ဆောင်းပါး

သမ္မတဖြစ်ရေး အယောင်ပြ၊ ဇယားရွှေ့နေသော အာဏာသိမ်းခေါင်းဆောင်

စစ်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် ရာထူးများ ရယူထားပြီး မိမိကိုယ်မိမိ မဟာသရေစည်သူဘွဲ့ ပြန်ပေးထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတရာထူး ရယူရန် ခြေလှမ်းပြင်နေသည်ကို တွေ့ရသည်။

တိုင်းပြည်ကို ၁၉ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဟောင်း ဦးသန်းရွှေက ၁၅ နှစ် အချိန်ယူကာ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းအားဖြင့် အာဏာတည်မြဲရေးနှင့် သမ္မတဖြစ်ရေး မင်းအောင်လှိုင်ကြိုးပမ်းနေခြင်းဖြစ်သည်။​

ဖက်ဒရယ်အခြေခံဖွဲ့စည်းပုံဟု သုံးနှုန်းပြီး မဖြစ်စလောက်သော ဖွဲ့စည်းပုံနောက်ဆက်တွဲပါ အချက်အချို့ကို ပြင်ပေးမည်ဟု စစ်ခေါင်းဆောင်က တိုင်းရင်းသားများကို စည်းရုံးသည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ပစ်ပြီး သူ့စိတ်ကြိုက် ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်ဖြင့် ရွေးကောက်ပွဲတစ်ခု ကျင်းပမည်ဟုလည်း ယူဆရသည်။

လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု အာဏာသိမ်းခေါင်းဆောင်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားသည်။ 

ဖက်ဒရယ်အယောင်ပြ စည်းရုံးခြင်း

 အခြေခံဥပဒေပါ နောက်ဆုံးအပိုင်းဖြစ်သော ဇယားများကို ရွှေ့ပစ်ပြီး ဖက်ဒရယ်စနစ်သို့ ကျင့်သုံးမည်ဟု လေသံပစ်ကာ စစ်ခေါင်းဆောင်က တိုင်းရင်းသားများအဖွဲ့များကို မက်လုံးပေးစည်းရုံးနေသည်။

အာဏာသိမ်းအပြီး တစ်နှစ်ကျော်အကြာ တိုင်းပြည်အတွင်း အထွေထွေအကျပ်အတည်း ကြီးထွားလာချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်သည် တိုင်းရင်းသားလက်နက်ကိုင်များကို ဖက်ဒရယ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆွေးနွေးမည်ဟု ဧပြီ ၂၂ ရက်တွင် ရုတ်တရက် ဖိတ်ခေါ်သည်။

ထိုဖိတ်ခေါ်မှုကို ကတိုက်ကရိုက်ထုတ်လွှင့်ရာတွင် စစ်‌ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို “ကျွန်တော်ကိုယ်တိုင်တွေ့မယ်” ဟု ဆိုသည်။

နေပြည်တော်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ဒေသဖွံ့ဖြိုးရေးနှင့် ဖက်ဒရယ်ကို အခြေခံသည့် အခြေခံဥပဒေဖြစ်ရေး ဆွေးနွေးသည်ဟု ဆိုသည်။ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပေ။ 

စစ်ခေါင်းဆောင်ဖိတ်ခေါ်မှုကို လက်ခံပြီး နေပြည်တော်သွားကြသူများထဲမှ အများအပြားမှာ အင်အားတောင့်တင်းကြခြင်းမရှိသည့်ပြင် အခြေစိုက်ဒေသရှိ သက်ဆိုင်ရာတိုင်းရင်းသား ပြည်သူများကို ကိုယ်စားမပြုဟု နိုင်ငံရေးလေ့လာသူများ၊ တက်ကြွလှုပ်ရှားသူများက ဝေဖန်သည်။

ဒေသခံတို့ ထောက်ခံကြသော၊ အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က စစ်ခေါင်းဆောင်ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ပေ။ 

