သတင်း

မိုးဗြဲတွင် တစ်နေကုန် တိုက်ပွဲဖြစ်၊ အရပ်သားနှစ်ဦးသေဆုံး

ကယားပြည်နယ်အစပ်ဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ယမန်နေ့ (ဇွန် ၇) က တစ်နေကုန် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးသည်ဟု သိရသည်။

စစ်တပ်က လွိုင်ကော်မြို့နယ် ကုန်းသာရွာဘက်မှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ကြောင်း၊ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တင်ရင်းမျူးတစ်ဦးဖြစ်သူ ကိုအောင်မင်းဆိုသူက ပြောသည်။

ကရင်နီပူးပေါင်းတပ်များဘက်တွင် ထိခိုက်သေဆုံးမှု မရှိသော်လည်း ၎င်းတို့၏ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီဘက်တွင် သေဆုံးမှုများရှိကြောင်း၊ စာရင်းအတိအကျ မပြောနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

“မနေ့ညက ဝင်လုံးမယ်ဆိုတော့ သူက (စစ်တပ်) က ပြည်သူနဲ့ပဲ နေပြီး ပြည်သူလည်းများတော့ ဝင်ပစ်လို့ အဆင်မပြေဘူးလေ။ ဒါကြောင့် စနိုက်ပါနဲ့ပဲ ပစ်ကြတာပေါ့။ အနီးကပ်ဝင်ပစ်၊ ဝင်ကြုံးဖို့က ညောင်ဝိုင်းမှာ ပြည်သူတွေ အများကြီးရှိတယ်လေ” ဟု မိုးဗြဲ PDF တပ်ရင်းမှူး ကိုအောင်မင်းက ပြောသည်။

ညပိုင်းတွင် မိုးဗြဲမြို့ထဲမှနေ၍ စစ်တပ် ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲပြီးဆုံးသွားကြောင်း၊ ယနေ့ (ဇွန် ၈) တွင် ကရင်နီပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ မိုးဗြဲမြို့ ဈေးကုန်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးနှင့် ပွဲကုန်း (၁) ရပ်ကွက်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း၊ နှစ်ဦးစလုံး အသက် ၆၀ ဝန်းကျင်ဖြစ်ကြောင်း မြို့ခံ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသမီးမှာ လက်နက်ကြီးထိမှန်သဖြင့် သေဆုံးခြင်းဖြစ်ပြီး အမျိုးသားမှာ လက်နက်ကြီးသံကြောင့် နှလုံးရပ်ကာ သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘုန်းတော်ကြီးကျောင်းမှာပဲ ခိုလှုံကြတယ်ဗျ။ အများကြီးတော့ မပြေးကြပါဘူး။ ညောင်ဝိုင်းရပ်ကွက်မှာ ပိတ်မိနေတော့ ဘုန်းကြီးကျောင်းမှာလောက်ပဲ ခိုလှုံတယ်ဗျ။ ကျွန်တော်တို့ သိရသလောက်တော့ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ တစ်ဖက်သတ် ရမ်းသန်းပစ်ခတ်နေတယ်” ဟု ၎င်းက ဆိုသည်။

ယမန်နေ့က တိုက်ပွဲအတွင်း စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့သည်ဟုလည်း မိုးဗြဲမြို့ခံအချို့ထံမှ သိရသည်။

မိုးဗြဲမြို့ပေါ်တွင် ယမန်နေ့က ဖမ်းမိခဲ့သော အရပ်ဝတ်ဖြင့် အမျိုးသားသုံးဦးကို စစ်ဆေးမေးမြန်းရာ စစ်တပ်က ကင်းထောက်အဖြစ် စေလွှတ်လိုက်သူများဖြစ်သည်ဟု သိရပြီး၊ ထိုလူသုံးဦးတွင် မြို့ခံတစ်ဦးပါဝင်သည်ဟု မိုးဗြဲ PDF တပ်ရင်းမှူး ကိုအောင်မင်းထံက ပြောသည်။ 

မိုးဗြဲမြို့ပေါ်တိုက်ပွဲတွင် NUG လက်အောက်ခံတပ်များဖြစ်သော မိုးဗြဲ PDF၊ ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် ရှမ်းတောင်ပိုင်းတော်လှန်ရေးလူငယ်များ စုဖွဲ့ထားသည့် Southern Shan Revolution Youth (SSRY) ၁၀၀၈ တပ်ရင်းတို့အပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ တပ်ရင်း ၃၊ ၁၁၊ ၁၂ နှင့် ကရင်နီဒေသရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုစည်းထားသည့် URF (United Revolution Front) တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း SSRY က ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၃ ရက်က လွိုင်ကော်မြို့နယ် လွိုင်လင်လေးတိုက်နယ် ဒေါတာနောကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို KNDF၊ KA တို့ ပူးပေါင်းတိုက်ခိုက်ရာတွင်လည်း SSRY ပါဝင်ခဲ့သည်ဟု သိရသည်။ 

ဒေါတာနောကျေးရွာအနီး တိုက်ပွဲတွင် ၎င်းတို့တပ်ဖွဲ့မှ ရဲဘော်မာတေးအို သေဆုံးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ခဲ့ကာ ဇွန်လ ၅ ရက်တွင် ၎င်းတို့တပ်စခန်းတစ်ခုကို စစ်တပ်က မီးရှို့လိုက်ကြောင်း KNDF ရဲဘော်တစ်ဦးထံမှ သိရသည်။ 

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ ပါဝင်သည့် ကရင်နီဒေသတွင် တိုက်ပွဲများကြောင့် လူဦးရေ နှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button