
(ရန်ကုန်) — ချင်းပါတီ များစွာ ရှိနေသောကြောင့် ရွေးချယ်ရခက်နေသည့် မဲဆန္ဒရှင်အများအပြားအတွက် သတင်းကောင်းတစ်ခု ရှိနေသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြိုတင် အသိပေးထားသည့်အတိုင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပေါင်းစည်းကာ ပါတီသစ်တစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း ချင်းနိုင်ငံရေးသမားတို့က ယနေ့ ရန်ကုန်တွင် အခမ်းအနားကျင်းပပြီး ကြေညာလိုက်သည်။
ပါတီကို ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (Chin National League for Democracy) ဟု အမည်ပေးထားသည်။
ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က စစ်မှန်သည့် ဖက်ဒရယ်နိုင်ငံတော်ထူထောင်နိုင်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး၊ ချင်းတိုင်းရင်းသားတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ရေး၊ မိမိအမျိုးသားတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ပေါင်းစည်းခြင်းဖြစ်သည်ဟု ပြောသည်။
ချင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးငိုင်ဆာ့ခ်က ပေါင်းစည်းမှု ရေရှေတည်တံ့ခိုင်မြဲရန်၊ ချင်းအမျိုးသားတစ်ရပ်လုံးကို အမှန်တကယ် ကိုယ်စားပြုသည့် ပါတီဖြစ်ရန် ရည်ရွယ်ထားသည့်အလျောက် စနစ်တကျ တိုင်ပင်ပြီး ဖွဲ့စည်းထား သည်ဟု ပြောသည်။
ကာလအတန်ကြာ ဆွေးနွေးပြီးနောက် ပေါင်းစည်းရေး အထမြောက် အောင်မြင်ခဲ့ကြောင်း သိရသည်။
လာမည့် ၂ နှစ်အကြာတွင် ပေါ်ပေါက်လာမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် ၉ မြို့နယ်ရှိ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၈ ခုတွင် အနိုင်ရမည်ဟု မျှော်လင့်ထားကြောင်း ဦးဇိုဇမ်က ပြောသည်။
ပါတီသစ်ကို ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ရန်လည်း ပြင်ဆင်နေသည်ဟု သိရသည်။