ဆောင်းပါး

PDF များ အားကိုးကြသည့် ပဒေသာမိုင်း

မတ်လကုန်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် – မတူပီလမ်းပေါ်တွင် ဒေသခံပြောက်ကျားတို့က ကားလမ်းဘေးတွင် မိုင်းများ အတန်းလိုက် ထောင်ထားလိုက်သည်။

မိုင်းထောင်ထားသည့်နေရာကို သူတို့စောင့်နေသည့် စစ်ယာဉ်တန်းရှည် ရောက်သည်နှင့် အလုံးရေ ၂၀ ကျော်ပါဝင်သည့် ပဒေသာမိုင်းကို ဖောက်ခွဲလိုက်ရာ မိုင်းအားလုံး ပေါက်ကွဲသွားပြီး မီးခိုးငွေ့ဖုန်လုံးများ သစ်ပင်များအထက်သို့ တက်သွားသည်ကို အဝေးမှ ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမန်က ပြောသည်။

“မိုင်းဆွဲတာ နည်းနည်းစောသွားတယ်၊ ပထမက ကားတွေပါ ထိဖို့ကို ကားကို မထိတော့ဘဲ ရှေ့ကလူတွေပဲ ထိတာများသွားတယ်” ဟု ကိုယောမန်က ပြောသည်။

ထိချက်မှန်ပါက ထိုအရေအတွက်ထက် အကျအဆုံးများနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ဤသို့ဖြင့် မောင်းပြန်သေနတ် အနည်းငယ်သာရှိကြသည့် တော်လှန်ရေးပြောက်ကျားအဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီတပ်ကို အထိအခိုက်များစေရန်အတွက် ပဒေသာမိုင်းကို ပိုမိုအသုံးပြု အားထားလာကြသည်။

ပဒေသာမိုင်း

မိုင်းမျိုးစုံရှိသည့်အနက် လက်လုပ်မိုင်း အလုံးပေါင်းများစွာကို အတန်းလိုက် နေရာခွဲချထားပြီး တစ်ပြိုင်နက်ဖောက်ခွဲကာ တိုက်ခိုက်နိုင်သည့် ပဒေသာမိုင်းမှာ ဗျူဟာမြောက် ဖျက်အားပြင်းလက်နက်တစ်မျိုး ဖြစ်လာသည်။

မိုင်းပြုလုပ်ရာတွင် ငွေကြေးတတ်နိုင်မှုအပေါ် မူတည်၍ တည်ဆောက်မည့် မိုင်းအရွယ်အစားအလိုက် သံပုံး၊ ကော်ပုံး၊ အင်္ဂတေတို့ဖြင့် မိုင်းကိုယ်ထည်ပြုလုပ်ကြပြီး အတွင်း၌ ယမ်း၊ အမိုးနီးယားနိုက်ထရိတ်၊ သံတိုသံစများကို ပေါင်းထည့်ကြသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမန်က ဆိုသည်။ ဖောက်ခွဲလိုက်သည့်အခါ သံတိုသံစများထိပြီး သေဆုံး၊ ဒဏ်ရာရကြမည် ဖြစ်သည်။

လက်လုပ်မိုင်းများကို တစ်လုံးနှင့်တစ်လုံး ဝါယာကြိုးနှင့် ဆက်သွယ်ထားပြီး ဖောက်ခွဲသည့်အခါ မိုင်းအရေအတွက်နည်းလျှင် ဘတ္ထရီဖြင့် ခွဲနိုင်သည်ဟု ကိုယောမန်က ပြောသည်။

“အရမ်းများသွားတဲ့မိုင်းတွေကျတော့ ဘတ္ထရီလောက်နဲ့ မရတော့ဘူး၊ မီးစက်နဲ့ ခပ်လှမ်းလှမ်းကနေပြီး စောင့်ရတာပေါ့၊ ရောက်ပြီဆိုတာနဲ့ ဒီဘက်က မီးစက်ကို နှိုးချလိုက်တာ” ဟု ကိုယောမန်က ပြောသည်။

