စစ်တပ်က တည်ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ခေါင်းဆောင်ပိုင်းဆိုင်ရာ အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီရန်ပုံငွေ အလွဲသုံးစားပြုလုပ်သည့် သတင်းများလည်း ထပ်မံပေါ်ပေါက်လာသည်။
ပါတီ၏ လူငယ်ခေါင်းဆောင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်သူ ဦးနန္ဒာလှမြင့်က ပါတီရန်ပုံငွေ ကျပ်သိန်းနှစ်သောင်းကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ၏ ဆုံးဖြတ်ချက်ဖြင့် ချေးယူ သုံးစွဲထားသည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဦးမောင်မြင့် ခေါ် မင်းကင်းမောင်မြင့်က စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။
“အခုအချိန်မှာ ပါတီရဲ့ ပြောရေးဆိုခွင့်အနေနဲ့ သတ်မှတ်ထားတဲ့ ဒေါက်တာနန္ဒာလှမြင့်ကို သိန်းပေါင်းနှစ်သောင်း ချေးတယ်ဆိုပြီး သတင်းတွေဖြစ်နေတယ်။ ဖြစ်ဖို့လည်း များနေပြီ။ အဲဒီသိန်းပေါင်း နှစ်သောင်းချေးတယ်ဆိုတဲ့ဟာကို ဘယ်လို EC အစည်းအဝေး၊ CEC အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်ခဲ့လဲဆိုတာကို ကျွန်တော် နားမလည်ဘူး” ဟု ၎င်းက ပြောဆိုထားသည်။
ယမန်နေ့ (ဇူလိုင် ၄) ညပိုင်းက ထုတ်လွှင့်ခဲ့သည့် ၁၅ မိနစ်ကျော်ကြာမြင့်သည့် ရုပ်သံဖိုင်တစ်ခုတွင် မင်းကင်းမောင်မြင့်က စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုရုပ်သံဖိုင်ကို “မင်းကင်းမောင်မြင့် ဘဝတစ်ကွေ့” ဟု အမည်ပေးထားပြီး ပါတီတွင်း အကွဲအပြဲဇာတ်လမ်းများစွာကို မင်းကင်းမောင်မြင့်က ထုတ်ဖော်ပြောဆိုထားသည်။
မင်းကင်မောင်မြင့်က လက်ရှိ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေး၏ ခေါင်းဆောင်မှုအပေါ် အဓိက ဝေဖန်ထောက်ပြထားပြီး ပါတီရန်ပုံငွေကို ဓားပြတိုက်သည့် လုပ်ရပ်ဖြစ်သည်ဟု ၎င်းက သုံးသပ်ထားသည်။
ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ပါတီရန်ပုံငွေကို ချေးငွေအဖြစ် ထုတ်ချေးသည်ဆိုပါက မှားယွင်းသည့် ဆုံးဖြတ်ချက်ကို ချမှတ်ရန် (သို့မဟုတ်) ဓားပြတိုက်ရန် တိုင်ပင်ကြခြင်းသာဖြစ်သည်ဟု မင်းကင်းမောင်မြင့်က ဆိုသည်။
“အိမ်တစ်အိမ်ကို သွားပြီး ဓားပြတိုက်မယ်ဆိုတာ လူ ၃ ယောက် အစည်းအဝေးထိုင်တာ မှန်တယ်လို့ ပြောလို့ မရဘူးလေ၊ အစည်းအဝေးထိုင်တိုင်း မှန်တယ်လို့ ပြောလို့ မရဘူးလေ။ ပါတီမှာ လုပ်ထုံးလုပ်နည်းရှိတယ်၊ ပါတီရဲ့ ပိုက်ဆံကို အဲဒီလို ချေးခွင့်ရှိသလား” ဟု ၎င်းက ဆက်ပြောသည်။
ဦးနန္ဒာလှမြင့်ပိုင်ဆိုင်သည့် မင်းကျန်စစ်ဆောက်လုပ်ရေးကုမ္ပဏီက ရှမ်းပြည်နယ်အစိုးရကို တိုးရင်းပေါင်း ကျပ်ငွေ ၄ ဘီလျံခန့် အကြွေးဆပ်ရန် ကျန်ရှိနေသည်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဖြစ်သည်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုငွေကြေးပေးဆပ်မှုရှိမရှိ အခြေအနေကို တိတိကျကျမသိရသေးပေ။
ကြွေးမြီများအနက် ကျပ် ၁ ဒသမ ၆ ဘီလျံကို ၂၀၂၁ မတ်လအတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ကျပ် ၂ ဘီလျံနှင့် ညီမျှသော တန်ဖိုးအတွက် ကုမ္ပဏီ၏ တိုက်ခန်းပေါင်း ၃၀၀ ကျော်ကို သိမ်းယူသွားမည်ဟု ရှမ်းပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ Myanmar Now က ဦးနန္ဒလှမြင့်ကို ဆက်သွယ်မေးမြန်းသောအခါ မင်းကင်းမောင်မြင့်၏ ထိုစွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်ပြီး သူ့တွင် ပြောစရာမရှိကြောင်း ပြောသည်။
မင်းကင်းမောင်မြင့်ဟု လူသိများသူ အသက် ၆၄ နှစ်အရွယ် ဦးမောင်မြင့်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူဖြစ်သည်။
သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ အဓိကပြိုင်ဘက်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဦးဆောင်သည့် စစ်အစိုးရခေတ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရ၏ အလုပ်သမားဝန်ကြီး၊ စက်မှုဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သော ပါတီ၏ ဌာနချုပ်ရှိရာ နေပြည်တော်၌ နှစ်ရက်တာ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးမှာ မကျေလည်မှုများဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ဇွန် ၁၀ က ကျင်းပသည့် ပါတီထိပ်သီးအစည်းအဝေးပွဲအပြီး ပါတီတွင်း အကွဲအပြဲဇာတ်လမ်းမှာ ပိုမိုကြီးမားလာခဲ့ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ခေါင်းဆောင်မှုအပေါ် အဓိကအငြင်းပွားခဲ့ရခြင်းဖြစ်ကြောင်း ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပါတီ၏ ခေါင်းဆောင်ပိုင်းတချို့ကို တိုက်ရိုက်ညွှန်ကြားပြီး ပါတီကို ကြိုးကိုင်ခြယ်လှယ်နေသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဘဝ၏ အဆိုးအကောင်း၊ အပြောင်းအလဲများနှင့် မရေရာမှုများကို မြင်တွေ့နေရပြီး အချိန်မရွေး ဂငယ်ကွေ့သာမက၊ ပြောင်းပြန်ဇောက်ထိုးဖြစ်တတ်သည့်သဘောကို ကြိုတွေးထားသည်ဟု ၎င်းကိုယ်တိုင် အသုံးပြုသည့် ဆိုရှယ်မီဒီယာစာမျက်နှာတွင် ရေးသားထားသည်။
“လောကဓံရှစ်ပါးကို ရင်ဆိုင်ရတဲ့အခါ တရားလက်လွတ်မဖြစ်စေချင်လို့ပါ၊ မင်းခယောက်ျား ကမ်းနားသစ်ပင်“ ဟု ဇွန် ၂၇ တွင် ဦးသန်းဌေးက ရေးသားထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