စစ်ခေါင်းဆောင်ကမူ နေပြည်တော်သို့ မလာသေးသည့် လက်နက်ကိုင်အဖွဲ့များကို ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) ကို အကြိမ်ကြိမ် ဖိတ်ခေါ်နေမှုသည် စစ်ခေါင်းဆောင်၏ အနာဂတ်နိုင်ငံရေး လမ်းပွင့်နိုင်ရန် ကြိုးပမ်းချက်သာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးကြီးမြင့်က ပြောသည်။ 

“ပြောချင်တာက (၂၀၂၃) ရွေးကောက်ပွဲကို နိုင်ငံရေးပါတီတွေနဲ့ EAO တွေ မနှောင့်ယှက်အောင်၊ သူတို့လည်း ဝင်ချင်လာအောင် မဲဆွယ်တာပဲ” 

ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ရာတွင် တပ်ခေါင်းဆောင်များက ဖက်ဒရယ်ဟူသည့် စကားလုံးကို ပြည်ထောင်စုမှ ခွဲထွက်သည်ဟု အဓိပ္ပာယ်ဖွင့်ကာ ထိုအကြောင်း ဆွေးနွေးခွင့် ပိတ်ပင်ခဲ့သည်။

စစ်ဗိုလ်ချုပ်များက အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ရန် လူကြားကောင်းသည့် စကားလုံးများ သုံးနေခြင်းသာဖြစ်သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဝေဖန်သည်။

“အဲဒါတွေ ကျွန်တော် အယုံအကြည် မရှိဘူး။ ဒီနေ့ စစ်အုပ်စုလုပ်နေတဲ့ ကိစ္စမှန်သမျှက နိုင်ငံရေးစင်မြင့်ပေါ်ကို ပြန်ပြီးတော့တက်ဖို့ ကြိုးစားနေတာ” ဟု သူက ဆိုသည်။

လူမစုံတော့သည့် ငြိမ်းချမ်းရေးကော်မတီကို စည်းရုံးခြင်း

အာဏာသိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC တွင် ပါဝင်သည့် အစုအဖွဲ့အချို့နှင့်လည်း စစ်ကောင်စီက မကြာခဏ တွေ့နေသည်။

တပ်က ဦးဆောင်ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးကြသည်ဟု UPDJC ၏ အလုပ်အဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်းက Myanmar Now ကို ပြောသည်။ 

“အဓိကကတော့ အခြေခံဥပဒေပြင်ဆင်ဖို့ပါပဲ၊ ဆွေးနွေးတာက တစ်ကြိမ်နဲ့တစ်ကြိမ် မတူဘူး၊ တစ်ခါတလေ ၆ ချက်၊ တစ်ခါတလေ ၈ ချက်၊ တစ်ခါတလေ ၉ ချက်ပေါ့လေ” 

သို့သော် UPDJC  နိုင်ငံရေးပါတီများအစုအဖွဲ့တွင် အကြံပေးအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သည့် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က စစ်ကောင်စီ ပြန်ဖွဲ့ထားသည့် UPDJC သည် တရားမဝင်ဟု ဆိုသည်။

“လက်ရှိနိုင်ငံရေးအခြေအနေအောက်မှာ အဲဒါတွေက လုပ်ရမဲ့ကိစ္စတွေ မဟုတ်ဘူး။ အဲဒီလိုလုပ်နေတာတွေက တကယ်တမ်းတော့ လက်ရှိစစ်အုပ်စုကို တရားဝင်တယ်လို့ အသိအမှတ်ပြုရာရောက်တယ်၊ အဲဒါကို အားပေးအားမြှောက်ပြုတဲ့သူတွေက ပြည်သူရဲ့ ဆန့်ကျင်မှုကို ခံရမှာပဲ” ဟု ၎င်းက ပြောသည်။  

UPDJC တွင် အစိုးရ၊ လွှတ်တော်၊ စစ်တပ် သုံးခုပေါင်းထားသည့် အစုအဖွဲ့၊ အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

