
Eleven မီဒီယာမှ သတင်းသမား ၃ ဦး တရားစွဲခံရခြင်းမှာ မြို့သစ်စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ တည်ထောင်ထားသည့် အများပိုင်ကုမ္ပဏီတွင် တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး က ဝန်ကြီးရာထူးဖြင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်များဖြင့် ရှယ်ယာ သိန်းနှင့်ချီ ပိုင်ဆိုင်ထားကြောင်း ရေးသားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေက အောက်တိုဘာ ၁ဝ ရက်နေ့တွင် ပြောသည်။
အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်တွင် ဖြိုးဝေ ရေးသားသည့် “အမြဲရႈံးနေသည့် စက်သုံးဆီဆိုင်များပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးတွင် မြို့သစ်စီမံကိန်း တည်ထောင်မည့်Yangon Metropolitan Development Public Co,Ltd တွင် ရန်ကုန် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်း နှင့် ဆက်စပ်သည့် ရှယ်ယာပေါင်း ၆၄ဝ,ဝဝဝ နီးပါး ပိုင်ဆိုင်မှုအကြောင်း ဝေဖန်ချက်တချို့ ပါဝင်သည်။
အဆိုပါ ရှယ်ယာရှင် အမည်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဆိုသည့် အမည်အောက်တွင် ရှိနေသင့်ကြောင်း၊ ဝန်ကြီးရာထူးအောက်တွင် ပြည်သူ့ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် ရှယ်ယာများအား မထားဘဲ ဦးမြင့်သောင်း အမည်အောက်တွင် ရှယ်ယာထားခြင်းမှာ လွဲမှားနေကြောင်း အဆိုပါဆောင်းပါးတွင် ရေးသားထားသည်။
“သူတို့ရဲ့ ဦးတိုက်လျှောက်လွှာထဲမှာ အဲ့ဒီအများပိုင်ကုမ္ပဏီဟာ ရန်ကုန်တိုင်းအစိုးရဘက်က ဝန်ကြီးတွေနဲ့ ကိုယ်စားပြုတဲ့ ကုမ္ပဏီပါ။ ပြည်သူ့ငွေတွေကို လူနာမည်နဲ့ ထားသကဲ့သို့ မဟုတ်ဘဲ လူနာမည်တွေရဲ့အောက်မှာ ရှယ်ယာတွေကို ထည့်ထားတာမျိုးလည်း မရှိပါဘူး ဆိုပြီး ဦးတိုက်လျှောက်ထားတာ” ဟု Eleven သတင်းဌာနဘက်မှ ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
အဆိုပါဖော်ပြမှုနှင့်ပတ်သက်ပြီး Eleven ဂျာနယ် အယ်ဒီတာချုပ် ကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ နရီမင်းနှင့် သတင်းထောက်ချုပ် ဖြိုးဝေတို့ သုံးဦးကို ဖမ်းဆီးရန် ရဲက ယမန်နေ့ ညပိုင်းကတည်းက ကြိုးစားနေခြင်း ဖြစ်သည်။
အမြင့်ဆုံးပြစ်ဒဏ် ထောင် ၂နှစ်အထိ ပေးနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ၎င်းတို့သည် ယနေ့နံနက်ပိုင်းတွင် တာမွေရဲစခန်းသို့ သွားရောက် စစ်ဆေးခံခဲ့ကြသည်။ ရဲက ၎င်းတို့ကို နာရီပိုင်းအတွင်း တာမွေတရားရုံးသို့ ပို့ခဲ့ပြီးနောက် အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားလိုက်သည်။
စာမျက်နှာ ၂ဝဝ နီးပါး ရှိသည့် ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ၏ စာမျက်နှာ ၆၈ တွင် ဦးမြင့်သောင်းသည် အဆိုပါရှယ်ယာများကို “ အစိုးရအဖွဲ့ကိုယ်စားအစုရှင်” အဖြစ် ပိုင်ဆိုင်ကြောင်း ရေးသားထားသည်။
Eleven ၏ ရေးသားမှုမတိုင်ခင်ရက်များအတွင်း အဆိုပါအကြောင်းအရာကို Facebook နှင့် ရန်ကုန်တိုင်း လွှတ်တော်တွင် ရန်ကုန်အမတ်များက ပြစ်တင်ဝေဖန်ခဲ့သော်လည်း ယနေ့အချိန်အထိ လွှတ်တော်အမတ် တစ်ဦးတစ်ယောက်မျှ အရေးယူခြင်း မခံရသေးပါ။
“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှုဖွင့် တရားစွဲဆိုခဲ့သည့် အကြောင်းအရာမှာ ဦးမြင့်သောင်းဆိုသော အမည်အောက်တွင် ပြည်သူ့ဘဏ္ဍာ ရှယ်ယာထည့်ဝင်ထားခြင်း မဟုတ်ကြောင်း ယင်းကဲ့သို့ ရေးသား ဖော်ပြမှုကြောင့် မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ တာဝန်ရှိသူများ၊ ရှယ်ယာဝင်များ စိတ်တွင် ထိတ်လန့်ခြင်း၊ ကြောက်ခြင်း၊ ထူထောင်ထားသော ကုမ္ပဏီကို အများပြည်သူ အယုံအကြည် ပျက်စေခြင်းတို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုကာ တရားစွဲခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ် တရားသူကြီးက တရားခွင်အတွင်း ပြောကြားချက်အရ သိရသည်” ဟု တရားစွဲခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး Eleven သတင်းဌာနက ရေးသားသည်။
Eleven ကို တရားစွဲခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရဘက်က နှုတ်ဆိတ်နေဆဲဖြစ်သည်။
ဤအမှုနှင့် ပတ်သက်ပြီး Myanmar Now က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အဆိုပါအမှုအတွက် တာဝန် ပေးအပ်ခံထားရသည့် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်မှသာ ပြောဆိုနိုင်မည်ဟု ရုံးအဖွဲ့ဝင်များက ပြန်လည် ဖြေကြားခဲ့သည်။
ယခုအမှုသည် Eleven သတင်းဌာနနှင့် ရန်ကုန်တိုင်းအစိုးရတို့အကြား ဒုတိယအကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။ ၂ဝ၁၆ ခုနှစ်ကလည်း တန်ဖိုးကြီးနာရီကို ဝန်ကြီးချုပ်က လက်ဆောင်ရယူခဲ့သည် ဆိုသည့် Eleven ၏ အရေးအသားနှင့် ပတ်သက်ပြီး ထိုစဉ်က ဂျာနယ်အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်၊ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲထားသေးသည်။ ။