သတင်း

ဘားအံထောင်ဖောက်မှုအတွက် ထောင်တာဝန်ရှိသူများကို ထိန်းသိမ်းထားခြင်းမရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၅ — ဘားအံအကျဉ်းထောင်မှ ဒါဇင်နှင့်ချီသည့် အကျဉ်းသားများ မည်ကဲ့သို့ ထွက်ပြေး လွတ်မြောက်သွားကြောင်းကို စုံစမ်းစစ်ဆေးနေသော်လည်း ထောင်အာဏာပိုင် တစ်ဦးတစ်ယောက်ကိုမျှ ထိန်းသိမ်းထားခြင်း မရှိသေးကြောင်း အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှ အကျဉ်းသား ၄၂ ဦး စက်တင်ဘာလ ၁၆ ရက်နံနက်ပိုင်းတွင် ထွက်ပြေးသွားခြင်းဖြစ်ပြီး ကိုးရက်ကြာသည်အထိ အကျဉ်းသား ၁၈ ဦး လွတ်မြောက်နေဆဲ ဖြစ်သည်။ ထွက်ပြေးသွားသူများတွင် နှစ်ကြီးပြစ်ဒဏ်ကျအကျဉ်းသားများ ပါဝင်သလို လွတ်ရန် လပိုင်းသာလိုတော့သူများလည်း ပါဝင်သည်။

“အခုဖြစ်သွားတဲ့ ဖြစ်စဉ်ပေါ်မှာ တာဝန်ရှိလား၊ မရှိဘူးလား ဒါကို စစ်ဆေးတာပါ။ ထောင်ပိုင်နဲ့ အဆင့်ဆင့်တာဝန်ရှိသူတွေ လက်ရှိ စစ်ဆေးနေပါတယ်။ အထူးစစ်ဆေးရေး မဟုတ်ပါဘူး။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးပါ။ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးဆိုတာ ဖမ်းတာတို့၊ ပြုတာတို့ အဲဒီလိုမလုပ်ဘူး” ဟု အကျဉ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

အကျဉ်းသားများ ထွက်ပြေးခဲ့ပြီးနောက် နေပြည်တော်မှ စုံစမ်းစစ်ဆေးရေးအရာရှိများက ဘားအံထောင်ပိုင်နှင့် ထောင်အရာရှိများကို စစ်ဆေးနေပြီး ယာယီထောင်ပိုင်အဖြစ် အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးကို အစားထိုး ခန့်အပ်ထားကြောင်း အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

စုံစမ်းစစ်ဆေးမှုသည် လာမည့်ရက်ပိုင်း စက်တင်ဘာလကုန်ခန့်တွင် ပြီးဆုံးနိုင်မည်ဟု ခန့်မှန်းထားပြီး လက်ရှိအချိန်တွင် အသေးစိတ်ထုတ်ပြောရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

လွတ်မြောက်နေသူများသည် မြန်မာ-ထိုင်း နယ်စပ်သို့ ဦးတည်ထွက်ပြေးသွားနိုင်ကြောင်း ခန့်မှန်းထားပြီး နယ်စပ်ထွက်ပေါက်များကို ထိုင်းနယ်စပ်လုံခြုံရေးများနှင့် ပူးပေါင်းကာ စောင့်ကြည့်နေကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက Myanmar Now ကို ပြောသည်။

ဘားအံနှင့် ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်သည် မိုင် ၁၀၀ နီးပါးသာ ဝေးပြီး နေချင်းပြန် သွားနိုင်သည်။

“ရက်က တစ်ပတ်ကျော်လာပြီဆိုတော့ နယ်စပ်ကို ကျော်ရင်လည်း ကျော်သွားနိုင်ပါတယ်။ ပြန်ဖမ်းမိထားတဲ့နေရာတွေကတော့ နေရာအစုံကပါ။ နယ်စပ်ဆက်ဆံရေး ရုံးအချင်းချင်းတော့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်။

ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။ ထိုင်းနိုင်ငံဘက်ကို ချိတ်ဆက်ဖို့ကတော့ နိုင်ငံတော်အဆင့် ချိတ်ဆက်မှ ရမှာပါ။ ကျွန်တော်တို့ လုပ်လို့မရပါဘူး” ဟု ၎င်းက ပြောသည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)လက်မှတ် ရေးထိုးထားသည့် DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် နှင့် လက်မှတ်မထိုးထားသည့် DKBA၊ KNU ကရင်အမျိုးသားအစည်းအရုံး ၊ နယ်ခြားစောင့်တပ် စသည့် လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲထားသည်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့၏အဆိုအရ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ထောင်ဝင်းအတွင်း သန့်ရှင်းရေး ပြုလုပ်ပြီး စုပုံထားသည့် အမှိုက်များကို သွားပစ်မည့်ယာဉ်အား ထောင်ဒဏ်လွတ်ရက်မရှိ အကျဉ်းသားက ယာဉ်မောင်းသည့် အကျဉ်းသား ဝန်ထမ်းကို ထိုးကျိတ်ကာ ထွက်ပြေးခဲ့သည်။

ထွက်ပြေးသူများကို ဦးဆောင်ခဲ့သူသည် လွန်ခဲ့သည့် သုံးနှစ်ကတည်းက လူသတ်မှု၊ လက်နက်မှု၊ မူးယစ်မှုများဖြင့် သေဒဏ်၊ ထောင်ဒဏ်ချခံထားရသူ ကျော်မိန်လဟု ရဲက စွပ်စွဲထားသည်။ ယနေ့အထိ ကျော်မိန်လနှင့် အခြားအကျဉ်းသား တစ်ဦးကို အသေဖမ်းမိခဲ့ပြီး နောက်ထပ်အကျဉ်းသား ၂၂ ဦးကို အသက်ရှင်လျက် ပြန်ဖမ်းမိထားသည်။

Show More

Related Articles

Back to top button