်ကို အတတ်နိုင်ဆုံးတော့ ဖြန့်ထားရတာပေါ့။ တစ်ခုခုဆိုရင် အသေအပျောက်နည်းအောင် ပြောက်ကျားပုံစံကို များများနဲ့ ဖြန့်ထားတယ်။ အဲဒီလို ကိုယ့်ကိုယ့်ကိုယ် ကာကွယ်တဲ့နည်းစနစ်ကို အသုံးပြုပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ကို အစောဆုံးလက်နက်ကိုင်ခုခံမှုများ စတင်ရာဒေသဖြစ်သည့် ချင်းပြည်နယ်တွင် ခုခံမှုများ အားကောင်းနေဆဲဖြစ်ပြီး မြို့နယ် ၉ ခုအနက် မြို့ပေါ်ရပ်ကွက်များမှ လွဲပြီး ကျေးရွာအများစုတွင် ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားနိုင်ကြောင်း၊ ၇၀ ရာခိုင်နှုန်းနီးပါး ရှိကြောင်း ၎င်းက ဆက်ပြောသည်။
အာဏာသိမ်းထားသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း တိုင်းရင်းသားဒေသများဖြစ်သည့် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်းပြည်နယ်တို့တွင်သာမက ဗမာတိုင်းရင်းသားများနေထိုင်ရာ နိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းတို့တွင်ပါ လက်နက်ကိုင်ခုခံမှုများကို စစ်တပ်က ကြုံတွေ့နေရသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)