စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင်၁၀) က စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။
ရွေဘိုမြို့တောင်ဘက် ၉ မိုင်အကွာ စိုင်နိုင်လေးကျေးရွာအနီး စစ်ကောင်စီ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားများ ထပ်မံရောက်ရှိလာကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။
“လမ်းကြောင်းကို မိုင်းဆွဲတာပေါ့နော်။ အရာရှိတစ်ယောက်ပါမယ်။ သတင်းရထားလို့ ဆွဲလိုက်တဲ့အချိန်မှာ အဲဒီကား ထိသွားလို့ နောက်ထပ် ခလရ (ခြေလျင်တပ်ရင်း) ၄၂၊ ရွှေဘိုတပ်ရင်းကလာပြီး လက်နက်ကြီးနဲ့ ပစ်တာ။ ပတ်ပတ်လည် ဝဲယာပတ်ဝန်းကျင်တွေကို။ တွေ့ရာလူ အကုန်ပစ်တာပဲ။ ကျေးရွာပေါ်တွေက အစ” ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရွှေဘိုမြို့ဘက်မှ ထပ်မံရောက်ရှိလာသည့် စစ်သား ၃၀ ကျော်က ရွာပတ်ဝန်းကျင်ကို တရစပ်ပစ်၍ ဒေခံများတိမ်းရှောင်ခဲ့ရကြောင်း စိုင်နိုင်လေးရွာခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ကျွန်တော်တို့ရွာရဲ့ မြောက်ဘက်ကနေ တောင်ဘက်ကို ပစ်တာဗျ။ လက်နက်ကြီး အနည်းဆုံး ၅ ချက် ၆ ချက်လောက် ပစ်တယ်။ လက်နက်ငယ်တွေကတော့ တရစပ်ကို ပစ်သွားတာ။ ရွာမကြီးထဲတော့ မကျဘူး။ ကားလမ်းတစ်လျှောက်က အိမ်တွေပေါ် ကျတာ။ အကုန်ထွက်ပြေးရတာ” ဟု ၎င်းက ဆိုသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ယာခင်းထဲတွင် အလုပ်လုပ်နေသည့် အသက် ၃၅ နှစ်အရွယ် ဦးနီလုံး ပွဲချင်းပြီးသေဆုံးကာ အခြားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
ဒဏ်ရာရသူများအနက် အသက် ၃၅ နှစ်အရွယ် ဦးကျောက်ဒိုးဆိုသူ အသက်အန္တရယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း၊ နေအိမ်အချို့ပျက်စီးခဲ့ပြီး နွားများပါ သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသများလည်း ရှေ့တန်းမှ ပါဝင်နေသည်။
အထက်ပါဖြစ်စဉ်ပေါက်ပေါက်သည့် ဝက်လက်မြို့တွင် ယခုလအတွင်း၌ပင် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက် သေဆုံးမှုများရှိနေသည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုထားသည်။
ထိုသို့ ခုခံမှုများကို ရွာမီးရှို့၊ အစုလိုက်သတ်ဖြတ်သည့် နည်းလမ်းမျိုးသုံး၍ ပြင်းထန်စွာ နှိမ်နင်းနေသော်လည်း စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