အရပ်သားအစိုးရဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် UPDJC တွင် ပါဝင်ခဲ့သူများတွင် စစ်ကောင်စီက ဖမ်းဆီးခံထားသူများနှင့် တိမ်းရှောင်နေရသူများလည်း ရှိသည်။​

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့တွင် KNU၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ မပါဝင်သည့် အခြေအနေဖြစ်သည်။

UPDJC တွင် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ကော်မတီတွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည်။ သို့သော် အာဏာသိမ်းပြီးနောက် UPDJC အမည်ခံပြီး ဆွေးနွေးပွဲလုပ်နေကြခြင်းသည် အဓိပ္ပာယ်မရှိဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။

“အာဏာသိမ်းလိုက်ပြီဆိုကတည်းက တရားမဝင်တဲ့အစိုးရဖြစ်နေပြီ၊ အဲဒါတွေက လွန်ကုန်ပြီ၊ အာဏာသိမ်းလိုက်ပြီးကတည်းက UPDJC တို့ ဘာတို့ ညာတို့ဆိုတာ မရှိတော့ဘူး၊ စကားထဲ ထည့်ပြောစရာကို မလိုတာ၊ အဲဒါတွေက အကုန်ပျက်ကုန်ပြီ” ဟု ၎င်းက ပြောသည်။

သို့သော် စိုင်းအိုက်ပေါင်းကမူ သူပါဝင်နေသည့် ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ကာကွယ်ပြောဆိုသည်။

“လွှတ်တော်မရှိပေမဲ့ အာဏာ ၃ ရပ်က တစ်ယောက်တည်း (စစ်ခေါင်းဆောင်) ကိုင်ထားတာကိုးဗျ၊ နောင် ရွေးကောက်ပွဲပေါ်လာပြီး အဲဒီရွေးကောက်ပွဲက ပေါ်လာတဲ့ လွှတ်တော်ကနေ အတည်ပြုလိုက်တယ် ဆိုရင် ပြီးသွားတာပေါ့ဗျာ” ဟု စိုင်းအိုက်ပေါင်းက ပြောသည်။

စစ်တပ်၏ ဖက်ဒရယ်ကမ်းလှမ်းချက် 

ဒေသအသီးသီး အန်တုမှုများကို ဖမ်းဆီးသတ်ဖြတ်၊ ရွာမီးရှို့သည့်နည်းလမ်းနှင့် ဖြေရှင်းနေသော စစ်ကောင်စီက ၎င်းတို့၏ အခြေခံဥပဒေပြင်ဆင်ရေးကို မက်လုံးပေးကမ်းလှမ်းမှုများနှင့် ဆက်လက် လုပ်ကိုင်နေသည်။

စိုင်းအိုက်ပေါင်း ဦးဆောင်သည့် UPDJC က စစ်ကောင်စီနှင့် ဆွေးနွေးရာတွင် အခြေခံဥပဒေ၏ နောက်ဆုံးပိုင်းပါ ဇယား ၁၊ ၂၊ ၃ များထဲမှ တချို့ကို နေရာရွှေ့ပြောင်းနိုင်ရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

“ဇယား ၁ ကနေပြီးတော့ ၂ ကို တော်တော်များများ ပြောင်းတာရှိတယ်ဗျ၊ ဒီလိုရွှေ့ပြောင်းနိုင်တယ်ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ့်အစိုးရရန်ပုံငွေနဲ့ ဖြစ်လာမယ်၊ အခွန်အခတွေ ကိုယ့်ဟာကိုယ် ကောက်မယ်၊ ကိုယ့်ပြည်နယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်မယ်၊ ဒါတွေလုပ်လို့ရတာပေါ့” ဟု စိုင်းအိုက်ပေါင်းက ပြောသည်။

အခြေခံဥပဒေနောက်ဆက်တွဲ ဇယား ၁ ပါ အချက်များတွင် ပြည်ထောင်စုလုပ်ပိုင်ခွင့်အဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ၊ တရားစီရင်ရေး စသည့်အချက်များ ပါဝင်သည်။