ယာဉ်တန်းနှင့် စစ်ကြောင်းအပေါ် မူတည်၍ မိုင်းတစ်လုံးနှင့်တစ်လုံး သင့်တင့်သည့်အကွာအဝေးအလိုက် အတန်းလိုက် စီတန်းကာ စစ်ကောင်စီစစ်ကြောင်းများ မဖြစ်မနေရွေးချယ်ရသည့် ချင်းတောင်ပေါ်က အဓိကကားလမ်းများတွင် CDF အဖွဲ့များက ထောင်လေ့ရှိကြသည်။

ကားအစီးရေများစွာပါသည့် ယာဉ်တန်းများနှင့် အတန်းလိုက်ချီတက်လာသည့် ခြေလျင်စစ်ကြောင်းများ အထိနာစေရန် တိုက်ခိုက်နိုင်ခြင်းမှာ ပဒေသာမိုင်း၏ အားသာချက်ပင်ဖြစ်သည်ဟု ကိုယောမန်က ပြောသည်။

“ပဒေသာမိုင်းသာ ထိထိရောက်ရောက်ဆွဲနိုင်တယ်ဆိုရင် ပစ်ခတ်တဲ့ တိုက်ပွဲထက်တောင် ပိုထိရောက်နိုင်သေးတယ်” ဟု သူက ပြောသည်။

ဧပြီလအတွင်း ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သို့ ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ဆောင်ခဲ့သည့် စစ်ကားအစီး ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းမှာ မိုင်းကြောင့် စစ်သည်ရာဂဏန်းနီးပါးအထိ ပြုန်းတီးခဲ့ရသည်ဟု ဆိုသည်။

မင်းတပ်မှ မတူပီကြား မိုင်တစ်ရာအကွာအဝေးအတွင်း၌ပင် စစ်ကောင်စီတပ်အင်အား ၃၀ ကျဆုံးခဲ့ရာ ထက်ဝက်ခန့်မှာ ပဒေသာမိုင်းထိကြခြင်းဖြစ်သည်ဟု ကိုယောမန်က ပြောသည်။

မြောင်မြို့နယ် အမျိုးသမီးစစ်သည်တော်တပ်ရင်းက ထုတ်လုပ်သော မိုင်းများ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုပင် ပစ်သတ်ခဲ့သည့်အတွက် နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ကို ခုခံရာတွင် မောင်းပြန်သေနတ် ချို့တဲ့ကြသဖြင့် လက်လုပ်မိုင်းအမျိုးအစားပေါင်းစုံကို စမ်းသပ်အသုံးပြုလာကြသည်။

ချင်းတိုင်းရင်းသားများသည် အမဲလိုက်တူမီးသေနတ်ကို တော်လှန်ရေးစတင်ရာတွင် အားပြုခဲ့သော်လည်း လက်နက်အင်အားသာလွန်သော ရန်သူကြောက်လန့်သည့်အရာမှာ မိုင်းထောင်တိုက်ခိုက်ခြင်းဖြစ်ကြောင်းကို CDF များ တဖြည်းဖြည်း သတိထားမိလာကြသည်။ ချင်းတောင်သို့ စစ်ယာဉ်တန်း မကြာခဏ ဖြတ်သန်းသွားလာနေသောအခါ ပဒေသာမိုင်းကို သုံးလာကြခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များထဲတွင် တိကျပြင်းထန်သည့် မိုင်းဆွဲတိုက်ခိုက်မှုများဖြင့် နာမည်ကြီးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) က ကရင်ပြည်နယ်တိုက်ပွဲစဉ်များအတွင်း ပဒေသာမိုင်းအသုံးပြုခဲ့သလို ရက္ခိုင့်တပ်တော် (AA) ကလည်း ၂၀၁၉၊ ၂၀၂၀ ခုနှစ်များအတွင်း ဖြစ်ပွားသည့် ရခိုင်တိုက်ပွဲစဉ်များအတွင်း ပဒေသာမိုင်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့သည်။ 

မြန်မာပြည်အလယ်ပိုင်း

ဆယ်စုနှစ်များစွာကြာအောင် လက်နက်ကိုင်ပုန်ကန်မှုမရှိခဲ့သည့် မြန်မာပြည်အလယ်ပိုင်းတွင် အညာသူအညာသားများက ပြီးခဲ့သည့်နှစ် မေလမှစ၍ ရရာလက်နက်များဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်စစ် ဆင်နွှဲနေကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။

