သတင်း

ဖယ်ခုံတွင် ပစ္စည်းခိုးပြီး ပြန်လာသော စစ်တပ်နှင့် PNO ချုံခိုတိုက်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ပစ္စည်းခိုးယူပြီး ပြန်လာသော စစ်ကောင်စီတပ်ကို ဇွန် ၁၉ တွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ဖယ်ခုံအင်းအရှေ့ဘက်ရှိ လဟယ်၊ မခေခမ်းနှင့် လွယ်ပေါကျေးရွာတို့မှ မြေသြဇာအိတ်များ၊ ပြောင်းမျိုးစေ့အိတ်များ၊ လက်တွန်းလယ်ထွန်စက်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တန်းကို ထိုနေ့ မွန်းလွဲ ၁ နာရီခန့်က ဆောင်နန်းခဲနှင့် လွယ်ပေါကျေးရွာကြားတွင် တိုက်ခိုက်ခဲ့သည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်သားများနှင့်အတူ ပအိုဝ်းပြည်သူ့စစ် (PNO) တို့လည်း ပါဝင်ကြောင်း၊ ပစ္စည်းတင်ဆောင်လာသည့် သုံးစီးအနက် လူအများဆုံးပါသည့် နောက်ဆုံးမော်တော်ယာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ဝိုင်းပစ်လိုက်တဲ့အခါကျတော့ ပစ္စည်းတွေတင်ထားတဲ့အပေါ်မှာ လူတွေက ထိုင်နေတာ၊ အဲဒီမှာ ခြောက်ယောက်လောက် မိ(ထိ) သွားတယ်၊ အနီးကပ်ပဲဆိုတော့လေ။ ကျွန်တော်တို့မြင်လိုက်တဲ့အတိုင်းအတာအရတော့ လေးယောက်က အဲဒီမှာ သေသွားဖို့များတယ်” ဟု ဖယ်ခုံ PDF တာဝန်ရှိသူက ပြောသည်။

တောင်ပေါ်တွင် စခန်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထဲဝင်ပြီး ပစ္စည်းများ မွှေနှောက်ယူကာ ကြက်များလည်း ခိုးယူစားသောက်နေကြောင်း ၎င်းက ပြောသည်။

အရပ်သားအိမ်များမှ ပစ္စည်းခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်နှင့် PNO ထံမှ တုံ့ပြန်ဖြေရှင်းချက် မရနိုင်သေးသလို ထိုတိုက်ခိုက်မှုအကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာတွင် စစ်တပ်နှင့် PNO ပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ဖယ်ခုံအင်းအရှေ့ဘက်တစ်ကြောတွင် စစ်ကောင်စီက စစ်ကြောင်းထိုးကာ မေလနှောင်းပိုင်းမှစ၍ လွယ်မကူးတောင်ပေါ်တွင် စခန်းချထားခြင်းဖြစ်သည်။

“(လွယ်မကူး) တောင်ပေါ် ရောက်လာပြီး နောက်ပိုင်းမှာပဲ စစ်ရှောင်တွေလည်း ရှောင်ပြေးရတယ်။ ကျွန်တော်တို့ဆီက စစ်ကြောင်းတွေလည်း နောက်ဆုတ်ပေးရတဲ့အချိန်မှာ (ပစ္စည်းတွေ) တောက်လျှောက်သယ်တော့တာပဲ” ဟု ဖယ်ခုံ PDF တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲစဖြစ်ချိန်တွင် ဒေသခံ တစ်သောင်းခန့် ထွက်ပြေးခဲ့ရသည်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်၊ ပိန္နဲကုန်း၊ လတယ်၊ မခေ ခမ်း၊ နားဟီး၊ ညောင်မွန်း၊ ငါးမူး၊ ကုန်းပေါ၊ ဆင်ဖြူ၊ နန်းဟူး၊ ရွှေစန်း၊ ဆောင်ဒူလနန်း၊ နောင်လိုင် စသည့် ရွာများအပြင် ဖယ်ခုံအင်းရေလယ်ရှိ လွယ်ပန်းခုံနှင့် ဟိုတိန်းတောင်တို့မှ ဒေသခံတို့ ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် တောင်ဘက်ကျသည့် ဆင်ဖြူ၊ နန်းဟူး၊ ရွှေစန်း၊ ဆောင်ဒူလနန်း၊ နောင်လိုင်၊ လွယ်ပန်းစုံ၊ ဟိုတိန်းတောင် ကျေးရွာတို့မှ ဒေသခံများ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာပြီး မြောက်ဘက်ကျသည့် ကျေးရွာများမှ ဒေသခံများ မပြန်လာနိုင်သေးကြောင်း လွယ်ပန်းစုံရွာခံတစ်ဦးက ပြောသည်။

“ပြန်လာတယ်၊ အခု တောင်ယာလုပ်စားလို့ရတယ်။ စစ်တပ်တွေ မရောက်သေးဘူးပေါ့နော်။ အခုအခြေအနေကတော့ နှစ်ဖက်လည်း ပစ်ခတ်မှုမရှိသေးတော့ နေလို့ရသေးတာပေါ့နော်” ဟု ၎င်းက  ဆိုသည်။

ရွာတွင် တောင်ယာစိုက်ပျိုးမှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးသော်လည်း ရေလုပ်သားများမှာမူ မန္တလေး၊ လွိုင်ကော်နှင့် ဖယ်ခုံမြို့များသို့ လမ်းပိတ်ထားသဖြင့် ဖမ်းဆီးရမိသည့်ငါးများကို မရောင်းချနိုင်တော့ကြောင်း ပြောသည်။

“ငါးဖမ်းလို့တော့ရတယ်။ ဒါပေမဲ့ ထွက်ပေါက်မရှိဘူးပေါ့နော်။ အရေးကြီးတာက ထွက်ပေါက်ပေါ့နော်။ ထွက်ပေါက်အဆင်ပြေမှပဲ ကျွန်တော်တို့ တံငါသည်တွေက အဆင်ပြေမယ်” ဟု ၎င်းက ဆိုသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ ပါဝင်သည့် ကရင်နီဒေသတွင် တိုက်ပွဲများကြောင့် ဒေသခံ နှစ်သိန်းကျော် စစ်ဘေးရှောင်နေရကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button