သတင်း

မော်လိုက်မြို့တွင် ၈ တန်း ကျောင်းသား ၂ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ အနောက်မြောက်ဘက် မော်လိုက်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ၈ တန်း ကျောင်းသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ  ရွာ ၃ ရွာကို မီးရှို့လိုက်သည် ဟု ဒေသခံတို့က ပြောသည်။

ဇွန် ၈ ရက်နေ့တွင် မြို့မြောက်ဘက် မန်ကျည်းတန်းကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ဝင်ရောက်စီးနင်းပြီး  ဆယ်ကျော်သက်အရွယ် ကိုစည်သူနှင့်ကိုဖြိုး ဆိုသူတို့ကို ဖမ်းသွားခြင်းဖြစ်သည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ကြောင်းဝင်လာတော့ ဒေသခံတွေက ရှောင်နှင့်ပြီ။ ကလေးနှစ်ယောက်ကို ဖမ်းပြီးပစ္စည်း သယ်ခိုင်း တယ်။ လမ်းပြခိုင်းတယ်။ပြီးတော့ သတ်ထားခဲ့တာ” ဟု မော်လိုက်မြို့နယ်မှ လုံခြုံရေးအရ အမည် မဖော်လိုသည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသ၌ အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံထားရသဖြင့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကလေး ၂ ဦး၏ ရုပ်အလောင်းဓာတ်ပုံများ မပို့နိုင်သေးဟု သူက ဆိုသည်။

ကလေး ၂ ဦးကို သတ်ဖြတ်သည်ဟူသော ဒေသခံ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

လက်ပြန်ကြိုးတုပ်ခံထားရသည့် အဆိုပါ ကလေးနှစ်ဦးကို စစ်ကောင်စီတပ်က ဓားနှင့် ခုတ်သတ် ထားခြင်းဖြစ်ကြောင်း မော်လိုက်မြို့နယ် PDF တာဝန်ခံ ကိုမိုးဒီက အတည်ပြုသည်။

ထိုစစ်ကြောင်းကို  ဇွန် ၈ နံနက် ၁၁ နာရီဝန်းကျင်တွင်  ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အထိနာပြီး နောက်ကြောင်းပြန်ဆုတ်သွားခဲ့ကြောင်း သူက ဆက်ပြောသည်။ 

ဇွန် ၁၀ တွင် ဖောင်းပြင်မြို့ဘက်မှ လာသည့်စစ်ကြောင်း နှင့် ကလေးမြို့နယ်ဘက်မှ တက်လာသည့် စစ်ကြောင်း နှစ်ခုပေါင်း အင်အား ၁၅၀ နီးပါးက မော်လိုက်မြို့နယ်အတွင်းရှိ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာများကို စစ်ကြောင်းထိုးသည်ဟု သိရသည်။

ထိုနေ့ညနေ ၄ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ထိုစစ်ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု မရှိသော်လည်း ၎င်းတို့ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း ကိုမိုးဒီက ပြောသည်။ 

“ကလေးမြို့ ခမ်းပတ်ဘက်က ဝင်လာတဲ့ စစ်ကြောင်းတစ်ကြောင်းက ကျွန်တော်တို့ နောက်ဘက်က ရောက်န တာကို မသိလိုက်ရဘူး။ ကျွန်တော်တို့ ထွက်သွားပြီး နာရီဝက်လောက် နေတဲ့အချိန်မှာ သူတို့က တောင်ကုန်းနေရာမှာ လက်နက်ကြီးထိုင်ပြီးတော့ ရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ဝင်တယ်။ ကျွန်တော်တို့ကလည်း ဘယ်လို မှ ပြန်ခုခံလို့မရတော့ ပြန်ဆုတ်ခွာခဲ့ရတယ်” ဟု ကိုမိုးဒီက  ပြောသည်။ 

ထိုစစ်ကြောင်းဝင်ခဲ့သည့် မန်ကျည်းတန်း၊ ယုဝ ၊ တပ်ကုန်းရွာတို့မှ နေအိမ် ရာနှင့်ချီ မီးသင့်ပျက်စီးခဲ့ရသည်။

ဇွန် ၁၁ တွင် ထိုစစ်ကြောင်း တပ်စွဲသည့် မန်ကျည်းတန်းရွာ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ကြောင်း၊ ဇွန် ၁၂ တွင် ရွာချင်းကပ်လျက်ဖြစ်သော ယုဝရွာကို ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

