ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးတွင် တည်ရှိသည့် ဘားအံအကျဉ်းထောင်မှ အကျဉ်းသား ၄၄ယောက်သည် ယနေ့( စက်တင်ဘာ ၁၆) မနက် ၈:၅၀ အချိန်တွင် ထွက်ပြေးသွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။
ဒေသခံများ၏အဆိုအရ ၎င်းတို့သည် အကျဉ်းထောင်အတွင်းမှ အမှိုက်ကားတစ်စီးကို လုယူမောင်းနှင်ပြီး ထွက်ပြေးသွားသည်ဟု ဆိုသည်။
ထွက်ပြေးသွားကြသူများအနက် ၃ဦးအား ပြန်လည်ဖမ်းမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက Myanmar Now ကို ပြောသည်။
“ကျန်သူများကို မိနိုင်အောင် အဖွဲ့တွေခွဲပြီး ထွက်နိုင်သမျှဂိတ်တွေကို ထိန်းချုပ် ဖမ်းနိုင်အောင် ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။
လွတ်မြောက်နေသော အကျဉ်းသားအများစုသည် ခိုးမှု၊ ဆေးမှု စသည့် ရာဇဝတ်မှုများဖြင့် အကျဉ်းကျခံနေရသူများဖြစ်ပြီး လတ်တလောတွင် ဖြစ်စဉ်အသေးစိတ်အား ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။