ထိုဇယား ၁ ပါ အချက်အချို့ကို ဇယား ၂ သို့ ရွှေ့ပြောင်းနိုင်လျှင် တိုင်းဒေကြီးနှင့် ပြည်နယ်အစိုးရတို့ လုပ်ပိုင်ခွင့်ပိုရမည် ဖြစ်သည်။ 

ဇယား ၅ တွင် မြေယာခွန်၊ ယစ်မျိုးခွန်၊ လမ်းတံတားဖြတ်သန်းခ၊ သစ်တောထွက်ပစ္စည်းများမှ ကောက်ခံသည့် အခွန်အခများကို တိုင်းနှင့်ပြည်နယ် အစိုးရများထံ လုပ်ပိုင်ခွင့်ပေးထားသည်။

အဆိုပါ ဇယားများပါ အချက်များကို ဆွေးနွေးခြင်း၊ ရွှေ့ပြောင်းခြင်းဖြင့် ဖက်ဒရယ်ကို အခြေခံထားသည့် အခြေခံဥပဒေဟု စစ်ခေါင်းဆောင်က လေသံပစ်ကာ တိုင်းရင်းသားများကို စည်းရုံးခြင်းဖြစ်သည်။ ထိုဇယားများ ပြင်ဆင်၊ ဖြည့်စွက်ခြင်းကို ၂၀၀၈ အခြေခံဥပဒေက ကန့်သတ်မထားဘဲ လွှတ်တော်က ဥပဒေပြုပေးရုံသာရှိသည်။

စိုင်းအိုက်ပေါင်းက စစ်ကောင်စီ၏ ဆွေးနွေးကမ်းလှမ်းချက်မှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများကြား အာဏာခွဲဝေမှုအတွက် အလားအလာကောင်းသည်ဟု ဆိုသည်။

“သဘောက Power Sharing, State Sharing, Resource Sharing (အာဏာ၊ ပြည်နယ်၊ သယံဇာ ခွဲဝေမှု) အဲဒီမူထဲတော့ ပါဝင်သွားတာပေါ့၊ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသွားမဲ့သဘောပေါ့ဗျာ ကိုယ့်အစိုးရဖြစ်သွားပြီ” ဟု စိုင်းအိုက်ပေါင်းက ပြောသည်။

ဇယားကွက်ရွှေ့ရုံဖြင့် ဖက်ဒရယ်ဖြစ်နိုင်သလား

စစ်ဗိုလ်ချုပ်များထံမှ ဖယ်ဒရယ်အသံ လှိုင်လှိုင်ထွက်နေခြင်းမှာ ၎င်းတို့၏ အနာဂတ်နိုင်ငံရေးအကျိုးအမြတ်အတွက် စည်းရုံးရေးဆင်းခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

“၂၀၂၃ ရွေးကောက်ပွဲအတွက် ကြော်ငြာဝင်နေတာ၊ အားယူနေတာ။ ဘယ်လိုယူတာလဲဆိုတော့  … ငါတို့နဲ့ပဲပေါင်း ဟိုကောင်တွေနဲ့ ပေါင်းမနေနဲ့၊ ငါတို့က ဖက်ဒရယ်ပေးမယ်၊ အခြေခံဥပဒေလည်း အခုလေ့လာနေပြီပေါ့၊ ဒီဥပဒေတွေလည်း ပြင်ပေးမှာပေါ့ဗျာ၊ ဒီလမ်းကိုသွားနေတာ” ဟု နိုင်ငံရေးလေ့လာသူ ဦးကြီးမြင့်က ဆိုသည်။ 

စစ်ကောင်စီ၏ အခြေခံဥပဒေပြင်ဆင်ရေး အသံလွှင့် ကြိုးပမ်းမှုများတွင် တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိရန်နှင့် တိုင်းရင်းသားတန်းတူညီမျှရေးအတွက် အာမခံပေးနိုင်မည့် ပုဒ်မများပြင်ဆင်ရန် အရိပ်အယောင်မျှ မတွေ့ရပေ။ 