လယ်ရောင်း၊ အိမ်ရောင်းကာ ကိုယ်အားကိုယ်ကိုးစနစ်ဖြင့် လက်နက်တပ်ဆင်နေရသည့် စစ်ကိုင်းတိုင်းမှ တော်လှန်ရေးအင်အားစုများမှာ နည်းနည်းနှင့် ကျဲကျဲဝိုင်းနိုင်သည့် မိုင်းကို အဓိကလက်နက်အဖြစ် အသုံးပြုနေရသည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးက ပြောသည်။

“ဒီမှာကတော့ မောင်းပြန် (သေနတ်) မပြည့်စုံသေးတဲ့အနေအထားမှာ မိုင်းက တိုက်ပွဲရဲ့ ရှေ့ထွက်အဖြစ်နဲ့ ကျွန်တော်တို့ အားကိုးရတယ်” ဟု ဗိုလ်နဂါးက ပြောသည်။

“လူကိုတော့ ဒုက္ခအပေးဆုံး၊ ခြိမ်းခြောက်မှုအားအကောင်းဆုံးပစ္စည်းပါပဲ” 

စစ်ကိုင်းတိုင်း ပုလဲနှင့် ယင်းမာပင်မြို့နယ်များအတွင်း အဓိကလှုပ်ရှားပြီး တိုက်ပွဲများဖော်ဆောင်နေသည့် ဗိုလ်နဂါးတို့အဖွဲ့တွင် လူဦးရေ ရာနှင့်ချီရှိပြီး လက်နက်အပြည့်အစုံမတပ်ဆင်နိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရထံမှလည်း ထောက်ပံ့မှုမရှိသလောက်ပင်ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်နဂါးတို့အဖွဲ့နည်းတူ စစ်ကိုင်းအတွင်းရှိ တော်လှန်ရေးအစုအဖွဲ့အားလုံးမှာ ပြည်သူများ၏ လှူဒါန်းငွေများဖြင့် တော်လှန်ရေးအသက်ဆက်နေရခြင်းဖြစ်သည့်အတွက် ပဒေသာမိုင်းမှာ အားကိုးရသည့် လက်နက်တစ်ခုဖြစ်လာသည်။

မော်တော်ယာဉ်တစ်စီးသည် မိုင်းတစ်လုံးထိလျှင် ဆက်မောင်းသွားနိုင်သည်ဟု ဗိုလ်နဂါးက ပြောသည်။ 

“ပဒေသာမိုင်းနဲ့ဆိုရင် ဆက်မောင်းသွားလို့ မရတော့ဘူး၊ ဒီတစ်လုံးထိချက်နဲ့ ရှေ့တစ်လုံးထိချက်၊ ရှေ့နောက်ဝဲယာထိချက်တွေနဲ့၊ ကားပေါ်မှာပါတဲ့သူတွေလည်း အတုံးအရုံးထိခိုက်နိုင်တယ်၊ ကားတန်းကိုလည်း ကောင်းကောင်းဒုက္ခပေးနိုင်တာပေါ့” ဟု ဗိုလ်နဂါးက ပြောသည်။

ထို့ပြင် မကွေးတိုင်း ချင်း-မကွေးနယ်စပ်အနီးတွင်ရှိပြီး အမြောက်တပ်နှင့် လေယာဉ်ကွင်းများရှိသည့် ကျောက်ထုမြို့ကို ဖြတ်သန်းသမျှ စစ်ကောင်စီတပ်များမှာလည်း ကျောက်ထု-PDF, ထီးလင်း-PDF, The Youth Force(Saw & Yaw) အဖွဲ့တို့၏ မိုင်းဆွဲတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် မတ်လက ချင်းပြည်နယ် မတူပီမြို့နယ်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ သွားရောက်ပို့ဆောင်မည့် အစီး ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းပေါင်းစုံဖြင့် တိုက်ခိုက်ခဲ့သလို မေ ၁၅ ရက်ကလည်း မင်းတပ်မြို့နယ်မှ ဆင်းလာသည့် စစ်ကား ၄ စီးကို မိုင်းနှစ်ကြိမ်ဆွဲကာ တိုက်ခိုက်ခဲ့သည်ဟု ကျောက်ထု-PDF မှ တပ်ရင်းမှူး ဗိုလ်ဝေလက ပြောသည်။

ထိုနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ကျောက်ထုမြို့နှင့် ၈ မိုင်ခန့်အကွာ မင်းတပ်- ကျောက်ထု လမ်းပေါ်ခွဲသည့် ပဒေသာမိုင်းတွင် မိုင်းအသေး ၁၀ လုံး၊ ကားကို ပစ်မှတ်ထားသော မိုင်းအကြီး ၂ လုံး ပါဝင်သည်ဟု ၎င်းက ပြောသည်။

မိုင်းကွဲသည့် နေရာတွင် အလောင်းများ ပြန့်ကျဲနေကြောင်း ဗိုလ်ဝေလက ဆိုသည်။

“မိုင်းကွဲပြီးတော့ လမ်းပေါ်မှာ သူတို့က (စစ်ကောင်စီ) မှောက်နေတော့ ကျွန်တော်တို့က အဝေးက လှမ်းကြည့်တော့ သူတို့က အသင့်အနေအထားနဲ့ စောင့်နေတယ် ထင်တာ၊ မှန်ပြောင်းနဲ့ လှမ်းကြည့်တော့မှ အလောင်းတွေဖြစ်နေတာ” ဟု သူက ဆိုသည်။

ယခင်တိုက်ခိုက်မှုများထက် ပိုမိုကြီးမားသည့် မိုင်းအရွယ်အစားကို အသုံးပြုသည့်အတွက် ရုပ်အလောင်းတချို့မှာ တစ်စစီဖြစ်သွားသည်ဟု ၎င်းက ဆိုသည်။

မိုင်း၏အားနည်းချက်

မိုင်းသည် ထိရောက်မှုအားကောင်းသော်လည်း ငွေကြေးချို့တဲ့သည့် တော်လှန်ရေးအဖွဲ့များက ပဒေသာမိုင်းကဲ့သို့ အကုန်အကျများသည့် မိုင်းမျိုးသုံးစွဲရန် ချင့်ချိန်နေရသည်ဟု ဆိုသည်။

သာမန်မိုင်းတစ်ခုကို ၁ သိန်းဝန်းကျင်ခန့် ကုန်ကျသဖြင့် မိုင်းအလုံးရေများစွာဖောက်ခွဲရန် သိန်းဆယ်ဂဏန်းခန့် ကုန်ကျနိုင်သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးက ပြောသည်။

“သုံးတဲ့ယမ်းနဲ့ ထုထည်ရဲ့အပေါ် မူတည်ပြီ‌တော့ ကုန်ကျစရိတ်က ကွာမယ်၊ တစ်လုံးကို ခုနစ်သောင်း၊ ရှစ်သောင်းလောက်ကနေ အခုနောက်ပိုင်းဆို တစ်သိန်းလောက်ရှိမယ်၊ ဝယ်ယူရတဲ့ဈေးကြောင့် တစ်သိန်းကနေပြီးတော့ အဲဒီအထက်မှာ အမျိုးမျိုးရှိနိုင်တယ်” ဟု ဗိုလ်နဂါးက ပြောသည်။

သို့သော် သိန်း ၅၀ မှ သိန်း ၁၀၀ ကြား ဈေးပေါက်နေသည့် မောင်းပြန်ရိုင်ဖယ်များထက်တော့ ကုန်ကျစရိတ်သက်သာနေသေးသည်။

နောက်ထပ်အားနည်းချက်တစ်ခုမှာ မိုင်းထောင်ရသည့်တည်နေရာဖြစ်သည်။ အတွဲလိုက်၊ အတန်းလိုက်ထောင်ရသည့်အတွက် ကားလမ်းမများ၌သာ အသုံးပြုနိုင်ပြီး တောလမ်းနှင့် လယ်ကွင်းများထဲမှလာမည့် စစ်ကောင်စီတပ်များကို မိုင်းက မဟန့်တားနိုင်ပေ။

“မိုင်းကတော့ ချထားရင် ချထားတဲ့နေရာပဲလေ၊ မောင်းပြန်လက်နက်လိုတော့ အရေးပေါ် ရွှေ့ပြောင်းလို့မရနိုင်ဘူး” ဟု ဗိုလ်နဂါးက ပြောသည်။

မိုင်းအသုံးပြုခြင်းအတွက် အကြီးမားဆုံးအားနည်ချက်တစ်ခုမှာ မိုင်းဆင်၊ မိုင်းထောင်သူတို့၏ ကိုယ်လက်အင်္ဂါနှင့် အသက်များ ဆုံးရှုံးနိုင်ခြင်းဖြစ်သည်။

