စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ မူးမြစ်အရှေ့ဘက်ကမ်းတွင် ရက်အတန်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သား ၃ ဦးကို သတ်ဖြတ်ကာ နေအိမ် ၉၇လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ ယနေ့ (ဇွန် ၄) တွင် သိရသည်။
မြို့အနောက်ဘက်ကျေးရွာများကို မေလကုန်ပိုင်းမှစ၍ စစ်ကြောင်းထိုးနေရာ ဇွန် ၂ ရက်တွင် ကျောက်တိုင်ရွာကို ဝင်စီးပြီး ထိုသို့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
မီးရှို့ခံထားရသည့် နေအိမ်များတွင် မီးလောင်သေဆုံးနေသည့် လေဖြတ်ထားသူ အသက် ၆၀ ကျော်အရွယ် ဦးဖိုးခဲ၊ လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁ ဦးနှင့် ခေါင်းတွင် ဒဏ်ရာများရှိနေသည့် အမျိုးသား ၁ ဦးတို့၏ ရုပ်အလောင်းများကို ဇွန်လ ၃ ရက် ညနေပိုင်းတွင် တွေ့ရသည်ဟု ဒေသခံများက ပြောသည်။
ဦးခေါင်းညိုမည်းကာ ရုပ်အဆင်းပျက်သည်အထိ သတ်ဖြတ်ခံရသည့် အမျိုးသား မည်သည့်အရပ်မှ ဖြစ်နိုင်သည်ကို ဒေသခံတို့ မသိရသေးဟု ဝက်လက်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနိုင်အောင်က ပြောသည်။
မီးရှို့ခံထားရသည့် အမျိုးသမီးရုပ်အလောင်းမှာမူ ကျောက်တိုင်ရွာဒေသခံ မအေးနုဆိုသူ ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည်။
“ပြေးရင်းလွှားရင်းနဲ့ စစ်ကြောင်းနဲ့ တိုးပုံပေါက်တယ်။ သတ်ပြီးတော့ ဆိုင်ကယ်နဲ့ လူနဲ့၊ လူပေါ်ကို ဆိုင်ကယ်ဖိထားတယ်။ ဆိုင်ကယ်ပေါ်မှာ သစ်တုံးတွေ ထပ်ဖိပြီးတော့ မီးရှို့သတ်ထားတာ” ဟု သူက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတွင် ကျောက်တိုင်ရွာ မြောက်ဘက်ရှိ မြင်းသီရွာသို့ ဆက်လက်ထွက်ခွာသွားပြီး မြင်းသီရွာမှ နေအိမ်များကိုလည်း မီးရှို့နေခြင်းကြောင့် အိမ်ခြေရာနှင့်ချီ ပျက်စီးဖွယ်ရှိကြောင်း ဒေသခံများက ဆိုသည်။ သို့သော် Myanmar Now အနေဖြင့် မြင်းသီရွာပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရသေးဘဲ ဆက်လက် စုံစမ်းဆဲဖြစ်သည်။
ဝက်လက်ရောက် စစ်ကောင်စီတပ်က လူသတ်၊ အိမ်မီးရှို့သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း စစ်ကောင်စီနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။
စစ်ကောင်စီတပ်သား ၇၀ ဦးခန့်ပါဝင်သည့် စစ်ကြောင်းသည် ဝက်လက်မြို့မှ မေလ ၂၈ ရက်တွင် စတင်ထွက်ခွာလာခဲ့ပြီး ဦးတည်ကုန်းရွာ၊ တည်တောရွာ၊ ဥယျာဉ်သာရွာတို့ကို ဝင်ရောက်စီးနင်းရာ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။
မူးမြစ်အရှေ့ဘက်ကမ်းတစ်လျှောက် ကျေးရွာများကို ထိုးစစ်ဆင်နေသည့် ထိုစစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီး၊ ဒရုန်းဖျက်ချသည့်လက်နက်၊ မှန်ပြောင်းတပ်ရိုင်ဖယ်အပါအဝင် လက်နက်အင်အားပြည့်စုံရုံသာမက တိုက်ခိုက်ရေးကောင်းမွန်သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ဒေါက်တာနိုင်အောင်က ပြောသည်။
