သတင်း

ရန်ကုန်တွင် နှစ်ရက်အတွင်း လူငယ် ၃၀ ထက်မနည်း အဖမ်းခံရ

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသူများကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးလျက်ရှိရာ နှစ်ရက်အတွင်း လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု သပိတ်ကော်မတီ၊ ကျောင်းသားသမဂ္ဂနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ 

ဇွန် ၁၃ နှင့် ၁၄ ရက် နေ့များက ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေ၊ ရန်ကင်းနှင့် အခြားမြို့နယ်များတွင် အဖမ်းခံရခြင်းဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအထွေထွေသပိတ်ကော်မတီ (GSC) ၏ မြေပြင်တာဝန်ခံဖြစ်သူ ကိုလီယိုက Myanmar Now ကို ပြောသည်။

“၃၀ ကျော်ပြီး ၄၀ ဝန်းကျင်လောက် ရှိလာပါတယ်။ Link (ဆက်စပ်) ရှိတဲ့လူဆိုတာနဲ့ သေနတ်ထောက် လိုက်ပြခိုင်းပြီး ဖမ်းနေတာပါ” ဟု ၎င်းက ပြောသည်။

ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၌ ‘ခေတ်ကောင်းကို ချီတက်ဖို့ စစ်ကျွန်ပညာအမြစ်ဖြတ်စို့’၊ သာကေတမြို့နယ်ရှိ တံတားတစ်ခုတွင် ‘စောက်ပေါလုပ်မနေကြနဲ့ တော်လှန်ရေးက တစ်နှစ်ကျော်ပြီ’ စသော စာတမ်းများချိတ်ဆွဲပြီးနောက် လူငယ်နှစ်ဦး အဖမ်းခံရကြောင်း တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“တစ်ယောက်ကို မိပြီးတော့ ဖော်လိုက်တဲ့အခါမှာ နောက်တစ်ယောက်က ပါသွားတယ်။ (ပထမတစ်ယောက်) အဖမ်းခံရတာ သိပေမဲ့ ည ၁ နာရီလောက်ဖြစ်နေတော့ မနက်မှ စောစောရွှေ့တော့မယ်လုပ်ပေမဲ့ အချိန်မမီဘဲ ပါသွားတာဗျ” ဟု ၎င်းက ပြောသည်။

ကြည့်မြင်တိုင်မှ လူငယ်သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးကလည်း ဇွန်လ ၁၃ ရက်က ၎င်းတို့မြို့နယ်တွင် လူငယ်အချို့အဖမ်းခံရပြီး ၎င်းကိုယ်တိုင်လည်း ရှောင်တိမ်းနေရကာ လုံခြုံသည့်နေရာ မရောက်သေးကြောင်း ပြောသည်။ 

စစ်အာဏာရှင်ဆန့်ကျင်သူများ စုဖွဲ့ထားသည့် ရန်ကုန်ကင်းထောက်ကွန်ရက်၏ အဆိုအရ ရန်ကုန်မြို့နယ်အများစုတွင် စစ်သားနှင့် ရဲများက တိုက်ခန်းများပေါ် ဝင်စစ်ခြင်း၊ လမ်းများပိတ်ဆို့ စစ်ဆေးခြင်း၊ ကားများဖြင့် ကင်းလှည့်နေကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ညအချိန်တွင် ဧည့်စာရင်းစစ်ကာ မြို့ပြဆန္ဒပြသပိတ်များတွင် ပါဝင်သူများကို ဖမ်းဆီးနေကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် သပိတ်ခေါင်းဆောင်တစ်ဦးက ဆိုသည်။ 

“ကျွန်တော်တို့လည်း ညဘက်ဆို ခပ်လန့်လန့်ဖြစ်နဲ့ နေနေရတယ်။ အခန်းတွေကလည်း တစ်ယောက်တည်းနေရဖို့ ငွေကြေး အကုန်အကျမခံနိုင်တာကြောင့် သပိတ်ထဲက လုပ်ဖော်ကိုင်ဖက်တစ်ချို့နဲ့ တွဲပြီး နေနေရတယ်” ဟု ၎င်းက ပြောသည်။

တာမွေ၊ ဩဘာလမ်းတွင် အမျိုးသား နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း၊ စမ်းချောင်းမြို့နယ်တွင် သပိတ်ခေါင်းဆောင် သုံးဦး၊ ကြည့်မြင်တိုင်မြို့နယ် သာဓုလမ်းတွင်လည်း ဖမ်းဆီးခံရသူရှိကြောင်း သိရှိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ဆန္ဒပြသပိတ်ခေါင်းဆောင်ပိုင်းမှ လေးဦးခန့် အဖမ်းခံရသည်ဟု သပိတ်အဖွဲ့နှင့် နီးစပ်သည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“မနေ့ညက ကြည့်မြင်တိုင် အလတ်ချောင်းဘက်မှာ ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို ဖမ်းခေါ်လာပြီးတော့ သူတို့အဖွဲ့က လူတွေကို လိုက်ပြခိုင်းနေတယ်။ စစ်တပ်အင်အား ၃၅ ယောက် လောက်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆန္ဒပြသပိတ်တွင် ပါဝင်သူများအတွက် ရပ်ကွက်နေပြည်သူလူထုက တတ်နိုင်သမျှ ကူညီ ကာကွယ်ပေးစေလိုကြောင်း GSC တာဝန်ခံတစ်ဦးဖြစ်သူ ကိုလီယိုက ပြောသည်။

“အထူးသဖြင့် ရှောင်တိမ်းခိုအောင်းလာရမဲ့ လူငယ်တွေကို သိုသိုသိပ်သိပ်ကူညီပေးဖို့နဲ့ ကာကွယ်ပေးတာမျိုး အဓိက လုပ်ပေးစေချင်ပါတယ်၊ လူထုရင်ခွင်ခိုလှုံခွင့် ပြုစေချင်တာပါ” 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button