
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပြန်အလှန်ဖမ်းဆီးမှုများရှိနေသည့် ရခိုင်ပြည်နယ်တွင် ဒေသခံမဟုတ်သည့် ခရီးသွားများကိုပါ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။
ဇွန် ၂၂ တွင် အဖမ်းခံရသည့် ခရီးသွား အမျိုးသား ၃ ဦးမှာ အလုပ်ကိစ္စဖြင့် မြောက်ဦးမြို့သို့ ရောက်နေသည့် ချင်းပြည်နယ်၊ မတူပီမြို့နယ် ဆီလ်ဟဲကျေးရွာမှ အောက်ချင်းထင်ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးလင်လန်၊ ဟုန်းကျေးရွာမှ ဖွေးအိုင်၊ ဦးဖြိုးဝေ ဆိုသူတို့ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။
“ဟုန်းကျေးရွာနားမှာ လမ်းတူးနေကြတယ်။ အဲဒီကိစ္စနဲ့ မြောက်ဦးကို လာတာဖြစ်မယ်။ စက်ပစ္စည်းတွေလည်း မှာတာရှိတယ်။ ပစ္စည်းရောက်လာလို့ ကားကြီးကွင်းလာတဲ့အချိန်မှာ ဂိတ်မှာ အဖမ်းခံရတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အထက်ပါ ဒေသခံက ပြောသည်။
“ကားဂိတ်ကို သုံးဘီးနဲ့ သွားတဲ့အချိန်မှာ အဖမ်းခံရတာလို့ သုံးဘီးသမားက လာပြောလို့ သိရပါတယ်”
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ဆက်ဆံရေးတင်းမာလျက်ရှိပြီး ယခုလ ဒုတိယပတ်မှစ၍ အပြန်အလှန်ဖမ်းဆီးမှုများရှိနေသည်။ ဇွန်လ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ ဒေသခံ နှစ်ဦးကိုလည်း စစ်ကောင်စီတပ်သားများက ဖမ်းဆီးထားသည်။
စစ်တွေမြို့တွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ဇွန်လ ၂၃ ရက်တွင် AA က ဖမ်းဆီးခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်သည် စစ်တွေမြို့အတွင်း ရှာဖွေစစ်ဆေးခဲ့ပြီး ဒေသခံ ၁၃ ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သည်။
မြောက်ဦးမြို့ပေါ်တွင်လည်း ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) သုံးဦးကို AA က ဖမ်းဆီးခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်သားများ စစ်ကား ၄ စီးဖြင့် ဝင်ရောက်လာကာ မြို့ခံအချို့ကို လိုက်လံဖမ်းဆီးခဲ့သည်။
မြို့တွင်း ပိတ်ဆို့ စစ်ဆေးသည့် စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက်ဖမ်းဆီးရာ ကျောင်းသားလူငယ်များနှင့် ဒေသခံ အငှားယာဉ်မောင်းများအပါအဝင် လူပေါင်း ၃၀ ထက်မနည်းကို ဖမ်းသွားကြောင်း မြို့ခံများထံမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့တွင်လည်း အရပ်ဝတ်နှင့် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဇွန် ၁၆ တွင် AA က ဖမ်းဆီးခဲ့သည်။
ထို့နောက် ဇွန် ၁၈ တွင် ပုဏ္ဏားကျွန်းမြို့သို့ နယ်ဘက်မှ စျေးဝယ်လာသူတချို့အပါအဝင် လူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသည်။
စစ်ကောင်စီတပ်သည် AA တပ်ဖွဲ့ဝင်နေအိမ်များကို ညအချိန် ဝင်ရောက်ဖမ်းဆီးခြင်း၊ မေလနှင့် ဇွန်လအတွင်း AA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးထားခြင်းတို့ကြောင့် တုံ့ပြန်ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“သူတို့က ဒီအတိုင်းဆက်လုပ်နေရင် ကျွန်တော်တို့ကလည်း အဲဒီအတိုင်းပဲ ပြန်ပြီးတုံ့ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်၊ မြောက်ဦးမြို့နယ်များတွင် ယခုလ ဒုတိယပတ်မှ စတင်သည့် ထိုဖြစ်ရပ်များတွင် ဖမ်းဆီးခံအရေအတွက်အတိအကျနှင့် ဖမ်းဆီးခံတို့ ပြန်လွတ်လာသည့်အခြေအနေများကို Myanmar Now က ဆက်လက်စုံစမ်းဆဲဖြစ်သည်။ စစ်ကောင်စီက ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်နှင့် AA တို့ ဆက်ဆံရေးတင်းမာနေပြီး ဒေသတွင်း ရှုပ်ထွေးနေသည့်အခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပေါ်ပေါက်ရန် ဖန်တီးမှုများရှိနေသည်ဟု ဇွန် ၂၁ ရက်တွင် AA က သတိပေးချက်ထုတ်ထားသည်။
“ရန်သူသည် ယင်းလုပ်ရပ်များကို ၎င်းတို့၏ လက်ကိုင်တုတ်ရခိုင်တချို့၊ အမျိုးသားသစ္စာဖောက်တချို့နှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရခိုင်စကားပြောတတ်သူများကို အသုံးချ ခိုင်းစေကြောင်း တွေ့ရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)