ထို့ပြင် ဒီမိုကရေစီနည်းကျမဟုတ်ဘဲ လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် တပ်ကိုယ်စားလှယ်အရေအတွက် လျှော့ချရပေးရန်လည်း လေသံမပစ်သေးသလို ဆွေးနွေးဘက်များထံတွင်လည်း ထိုသို့တောင်းဆိုသည်ဟူသော အရိပ်အယောင် မတွေ့ရသေးပေ။

ယင်းအပြင် နဝတ၊ နအဖ စစ်အစိုးရများ၏ လုပ်ဆောင်ခဲ့မှုများအတွက် အကာအကွယ်ပေးထားပြီး နောက်ကြောင်းပြန် အရေးမယူရန် တားမြစ်ထားသည့် ပုဒ်မ ၄၄၅ ကဲ့သို့သော နိုင်ငံတကာအခြေခံဥပဒေများတွင် တွေ့ရခဲသည့် ပုဒ်မလည်း မြန်မာ့ ၂၀၀၈ ခြေဥတွင် ရှိနေသည်။

ထို့ကြောင့် စစ်ကောင်စီက ပြင်ဆင်ပေးမည့် ဖက်ဒရယ်အခြေခံဥပဒေဟူသည် အမည်ခံဖက်ဒရယ်သာ ဖြစ်လိမ့်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။ 

“အဲဒါကြီး တဝဲလည်လည်နဲ့ ၂၀၀၈ ကို သွားပြင်နေလို့တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု သူက ဆိုသည်။ 

“ကျွန်တော်တို့ရဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒကတော့ စစ်တပ်က လုံးဝနိုင်ငံရေးထဲက ထွက်ရမယ်၊ စစ်တပ်က သူ့နေရာသူ ပြန်နေရမယ်၊ အဲဒါကြောင့် နိုင်ငံရေးထဲက ထွက်ပါ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်ဖို့အတွက် အနာဂတ်ပြည်ထောင်စုအတွက် လိုအပ်တဲ့ အခြေခံဥပဒေမျိုးကို ကျွန်တော်တို့ရေးဆွဲမယ်”   

ဗိုလ်ချုပ်ကြီးများ၏ သဘောထားအမှန်

အခြေခံဥပဒေပြင်ဆင်ရန် NLD က ၂၀၂၀ နှစ်ဦးပိုင်းတွင် လွှတ်တော်အတွင်း ကြိုးပမ်းခဲ့သေးသည်။ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းကာ ဖွဲ့စည်းပုံပြင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အခန်း ၁၅ စာမျက်နှာ ၁၉၄ မျက်နှာသာရှိသည့် ၂၀၀၈ ခြေဥကို ပြင်ဆင်ရန် အချက်ပေါင်း ၃,၇၆၅ ချက်ကို လွှတ်တော်အတွင်းဆွေးနွေးရန် ကော်မတီက တင်ပြခဲ့သည်။

အကြိတ်အနယ်ရှိလှသော ထိုဆွေးနွေးမှုများတွင် စစ်ဗိုလ်အမတ်များနှင့် NLD ဦးဆောင်သည့် အမတ်များအကြား အချေအတင်ဖြစ်ခဲ့သည်။

တပ်အမတ် ဗိုလ်မှူးချုပ် ရဲနိုင်မျိုးက “အခြေခံဥပဒေပြင်ဆင်ရေးကိုပဲ လုပ်နေရင် နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်စေမှာဖြစ်ပါတယ်၊ ဒါ့အပြင် တိုင်းပြည်အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ရမဲ့လုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေမယ်” ဟု ၂၀၂၀ မတ်လ ၄ ရက်တွင် လွှတ်တော်တွင်း ဆွေးနွေးခဲ့သည်။

အလားတူ ၂၀၂၀ ဖေဖော်ဝါရီ  ၂၅ လွှတ်တော်တွင်းဆွေးနွေးမှုတွင်လည်း ဗိုလ်မှူးထက်လင်းက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ၉ နှစ်သာရှိသေးသည်ဆိုကာ “အကြမ်းဖက်သောင်းကျန်းမှုများ၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေပြီး နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးစော်ကားရန် ကြံရွယ်လုပ်ဆောင်မှုများရှိနေတာကို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်” ဆိုကာ ခြေဥပြင်ရေး ကန့်ကွက်ခဲ့သည်။