ဗိုလ်နဂါးတို့တစ်ဖွဲ့တည်းတွင်ပင် ပြီးခဲ့သည့်နှစ်က မိုင်းမတော်တဆမှုကြောင့် ရဲဘော် ၄ ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

မတ်လအတွင်းက လမ်းတွင်ထောင်ထားသည့် မိုင်းကို သွားရောက်ပြင်ဆင်သည့် ရဲဘော်အချို့ မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ကြသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမန်က ဆိုသည်။

“ဒဏ်ရာအကြီးအကျယ်ရသွားတာပေါ့နော်၊ တစ်ယောက်ကတော့ ခြေထောက်ပြတ်သွားတဲ့အထိဖြစ်တယ်” ဟု ကိုယောမန်က ပြောသည်။

တော်လှန်ရေးအဖွဲ့များက တိုက်မိုင်း၊ ဆွဲမိုင်း၊ ရီမုမိုင်း အသုံးများပြီး စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများကို အသုံးများသည်။

တော်လှန်ရေးတပ်ဖွဲ့များ သွားလာနိုင်သည့် ရွာအတွင်း၊ ရွာအပြင်ဘက် နေရာတချို့တွင် စစ်ကောင်စီတပ်က မိုင်းထောင်ထားခဲ့တတ်သည်ဟု သိရသည်။

တော်လှန်ရေးအဖွဲ့များကမူ ထောင်ထားပြီးသည့်မိုင်း မလိုအပ်တော့လျှင် ပြန်လည်တူးဖော်လေ့ရှိသည်ဟု ကျောက်ထု-PDF တပ်ရင်း (၁) မှ တပ်ရင်းမှူး ဗိုလ်ဝေလက ပြောသည်။

“စစ်ကြောင်းရှိလို့ ထောင်ထားရင်တောင်မှ စစ်ကြောင်းပြီးလို့ နောက်နေ့ဆိုရင် တန်းဖော်တယ်၊ ပြည်သူထိမှာစိုးလို့ဗျ” ဟု သူက ပြောသည်။

PDF အဖွဲ့များက ပစ္စည်းရှားပါးခြင်း၊ မိုင်းစရိတ် သက်သာလိုခြင်းကြောင့်လည်း မိုင်းပြန်ဖော်ကာ နောက်တစ်ကြိမ်တိုက်ခိုက်ရန် သိမ်းဆည်းထားတတ်ကြသည်ဟု ၎င်းက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်သည့်နေရာသို့ ရောက်လာသော  အရပ်သားတချို့ သေဆုံးထိခိုက်သည့် ဖြစ်ရပ်များလည်း ရံဖန်ရံခါ ဖြစ်ပွားတတ်သည်။ 

ပြီးခဲ့သည့် မတ်လက ကျောက်ထု-PDF က ထောင်ထားသည့် တိုက်မိုင်းတစ်ခုကို ဝင်တိုက်မိခဲ့သည့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ဗိုလ်ဝေလက ပြောသည်။

“ရွာတွေရော အကုန်လုံးအကြောင်းကြားထားတာ၊ အဲဒီမှာ မူးပြီးတော့ ထန်းရည်ရှာဆိုပြီး တောထဲအတိုင်း ဖြတ်ပြီးသွားရာမှာ ဖြစ်သွားတာ” ဟု ဗိုလ်ဝေလက ပြောသည်။

ပေါ့ဆမှု

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ၊ ကုန်ကြမ်းများမှ ကုန်ချောဖြစ်အောင် ထုတ်လုပ်ရသည့် စီမံရေးရာဌာနတွင် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ဗစ်တာက တော်လှန်ရေးအဖွဲ့များ သုံးသည့် မိုင်းများမှာ စက်ရုံထုတ်မိုင်းများ မဟုတ်သဖြင့် အဆပေါင်းများစွာ အန္တရာယ်များကြောင်း၊ စနစ်တကျကိုင်တွယ်ရန် လိုအပ်ကြောင်း ဆိုသည်။

