
ယမန်နေ့ (ဇွန် ၁၅) က ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာတွင် ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့သဖြင့် အဆောက်အအုံများ မီးလောင်ပြာကျခဲ့ရသည့်ပြင် အနီးနားဝန်းကျင်၌ မြေမြှုပ်မိုင်းများပါ ထောင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။
နံနက်ပိုင်းတွင် ဘုရားကျောင်းဝင်းထဲ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး မွန်းလွဲပိုင်း မီးလောင်စဉ် ဘုရားကျောင်း၊ ဓမ္မာရုံနှင့် ဘုန်းတော်ကြီးနေအိမ်တို့ မီးထဲ ပါသွားကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တယ်။ သူတို့က ရွာထဲကို ဆက်ပြီးတိုးလာပြီးတော့ ဘုရားကျောင်းထဲကို ဝင်နေတယ်။ ဘုရားကျောင်းဝိုင်းထဲမှာ သူတို့ရဲ့ ခံတပ်အဖြစ်နဲ့ ဝင်နေပါတယ်။ သူတို့ဆုတ်သွားတဲ့အချိန်မှာ မီးရှို့ပစ်လိုက်တယ်” ဟု သူက ပြောသည်။
လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးဘေး ဒေါညေးခူကျေးရွာအနီး ပြီးခဲ့သည့် ဇွန် ၁၀ မှ ၁၅ အထိ စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေရာ စစ်တပ်ဘက်က ၁၀ ဦး ထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အမြားကို ကရင်နီတပ်များက သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ တိုက်ပွဲတွင် အရေးနိမ့်ခဲ့သော စစ်ကောင်စီတပ်သည် ဘုရားကျောင်းပရိဝုဏ်ထဲရှိ အဆောက်အအုံများကို မီးရှို့သည့်ပြင် ဒေသခံတို့ သေကျေပျက်စီးစေရန် မိုင်းထောင်ခဲ့ကြောင်း သိရသည်။
“မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တယ်။ ဘုရားကျောင်းဝင်း မြက်ခင်းတွေမှာ ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်နှလုံးရှိတယ်လို့တော့ မပြောနိုင်ဘူး။ ဆယ်ဂဏန်းလောက်တော့ ရှိနိုင်တယ်။ အားလုံးကို ကျွန်တော်တို့ မဖော်နိုင်ဘူး” ဟု အထက်ပါပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
ဘုရားကျောင်း မီးရှို့မခံရမီ တစ်ရက်အလို ဇွန်လ ၁၄ ရက်ကလည်း ဒေါညေးခူကျေးရွာအတွင်းရှိ နေအိမ်လေးလုံးကို စစ်တပ်က မီးရှို့ခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖရူဆိုမြို့ပေါ်ဘက်သို့ ပြန်ဆုတ်သွားကြောင်းသိရပြီး ကရင်နီတပ်များ၏ အနီးအနားတွင်ပင် ရှိနေကြောင်း၊ တပ်မ ၆၆ လက်အောက်ခံ စစ်သားများဖြစ်ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်၏ အပြုအမူနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဖုန်းဆက်မေးမြန်းနိုင်ခြင်း မရှိပေ။ ကျေးရွာရပ်ကွင်းအတွင်း မီးရှို့မှုမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။

ဇွန်လ လဆန်းပိုင်းမှစ၍ လွိုင်ကော်-ဘောလခဲလမ်းမကြီးပေါ်ရှိ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ၊ သေးဆူလဲ၊ ဟိုဖိတ်၊ စံပြ ၆ မိုင်၊ ဒေါခလိုက်လင်းကျေးရွာတို့ကို လွိုင်ကော်ဘက်မှ စစ်ကြောင်းထိုးသကဲ့သို့ ဇွန်လ ဒုတိယပတ်တွင် ဖရူဆိုမြို့နယ်ဘက်မှလည်း စစ်ကြောင်းများထိုးလာခြင်းဖြစ်သည်။
“သူတို့က အဓိကတော့ ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း သွားတဲ့ လမ်းမကြီးကို ထိန်းချင်တာ။ သူတို့ အဲဒီလမ်းမကြီးကနေ ရိက္ခာပို့တာတွေ တပ်အချိန်းအပြောင်းလုပ်နိုင်ဖို့အတွက် အခုလိုမျိုး စစ်ကြောင်းထိုးလာတယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်” ဟု ၎င်းက ပြောသည်။
ဇွန် ၉ မှ ၁၅ အတွင်း လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးထက်မနည်း သေဆုံးကြောင်း KNDF က ယမန်နေ့ညက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ကဲ့သို့ပင် ဒေသခံတို့၏ လက်နက်ကိုင်ခုခံတော်လှန်မှု အရှိန်မြင့်နေသည့် ကရင်နီပြည်နယ်တွင်လည်း စစ်ကောင်စီက ဘာသာရေးအဆောက်အအုံများပါမကျန် မီးရှို့ဖျက်ဆီးလျက်ရှိသည်။
စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် မီးရှို့မှုကြောင့် ဘာသာရေးအဆောက်အအုံ ၂၀ ပျက်ဆီးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဇွန် ၁ ရက်က ထုတ်ပြန်သည်။
ဇွန်လ ၉ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့တွင် သက်တမ်းအရင့်ဆုံး ထန်တလန်နှစ်ခြင်းဘုရားကျောင်း မီးရှို့ခံရပြီး တစ်နှစ်ကျော်အတွင်း ပြည်နယ်တစ်ခုလုံးတွင် ဘာသာရေးအဆောက်အအုံ ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)