လွှတ်တော်တွင်းဆွေးနွေးမှုများတွင် တပ်ကိုယ်စားလှယ်များက အုပ်စုလိုက် အင်အားပြ မတ်တတ်ရပ်ကန့်ကွက်ခြင်း၊ အော်ဟစ်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က လွှတ်တော်နာယကဖြစ်သူ ဦးတီခွန်မြတ်က ဥပဒေအရ အရေးယူ၍ရကြောင်း သတိပေးရသည်အထိ ခြေဥပြင်ရေးနှင့် ပတ်သက်၍ စစ်တပ်၏ တင်းမာသည့် သဘောထားကို ပြသခဲ့ကြသည်။

ယခုမူ ဖက်ဒရယ်ဟူသော စကားလုံးကို စစ်ခေါင်းဆောင်က ယင်း၏ နိုင်ငံရေးရည်ရွယ်ချက်များ အထမြောက်ရန် ထုတ်သုံးလာသည်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် တစ်ချိန်က ဆတ်ဆတ်ထိမခံခဲ့သည့် စစ်တပ်သည် အခြေခံဥပဒေပါ ပြင်သင့်သည့်အချက်များကို ဆွေးနွေးရန်လည်း ဖိတ်ခေါ်ကာ ပါတီငယ်များကိုလည်း စည်းရုံးနေသည်။ 

ပါတီငယ်များကို စည်းရုံးခြင်း 

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် မရှုမလှရှုံးခဲ့ကြသည့် ပါတီငယ်များကိုလည်း လွှတ်တော်ထဲရောက်နိုင်မည့် မက်လုံးတစ်ခု ပေးလာသည်။ အနာဂတ်ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ် (Proportional Representation –  PR) ကျင့်သုံးရေး မက်လုံးဖြစ်သည်။ 

၂၀၂၁ အောက်တိုဘာ ၉ တွင် စစ်ကောင်စီက နိုင်ငံရေးပါတီများကို ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်စနိုင်ရန် ဆွေးနွေးလိုသည်ဟု ဖိတ်ခေါ်ကာ PR နှင့် ပတ်သက်ပြီး စစ်တပ်က သုတေသနလုပ်ဆောင်ထားမှုများအကြောင်း ဒုဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ပါတီခေါင်းဆောင်များကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးလေ့ရှိသည့် ပါတီများက PR ကို သဘောတွေ့ကြရာ ထိုသို့ သဘောကျသူများထဲတွင် စစ်တပ်က ထူထောင်ပေးထားသည့် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီက ထိပ်ဆုံးမှ ပါဝင်သည်ကို တွေ့ရသည်။

ပါတီ၏ ၂၀၂၂ ဖေဖော်ဝါရီ ၂ ထုတ်ပြန်ချက်တွင် “PR စနစ် ကျင့်သုံးခြင်းသည် ရရှိသည့် မဲဆန္ဒအရေအတွက်နှင့် ကိုယ်စားလှယ်အချိုးအစား အလွန်နီးကပ်စွာအချိုးကျရနိုင်သည့် စနစ်ဖြစ်သဖြင့် ပိုမိုမျှတသည့် စနစ်ဟု ယုံကြည်ပါ၍ ကျင့်သုံးရန် ထောက်ခံပါသည်” ဟု ဖော်ပြထားသည်။

ကြံ့ခိုင်ရေးပါတီသည် ရန်​ကုန်​တိုင်းအတွင်းရှိ ခရိုင် (​၄) ခု မှ ပါတီဥက္ကဋ္ဌနှင့်​ အတွင်း​ရေးမှူးများပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ဇွန်လ ၂၄ ရက်တွင် ပြုလုပ်ခဲ့ပြီး PR စနစ်အကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။ ယင်းအပြင် လှည်းကူး၊ ကျောက်ဆည်၊ မိတတ္ထီလာမြို့တို့မှ သက်ဆိုင်ရာခရိုင် ဥက္ကဋ္ဌများနှင့် ပါတီဝင်များ PR စနစ်အကြောင်း သီးခြားစီ ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။

