ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ရိုင်မြို့နယ် ဘန့်ဖလူနှင့် ထုံးလုံနယ်စပ်တွင် မေ ၃၁ ရက်က ထိုင်းအမျိုးသားတစ်ဦး အသတ်ခံရပြီးနောက် ထိုမြို့နယ်အတွင်း ရောက်နေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် အဖမ်းခံရသည်။
ထိုဖြစ်စဉ်အပြီး ဇွန်လ ၁ မှ ၄ ရက်အထိ ထိုင်းရဲများက ဆက်တိုက်ရှာဖွေခဲ့ရာ မလေးရှားနိုင်ငံသို့ နယ်စပ်ဖြတ်ဝင်ရန် တောထဲ၌ ပုန်းအောင်းနေသည့် မြန်မာလူမျိုး အနည်းဆုံး ၃၂၃ ဦး ဖမ်းခံခဲ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဟတ်ရိုင်မြို့နယ်တာဝန်ခံ ကိုဘရီက ပြောသည်။
ဖမ်းခံရသူများကို ဟတ်ရိုင်မြို့နယ် ထုံးလုံနယ်မြေရဲစခန်းတွင် ယာယီချုပ်နှောင်ထားပြီးနောက် ယမန်နေ့ (ဇွန် ၅) တွင် ထိုမြို့နယ်အတွင်းရှိ တိုချတို စစ်တပ်စခန်းသို့ ၂၇၀ ဦး၊ ခေါင်ငှက်နယ်မြေရဲစခန်းသို့ ၂၁ ဦး ပို့ဆောင်လိုက်ကြောင်း ၎င်းက ပြောသည်။
နတ်မော်ရဲစခန်းသို့ အပို့ခံရသူများလည်းရှိပြီး အရေအတွက်အတိအကျ မသိရကြောင်း၊ မူလချုပ်နှောင်ထားသည့် ထုံးလုံရဲစခန်းတွင် ၃၂ ဦးကျန်နေကြောင်း ကိုဘရီက ဆိုသည်။
ထိုင်းနိုင်ငံသား လူတစ်စုသည် တောထဲတွင် ပုန်းအောင်းနေသည့် တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားများထံမှ ဖုန်း၊ လက်ဝတ် ရတနာ၊ ငွေကြေးများကို လုယက်ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ ကျူးလွန်နေကြောင်း ကိုဘရီက ပြောသည်။
“နေ့စဉ်ရက်ဆက် အဲဒီလိုမျိုး လုယက်မှုတွေဖြစ်တယ်။ မုဒိန်းကျင့်မှုတွေများလာတဲ့အခါ နောက်ပိုင်းမှာ မခံနိုင်တဲ့အတွက် ဒီလိုလူသတ်မှုတစ်ခုဖြစ်တယ်လို့တော့ ကျွန်တော်တို့ အကြမ်းအားဖြင့် သတင်းရပါတယ်” ဟု ၎င်းက ဆိုသည်။
လူသတ်မှုဖြစ်ပွားသည့် အကြောင်းရင်း၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
မေ ၃၁ နံနက်ပိုင်းက ဘန့်ဖလူရှိ ဂေါက်ကွင်းအနီးတွင် ပါးစပ်အဝတ်ဆို့၊ လက်နောက်ပြန်ကြိုးတုပ်၊ ဦးခေါင်းထုရိုက်ခံထားသည့် Maddol Binson အမည်ရှိ အသက် ၄၀ အရွယ် အမျိုးသားကို သေဆုံးလျက်တွေ့ရှိရခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက သတင်းဖော်ပြခဲ့သည်။
အဆိုပါ လူသတ်မှုသံသယဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အဖမ်းခံရကြောင်း ဇွန် ၃ ရက်တွင် ထပ်မံရေးသားထားသည်။
အဖမ်းခံရသည့် ရွှေ့ပြောင်းလုပ်သားများသည် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် တောထဲတွင် ယာယီပုန်းအောင်းနေသူ အများစုဖြစ်ကြောင်း၊ ၎င်းတို့ကို ထိုင်းရဲများက စစ်ဆေးနေဆဲဖြစ်ကြောင်း ကိုဘရီက ပြောသည်။
“အခုလက်ရှိ ထုံးလုံနယ်မြေတစ်လျှောက်မှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေ နေကြတဲ့ အပြင်တန်းလျားတွေမှာ တရားမဝင်အလုပ်သမားတွေကို ဒီနေ့ထက်ထိ ရှာဖွေနေတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရသော်လည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း နေထိုင်ရန်ခက်ခဲခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် ထိုင်းနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ရောက်နေဆဲဖြစ်သည်။
ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေလုပ်ကိုင်သူရှိသကဲ့သို့ တချို့ကလည်း ဝင်ငွေပိုရနိုင်သည့် မလေးရှားနိုင်ငံသို့ နယ်စပ်ဖြတ်ကူးပြီး သွားရောက်လုပ်ကိုင်ကြသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)