ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာစက်ရုံဝင်းရှိ ADK အထည်ချုပ်စက်ရုံတွင် ယမန်နေ့ (ဇူလိုင် ၇) က ထောင်နှင့်ချီသော အလုပ်သမားများ ဆန္ဒပြမှုပေါ်ပေါက်ပြီးနောက် အလုပ်ရှင်နှင့် သဘောတူညီမှု ရခဲ့သော်လည်း အပြည့်အဝ မပြေလည်သေးကြောင်း သိရသည်။
တနင်္ဂနွေနေ့တွင် အချိန်ပို မဆင်းရရန်၊ ဆင်းရပါက အချိန်ပိုကြေး ချက်ချင်းရှင်းပေးရန်၊ စနေနေ့တွင် ညနေ ၄ နာရီအထိသာ အလုပ်ဆင်းခွင့်ပေးရန်၊ ထုတ်လုပ်မှုဆုကြေးပေးရန် စသည့်အချက်များနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်ဟု ဆိုသည်။
အလုပ်ရှင်ဘက်က ထိုသို့ သဘောတူခဲ့သော်လည်း တရားဝင်မထုတ်ပြန်သည့်ပြင် အလုပ်ရုံကြော်ငြာသင်ပုန်းတွင် ကပ်ပေးရမည်ဆိုသည့် သဘောတူညီချက်ကို အလုပ်ရှင်က လိုက်နာဆောင်ရွက်ခြင်း မရှိဟု အလုပ်သမားတို့ထံမှ သိရသည်။
“မနေ့က စာချုပ်ကို တရားဝင်ဆိုရင် နို့တစ်ဘုတ်မှာ ကပ်ပေးဖို့ ကျွန်မတို့ တောင်းဆိုထားတယ်။ အဲဒီစာချုပ်ကို ခုထက်ထိ (ဇူလိုင် ၈) နို့တစ်ဘုတ်မှာ ကပ်ပေးဖို့ကို သူတို့ဘက်က ငြင်းဆန်နေတုန်းပဲ” ဟု ADK အထည်ချုပ်စက်ရုံမှ အမျိုးသမီး အလုပ်သမားတစ်ဦးက ပြောသည်။
ထို့ပြင် ယမန်နေ့က သဘောတူညီချက်တွင် အလုပ်သမားများကို ဆဲဆိုခြင်းမပြုရန် တောင်းဆိုသော်လည်း အလုပ်ရှင်နှင့် လုပ်ငန်းကြီးကြပ်သူများက လိုက်နာမှုမရှိကြောင်း သိရသည်။
“မနေ့တုန်းကတော့ လုပ်ငန်းခွင်ထဲမှာ မဆဲဆိုရဘူးလို့ လက်မှတ်ထိုးထားခဲ့တယ်။ ဒါပေမဲ့ ခုမနက်မှာတော့ —–မ တွေ ဆဲတယ် ဘာဖြစ်လဲ တိုင်ချင်တဲ့ ကောင်မနဲ့ သွားတိုင်ဆိုပြီး ခေါင်းဆောင်တစ်ယောက်က ဆဲဆိုလာပါတယ်”
အပြည့်အဝ ပြေလည်မှုမရသော်လည်း လတ်တလောတွင် အလုပ်ပြန်ဆင်းနေကြောင်း အသက် ၂၂ နှစ်အရွယ် အထက်ပါ အမျိုးသမီးက ဆိုသည်။
ဇေကမ္ဘာစက်ရုံဝင်းအတွင်းရှိ ADK အထည်ချုပ်စက်ရုံဝင်းအတွင်း ထောင်နှင့်ချီသည့် အလုပ်သမားများက ရက်မှန်ကြေး၊ လူမှုဖူလုံရေး၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်များရရှိရန် ယမန်နေ့က တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
တစ်နာရီလျှင် အထည် ၆၀ ကျော်အထိ ချုပ်ပေးရန် အလုပ်ရှင်ဘက်က တောင်းဆိုသဖြင့် အချိန်ပိုယူ၍ မတန်တဆလုပ်ကိုင်နေရပြီး ထမင်းစာချိန် မိနစ် ၃၀ ရရှိရန်နှင့် အိမ်သာသွားခွင့်ရရန်ကိုပင် အပြင်းအထန်တိုက်ပွဲဝင်နေရသည်ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ယမန်နေ့ (ဇူလိုင် ၇) က ဖြေထားသည်။
ထိုအထည်ချုပ်စက်ရုံတွင် စတင်လုပ်ကိုင်ချိန်က တစ်လလျှင် ကျပ် ၃ သိန်းမှ ၂ သိန်း ၈ သောင်းကြား ရရှိမည်ဟု သိရှိထားသော်လည်း လက်တွေ့တွင်မှု ၂ သိန်း ၇ သောင်းသာ ရရှိကြောင်း၊ အချိန်ပို နာရီပေါင်း ၁၀၀ ကျော် လုပ်ကိုင်နေရကြောင်း ဆန္ဒပြအလုပ်သမားများထံမှ သိရသည်။
နိုင်ငံတကာ အားကစားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် CRIVIT တံဆိပ်နှင့် သားမွေးအနွေးထည်များ၊ အနွေးထည်များကို အဓိကချုပ်လုပ်နေသည့် ADK အထည်ချုပ်စက်ရုံတွင် အထည်ချုပ်အလုပ်သမား ၇၀၀၀ နီးပါး လုပ်ကိုင်နေပြီး ယခု ဆန္ဒပြတောင်းဆိုမှုမှာ ယင်း၏ စက်ရုံခွဲတစ်ခုဖြစ်သည့် Great Glowing Investment Co.LTD တွင် ပေါ်ပေါက်ခြင်းဖြစ်သည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ADK အထည်ချုပ်စက်ရုံလုပ်ငန်းရှင်ထံ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရသေးပေ။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ရာနှင့်ချီသည့် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။
ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် အလုပ်သမဂ္ဂခေါင်းဆောင်များ တရားစွဲခံထားရပြီး အလုပ်သမားရေးရာ အဖွဲ့ ၁၆ ဖွဲ့ကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက တရားမဝင်ကြောင်း ကြေညာထားသည်။
အရပ်သားအစိုးရလက်ထက်တွင် တိုင်ကြားရေးစနစ် ကောင်းမွန်သောကြောင့် အလုပ်သမားများ နစ်နာမှုရှိပါက ဖြေရှင်းပေးနိုင်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ထိုသို့ မဟုတ်တော့ဟု အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ပြောထားသည်။
“အခုက တိုင်ကြားရေးစနစ်တော့ ရှိပေမဲ့ အရင်လို တက်တက်ကြွကြွနဲ့ လုပ်ကိုင်ပေးမဲ့သူတွေက နည်းနည်းလေးပဲ ကျန်တယ်” ဟု ၎င်းက ပြောသည်။ CCTU သည်လည်း စစ်ကောင်စီက တရားမဝင်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများစာရင်းတွင် ပါဝင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)