အင်အားကြီးတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်ကမူ စစ်တပ်က လေသံပစ်ထားသည့် ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပါတီများ ရှိနေသည်ဟု ဆိုသည်။

“အခုရွေးကောက်ပွဲကိစ္စမှာ စိတ်ဝင်စားနေတဲ့ပါတီတွေက ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ မနိုင်ခဲ့တဲ့ပါတီတွေပဲ၊ နောက်တစ်ခါလာရင် ကြိုးစားချင်တဲ့သူတွေပေါ့။ PR ဖြစ်လာရင် အဆင်ပြေမလားဆိုပြီးတော့ မျှော်လင့်ထားတဲ့လူတွေပါဗျာ” ဟု ဆိုသည်။

အာဏာသိမ်းခေါင်းဆောင်၏ သမ္မတအိပ်မက်

ခြေဥနောက်ဆုံးပိုင်းပါ ဇယား ၁၊ ၂၊ ၃၊ ၅ တို့ ပြင်ဆင်နိုင်ရန် တိုင်းရင်းသားများနှင့် ဆွေးနွေးမည့်အကြောင်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ဇွန် ၁၄ တွင် ထုတ်ပြောသည်။

၎င်းတို့၏ ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီး ၂၀၂၃ ရွေးကောက်ပွဲတွင်လည်း PR ကို ကျင့်သုံးမည်ဟု ဆိုသည်။

တိုင်းရင်းသားများကို ဖက်ဒရယ်စကားလုံးဖြင့် စည်းရုံးနေသလို လာမည့်နှစ်ရွေးကောက်ပွဲကို ပြောထားသည့်အတိုင်း လုပ်ဖြစ်ပါက PR စနစ်ကြောင့်နိုင်မည့် ပါတီငယ်များ ရှိလာမည်ဖြစ်ရာ အဆိုပါ အာဏာသိမ်းခေါင်းဆောင် သမ္မတဖြစ်ရေး လမ်းခင်းမှုများဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။

“ရွေးကောက်ပွဲလည်း လုပ်မယ်၊ လွှတ်တော်လည်း ရှိတယ်၊ သူ့စိတ်ကြိုက်ကိုယ်စားလှယ်တွေလည်း ရှိတယ်၊ မင်းအောင်လှိုင်အနေနဲ့ကတော့ သူ နဂိုကရည်မှန်းထားတဲ့ အင်္ဂါစဉ်မှာ နံပတ် ၁ နေရာဖြစ်တဲ့ သမ္မတရာထူးကိုလည်း ယူလိမ့်မယ်”  ဦးသန်းစိုးနိုင်က ပြောသည်။

“သူ့ဘဝမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအရ အင်္ဂါစဉ် အဆင့် ၅ ရောက်နေတာလောက် ညှိုးငယ်သေးသိမ်တာမရှိဘူး သူက ၁ ဖြစ်ချင်နေတယ်” ဟုလည်း ပြောသည်။

စစ်ဗိုလ်ချုပ်များ ပြောသည့်အတိုင်း လာမည့်နှစ် ရွေးကောက်ပွဲလုပ်ဖြစ်လျှင် NLD ပါတီ ပါဝင်ယှဉ်ပြိုင်မည် သို့မဟုတ် ဖျက်သိမ်းခံရမည်ဆိုသည့် အခြေနှစ်ရပ်ရှိနေသည်။ အဆိုပါအခြေအနေတွင် ၂၀၀၈ ခြေဥအရ လွှတ်တော်အတွင်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက်ရယူထားခြင်းကလည်း မင်းအောင်လှိုင် သမ္မတဖြစ်ရေး အထောက်အပံ့ကောင်းတစ်ခု ဖြစ်နေသည်။  