People Soldiers’ Production Team အဖွဲ့က ထုတ်လုပ်သော မိုင်းများ

“မိုင်းဆင်တဲ့ပညာ မိုင်းပြန်ဖြုတ်တဲ့ပညာ သိသွားတတ်သွားတဲ့အချိန်မှာ ပေါ့ဆတတ်ကြတယ်ပေါ့ဗျာ။ အဲလိုပေါ့ဆတဲ့အချိန်မှာ အန္တရာယ်ဖြစ်တတ်ကြတာပေါ့။ မိုင်းက သုံးတတ်ရင် ကိုယ့်ရဲ့မိတ်ဆွေပဲ၊ ပေါ့ဆရင် မသုံးတတ်ရင် ကိုယ့်ရဲ့ရန်သူဖြစ်သွားတာပေါ့ဗျာ” ဟု အာဏာဖီဆန်ပြီး စစ်တန်းလျားမှ ထွက်ခွာခဲ့သော ဗိုလ်ဗစ်တာက ပြောသည်။

ဗိုလ်ဗစ်တာက မိုင်းကို ကိုင်တွယ်သုံးစွဲရာတွင် သတိထားကြရန်နှင့် မပေါ့ဆရန်လည်း တိုက်တွန်းသည်။

“စစ်တပ်ထဲမှာ မိုင်းနဲ့ပတ်သက်ပြီး ဆရာမရှိဘူးဆိုတဲ့ ဆိုရိုးစကားရှိတယ်၊ မိုင်းနဲ့ပတ်သက်ပြီး အသက်အန္တရာယ်ဖြစ်တဲ့ဖြစ်စဉ်တွေ အများကြီးရှိတယ်” ဟု ဗိုလ်ဗစ်တာက ပြောသည်။

ပဒေသာမိုင်းကြောင့် စစ်ကောင်စီတပ်အကျအဆုံးများသည့် သတင်းများ မကြာခဏကြားခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်များ၊ အထူးသဖြင့် AA ၏ ပဒေသာမိုင်းအသုံးပြုတိုက်ခိုက်မှုများကို သတိထားမိခဲ့သည်ဟု ဆိုသည်။

“၂၀၁၈/၁၉ မှာဆို AA က ပဒေသာမိုင်းဆင်ပြီး စစ်ကြောင်းကို စောင့်နေတာ၊ စစ်ကြောင်းက မိုင်းကွင်းရောက်တာနဲ့ ပဒေသာမိုင်းဆွဲပြီး တပ်ပြုတ်အောင် အနိုင်ယူတဲ့ ဖြစ်စဉ်တွေရှိတယ်” ဟု ဗိုလ်ဗစ်တာက ပြောသည်” ဟု စစ်တပ်အရာရှိများဦးဆောင်သော People Soldiers’ Production Team (PSPT) တွင် ပါဝင်နေသည့် ဗိုလ်ဗစ်တာက ပြောသည်။ 

ဗိုလ်ဗစ်တာတို့၏ PPST သည် ဒေသသုံးခုတွင် မိုင်းမျိုးစုံ၊ ဒရုန်းတွင် ချိန်ဆွဲပစ်ချရသည့် ဗုံးများ၊ ၉ မမ ကျည်ဆန်သုံး မောင်းပြန်ရိုင်ဖယ်များ ထုတ်လုပ်နေသည်။   

ယနေ့ခေတ် တော်လှန်ရေးကာလတွင် သက်တမ်းရှည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနည်းတူ မြေပြန့်ဒေသမှ ခေတ်သစ်တော်လှန်ရေးတပ်ဖွဲ့များကလည်း မိုင်းပညာကို တတ်ကျွမ်းနေပြီဟု ဗိုလ်ဗစ်တာက ဆိုသည်။

“စစ်ကောင်စီအကြောက်အဆုံးပစ္စည်းထဲမှာ မိုင်းပါတယ်။ ဟိုးအရင်ခေတ်က စစ်သားတွေဆို KNU ဘက်ကို ရှေ့တန်းထွက်ရမယ်ဆို အရမ်းကြောက်တာ။ KNU စစ်သားတွေကို ကြောက်တာမဟုတ်ဘူး၊ အဲဒီစစ်သားတွေထောင်တဲ့ မိုင်းကိုကြောက်တာ၊ မိုင်းက တော်တော်ထိရောက်တယ်” ဟု CDM အရာရှိ ဗိုလ်ဗစ်တာက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button