
ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ချခံထားရသူ လေးဦးကို ယနေ့ (ဇွန် ၁၆) နံနက်ပိုင်းတွင် ကြိုးပေးကွပ်မျက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သေဒဏ်နှင့် ပတ်သက်၍ မည်သို့မျှ ညွှန်ကြားထားခြင်း မရှိကြောင်း အကျဉ်းဦးစီးဌာနတာဝန်ရှိသူက ပြောသည်။
ယနေ့ နံနက်အစောပိုင်းတွင် အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကို Myanmar Now က ဆက်သွယ်မေးမြန်းရာ၌ “ကျွန်တော်တို့ဆီကို ဘာမှ တင်ပြထားတာ၊ အသိပေးထားတာ မရှိပါဘူးဗျ။ ဘယ်လိုမှ ကျွန်တော်တို့ကို ညွှန်ကြားထားတာ မရှိပါဘူး” ဟု တုံ့ပြန်သည်။
သို့သော် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ကို မည်သည့်နေရာတွင် ထားရှိမှန်းမသိကြောင်း အကျဉ်းဦးစီးဌာနတာဝန်ရှိသူ ဦးခင်ရွှေက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အင်းစိန်ထောင်အတွင်း ကြိုးပေးကွပ်မျက်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။
အင်းစိန်ထောင်အဝင်အထွက်ရှိသူ ရှေ့နေတစ်ဦးကလည်း “ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ကို မနက်ဖြန်မနက် သေဒဏ်ပေးမယ်လို့ နိုင်ငံရေးအကျဉ်းသားတွေ ပြောနေတာ ကြားတယ်” ဟု ယမန်နေ့ ညပိုင်းတွင် ပြောသည်။
စစ်ခုံးရုံးဖြင့် တရားစီရင်ပြီးနောက် သေဒဏ်ချမှတ်ခံထားရသူ ၇၀ ကျော်အနက် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ယခုလ ၁ ရက်တွင် စတင်ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
သေဒဏ်နှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ကန့်ကွက်နေသော်လည်း ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၇ ရက်တွင် ထပ်မံပြောဆိုသည်။ သို့သော် ကွပ်မျက်မည့်အစီအစဉ် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်ရှိ မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသော ဆန့်ကျင်တော်လှန်သူများကို စစ်ခုံရုံးဖြင့် သေဒဏ်စီရင်ခြင်းများရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သေဒဏ်ချမှတ်ခံရ ၇၃ ဦးရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။
စစ်ခုံရုံးဖြင့် အမှု ၂၃ မျိုးကို စီရင်မည်ဖြစ်ကြောင်း၊ သေဒဏ်နှင့် ပတ်သက်၍ စီရင်ချက်အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသာ အတည်ပြုပေးနိုင်ကြောင်းလည်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာစစ်တပ်သည် လူမျိုးသုဉ်းသတ်ဖြတ်မှုကဲ့သို့သော စစ်ရာဇဝတ်မှုမျိုး ဆက်လက်ကျူးလွန်ရန် အလားအလာရှိပြီး ဖမ်းဆီးထားသူများကို ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ရပ်ဆိုင်းရန်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဇွန် ၁၄ တွင် ထုတ်ဖော်ပြောဆိုသည်။
စစ်ကောင်စီ၏ သေဒဏ်အစီအစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ပြစ်တင်ဝေဖန်ထားသည့်နည်းတူ ပြည်တွင်းရှိ နိုင်ငံတကာသံရုံးအချို့ကလည်း တရားမဝင်အစိုးရဖြစ်သော စစ်ကောင်စီအနေဖြင့် ထိုသို့စီရင်ပိုင်ခွင့် မရှိဟု ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)