၂၀၂၀ ဖေဖော်ဝါရီ ၁ တွင် ဒုသမ္မတ ဦးမြင့်ဆွေထံမှ နိုင်ငံအာဏာကို ရယူခဲ့ရသည်ဟု ဆိုသော အစီအစဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အခမ်းအနားတက် စစ်ဝတ်စုံ အစိမ်းနုရောင်ဖြင့် တွေ့မြင်ရသည်။

၂၀၂၁ ဇွန်လ ပထမပတ်တွင် ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ Mr. Peter Maurer နှင့် တွေ့ဆုံကြောင်း သတင်းထုတ်ပြန်ချက်တွင် သူက သီဟာသနပလ္လင်ရှေ့တွင် စစ်ဝတ်စုံဝတ်လျက် မတ်တတ်ရပ်နေသည်။ အဆိုပါနေရာသည် သမ္မတအိမ်တော်ဖြစ်ခဲ့ပြီး ယခုမူ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ၏ရုံးခန်းအဖြစ် အမည်ပြောင်းထားသည်။

သို့သော် ၂၀၂၂  မတ် ၂၇ နောက်ပိုင်းတွင် သူ့ကို စစ်ဝတ်စုံဖြင့် တွေ့မြင်ရမှု နည်းပါးသွားခဲ့သည်၊ စစ်ကောင်စီဝါဒဖြန့် မီဒီယာများ၏ သတင်းထုတ်လွှင့်မှုများတွင် သူ့ကို တိုက်ပုံအဖြူနှင့် ပိုတွေ့လာရသည်။

အာဏာသိမ်းအပြီး ၆ လအကြာတွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဟူသော ရာထူးသစ်ယူလိုက်သည့် စစ်ခေါင်းဆောင်က ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံအဆင့်စီမံကိန်းများ၊ ပညာရေး၊ ကျန်းမာရေးစသည့် အစည်းအဝေးများကို တိုက်ပုံဝတ်ပြီး တက်ကြောင်း ဓာတ်ပုံများ ဆက်တိုက် ထုတ်ပြန်လာသည်။ 

ထိုအခြေအနေတွင် သူ၏ လက်ထောက် ဒုတပ်ချုပ် စိုးဝင်းမှာမူ အနယ်နယ်အရပ်ရပ် တပ်ရင်းတပ်ဖွဲ့များသို့ လှည့်လှည်ကာ စည်းရုံးရေးဆင်းနေသည်ကို တွေ့ရသည်။

စစ်ခေါင်းဆောင်က သူသည် စစ်တပ်တွင် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းခဲ့ပြီး စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိခြင်းကြောင့် ပြည်သူ့ဆန္ဒပေါ် မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမည်ဟု ၂၀၂၀ ဇွန်လ ရုရှားနိုင်ငံခရီးစဉ်အတွင်း Arguments and Facts သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောခဲ့ခြင်းကြောင့် သူ၏ နိုင်ငံရေးရည်မှန်းချက်ကို တွက်ဆနိုင်သည်။

အာဏာသိမ်းပြီးပြီးချင်း အရေးတကြီးလုပ်ဆောင်ချက်များထဲတွင်လည်း တပ်ချုပ်ရာထူးအတွက် အသက်ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ကာ သူ့ကိုယ်သူ ရာသက်ပန် တပ်ချုပ်လုပ်ခွင့် ပေးလိုက်သည်။

နိုင်ငံရေးလေ့လာသူ ဦးကြီးမြင့်က အာဏာသိမ်းခေါင်းဆောင်သည် ပြည်သူ့ချဉ်ဖတ်ဖြစ်နေသောကြောင့် ဆန္ဒမပြည့်နိုင်ဟု မှတ်ချက်ပြုသည်။ “လူထု မထောက်ခံတဲ့၊ လူထုက မုန်းတီးနေတဲ့ စစ်တပ်က လုပ်တာတော့ ဘယ်ဟာမှ အောင်မြင်မှာ မဟုတ်ဘူး” ဟု ရှေ့နေ ဦးကြီးမြင့်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button