“အခုစစ်ကြောင်းကတော့ အထူးစစ်ဆင်ရေးပုံစံမျိုးကြီးပဲ။ စနစ်တကျကို ချီတက်လာတာ။ အရင်စစ်ကြောင်းတွေနဲ့ ဘာမှကို မဆိုင်တာ။ စစ်ချီတာ၊ တက်တာ၊ ခွာတာ၊ တပ်ဖျောက်တာတွေက အရင်စစ်ကြောင်းနဲ့ လုံးဝကို မတူဘူး။ လက်နက်အင်အားနဲ့ နည်းပညာပိုင်းလည်း တော်တော်လေးကို အသုံးချတယ်” ဟု သူက ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်ကမူ လက်နက်အင်အားမမျှသည့်အတွက် မိုင်းခွဲတိုက်ခိုက်ခြင်းနည်းကိုသာ အဓိကထား အသုံးပြုနေရကြောင်း သိရသည်။
မူးမြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်းထိုးနေသည့်အတွက် ကျောက်တိုင်၊ မြင်းသီ၊ မူးကမ်းလေး၊ မြောက်ဥယျာဉ်သာ၊ ရွှေဘုံသာအပါအဝင် အနီးအနားရှိ ကျေးရွာ ၇ ရွာမှ ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းမြို့နယ်များကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များသည် နေအိမ်များကို မီးရှို့ခြင်းကို လက်နက်သဖွယ် အသုံးလျက်ရှိရာ ရွာလုံးကျွတ်မီးရှို့မှုများလည်း ကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။
အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ မီးရှို့မှုကြောင့် နေအိမ် ၁၁,၄၇၀ လုံး ပျက်စီးခဲ့ပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ နေအိမ်ထက်ဝက်ကျော်ပါဝင်ကြောင်း အချက်အလက်များကောက်ယူနေသည့် Data for Myanmar အဖွဲ့၏ ဧပြီ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ အဆိုပါ မီးရှို့မှုများသည် ယင်းတို့လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ လက်ချက်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလေ့ရှိသည်။
စစ်ကောင်စီ၏ ထိုသတင်းစာရှင်းလင်းပွဲသို့ သွားရောက်ကြသူများက နေအိမ်များကို မီးရှို့မှု၊ နိုင်ငံအနှံ့ များစွာသော လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးခွန်းမထုတ်ကြပေ။
ပြည်သူအများ၏ နေအိမ်များကို မီးရှို့မှုနှင့် ပတ်သက်၍ CDM တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ထက်နေဗလက “ကိုယ်နဲ့ တာဝန်အတူတူ ထမ်းဆောင်ခဲ့ဖူးတဲ့သူတွေက ဒီလိုလုပ်ရပ်မျိုးတွေ လုပ်ခဲ့တာကို သိရတော့ တစ်ခြားသူတွေ နာကြည်းတာထက်ကို အဆပေါင်းများစွာ နာကြည်းတယ်” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။
“ဘယ်သူတွေ ဘယ်လိုအမိန့်ပေးပေး၊ ဘယ်သူတွေ ဘယ်လိုတာဝန်ပေးပေး၊ ကိုယ်လုပ်မှ ဖြစ်တဲ့အရာတွေချည်းပဲ။ တစ်ခုတော့ ထပ်သတိပေးဦးမယ်။ မင်းတို့ ရင်ဆိုင်နေရတာ ပြည်သူတစ်ရပ်လုံးနဲ့ဆိုတာ မေ့နေမှာစိုးလို့ အလှည့်ကျ မနွဲ့စတမ်း” ဟု ဗိုလ်ထက်နေဗလက သတိပေးလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)