“ယုဝရွာဆို အိမ်ခြေစိတ်တယ်။ ကျွန်းသစ်တွေလည်းပေါတော့ ပျဉ်ထောင်အိမ်တွေများတယ်။ မန်ကျည်းတန်းရွာ မှာဆိုလည်း အိမ်သာတောင် မကျန်ဘူး။ တပ်ကုန်းမှာဆိုလည်း လေးငါးနေရာခွဲပြီး ရှို့တာ” ဟု မော်လိုက်မြို့နယ် ဒေသခံ အထက်ပါအမျိုးသမီးက ပြောသည်။

မော်လိုက်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် ဆက်သွယ်ရေးခက်ခဲနေပြီး မီးလောင်ပျက်စီးသည့်အိမ်ခြေအရေအတွက် အတိအကျ သိရရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။ 

စစ်ကောင်စီကမူ ၎င်းတို့၏ တပ်သားများ မီးရှို့မှုကျူးလွန်ခြင်းမရှိဟု မကြာခဏ တုံ့ပြန်တတ်သည်။

 ဇွန် ၁၄  နှင့် ၁၅  တွင်လည်း   မော်လိုက်တွင်  တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ 

ယမန်နေ့ကလည်း ဒေသခံကာကွယ်ရေးအဖွဲ့များ ကုန်တင်ရေယာဉ်တစ်စီးပေါ်မှ မေလအတွင်းက သိမ်းဆည်း ထားသည့် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကို စစ်ကောင်စီတပ်က  ယုဝရွာမှတဆင့် ပြန်လည် သယ်ဆောင်ရန် ကြိုးစားစဥ် တိုက်ပွဲဖြစ်ခဲ့သည်။ 

“အဲ့ဒီစာအုပ်တွေကို သူတို့ကပြန်ယူသွားပြီးတော့ ဖောင်းပြင်ကို ပို့ဖို့ဆိုပြီးတော့ မော်တော်နဲ့ ဆန်တက်လာတယ်။ ဆန်တက်လာတဲ့အချိန်မှာ ဖြတ်တိုက်တော့ တော်တော်အထိနာတယ်။ မော်တော်က ပတ်ချာရမ်းပြီး တစ်ဘက် ကမ်းမှာ ထားခဲ့ရတဲ့အခြေအနေရှိတယ်။ ဒီနေ့က အခုလေးတင် ဖြတ်တိုက်ပြီးတော့ ပြီးသွားတာရှိတယ်။ အခု ပြောနေရင်းနဲ့ကို ဖြစ်နေတာ” ဟု မော်လိုက် PDF တာဝန်ခံ ကိုမိုးဒီ က ဇွန် ၁၅   နံနက်ပိုင်းတွင် ပြောသည်။ 

မော်လိုက်မြို့နယ်အတွင်း  တိုက်ပွဲများတွင်  စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရသူများပြားကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့ များက ပြောသော်လည်း Myanmar Now က သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

ချင်းတွင်းမြစ်ကမ်းဘေးရှိ မော်လိုက်မြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများပြီး မြေပြန့်လွင်ပြင် နည်းပါး သည့်အပြင် အရှေ့ဘက်တွင် ကျွန်းလှမြို့၊ အနောက်ဘက်တွင် တမူးမြို့၊ ကလေးမြို့၊ တောင်ဘက်တွင် ကလေးဝ မြို့တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည်။ 

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း နေသည့်အတွက် မကျည်းတန်း၊ ယုဝ၊ ပရောက်၊ တပ်ကုန်း၊ ဝဲသာ စသည့် ကျေးရွာ ၅ ရွာ တို့မှဒေသခံ ငါးထောင် နီးပါးမှာ မြစ်အရှေ့ဘက်ကမ်းကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေရပြီး စားဝတ်နေရေးနှင့်ဆေးဝါးအခက်အခဲ ကြုံတွေ့နေရသည်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး နယ်မြေစိုးမိုးနိုင်ရေး အပြင်းအထန်ကြိုးစားနေသောကြောင့် တိုက်ပွဲများ ဆက်တိုက် ပြင်း ထန်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button