သတင်း

ကလေးမြို့ ဘုန်းကြီးကျောင်းကို စစ်တပ်ပစ်ခတ်၊ စစ်ရှောင် ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ နတ်မြောင်းရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းကို ယမန်နေ့ (မေ ၃၁) မွန်းလွဲပိုင်းတွင် လက်နက်ကြီးကျည် ၅လုံး ကျရောက်ပေါက်ကွဲရာ ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦး ဒဏ်ရာရသွားသည်။

ထိုဒေသအတွင်း ခုခံမှုများကို နှိမ်နင်းနေသည့် စစ်ကောင်စီ၏ ရန်ကြောင့် နတ်မြောင်း၊ နတ်ချောင်းနှင့် အနီးအနားကျေးရွာများမှ ဒေသခံ တစ်ထောင်ဝန်းကျင် ထိုဘုန်းကြီးကျောင်း၌ ခိုလှုံနေသည်ဟု ပစ်ခတ်ခံရချိန်တွင် ကိုယ်တိုင်ရှိနေခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အင်အား ၂၀၀ ခန့်ဖြင့် နတ်မြောင်းရွာသို့ ထိုနေ့ နံနက်က ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းက ကပ်လျက်ရှိသည့် နတ်ချောင်းရွာသို့ အသွားတွင် ထိုသို့ပစ်ခတ်ရာ ဆွမ်းစားကျောင်းရှေ့သို့ ကျသည်ဟု ၎င်းက ပြောသည်။

“သေနတ်ပစ်သံ မကြားရတော့ ပုန်းခိုနေတဲ့ ဘုန်းကြီးတိုက်တို့၊ ဓမ္မာရုံတို့၊ ဆွမ်းစားဆောင်တို့ကနေ ပြန်ထွက်ကြတာပေါ့။ ပြန်ထွက်လို့ ၁၅ မိနစ်လောက်ပဲ ကြာတဲ့အချိန်မှာ ပစ်တော့တာ”ဟု ထိုသူက ပြောသည်။

“သေနတ်သံတွေက ဝှီဆန်ကျဲနေအောင် ပစ်တော့တာ။ ခေါင်းပေါ်ကနေ ကျည်တွေက ပျံနေတာ။ အဲဒီတော့ ဘုန်းကြီးတိုက်မှာ ပြန်ပုန်းတော့ လက်နက်ကြီးတွေနဲ့ စထုတာ”

ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဆိုင်ကယ်တစ်စီး မီးလောင်သွားကြောင်း၊ ကလေးငယ်မှာ လည်ပင်း၊ လက်မောင်းနှင့် ရင်ဘတ်တို့တွင် ရသည့် ဒဏ်ရာပြင်းထန်သဖြင့် ကလေးမြို့သို့ ပို့ဆောင်ကုသနေကြောင်း ၎င်းထံမှ သိရသည်။

“သွေးတွေအလိမ်းလိမ်းနဲ့ ပါးစပ်ကလည်း သွေးတွေထွက်နေတာ။ ဆွမ်းစားဆောင်နဲ့ မျက်နှာချင်းဆိုင်မှာ ပုန်းနေတာ။ သူတို့ပုန်းတဲ့နေရာနဲ့ ဆွမ်းစားဆောင်ကြား လျှောက်လမ်းပေါ်ကို (လက်နက်ကြီးကျည်) ကျတာ” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များရှိနေသည့် နတ်မြောင်းရွာသို့ စစ်တပ်ဝင်စဉ် ထိခိုက်မှုရှိမရှိ၊ လက်နက်ကြီးကျည်ကျသည့် ဘုန်းကြီးကျောင်းဝင်းအတွင်း ပျက်စီးမှု၊ ဒဏ်ရာရသူများ၏ အသေးစိတ်အခြေအနေများကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါ။ စစ်ကောင်စီကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

“စစ်တပ်က ကျည်ဆိုတာ သေချာတယ်။… သူတို့က စက်လတ်တွေနဲ့ ဘောက်ဆွဲတာ။ ကျွန်တော်တို့ ခေါင်းပေါ်မှာ ဖရောက်ဖရောက်နဲ့ကို ပျံနေတာ။ စက်လက်ကြီးတွေက ဘုန်းကြီးကျောင်းရဲ့ အပင်တွေကို ဖြတ်သွားတာ” ဟု ထိုအမျိုးသားက ပြောသည်။

နတ်မြောင်းရွာဘုန်းကြီးကျောင်းသို့ ယခုနှစ် မတ်လ ၈ ရက်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲဖူးပြီး ကလေး ၁၀ ဦး ဒဏ်ရာရထားခဲ့သည်။

ယမန်နေ့က ဖြစ်စဉ်အပြီးတွင် စစ်ရှောင်များအနက် ၂၀၀ ဝန်းကျင်မှာ နတ်မြောင်းရွာဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းကို စွန့်ခွာသွားကြသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

နတ်မြောင်းရွာဘုန်းကြီးကျောင်းကို ပစ်ခတ်ခဲ့သည့် စစ်ကြောင်းမှာ ယမန်နေ့ညတွင် နတ်ချောင်းရွာရှိ အောင်ဆုပန်ဘုန်းကြီးကျောင်းနှင့် အထက်တန်းကျောင်းတို့တွင် တပ်စွဲခဲ့ပြီး ထိုရွာရှိ နေအိမ်များကို ညနေ ၅ နာရီမှ ည ၈ နာရီဝန်းကျင်အထိ မီးရှို့ခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကလေး PDF) က ပြောသည်။

နတ်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်း PDF များပေါင်း၍ ယနေ့ (ဇွန် ၁) နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်သည်ဟု ထိုအဖွဲ့ထံမှ သိရသည်။

“တိုက်ပွဲက ပစ်ခတ်နေတုန်းပဲ။ မနက်ပိုင်းက ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးကျတယ်။ ခု မီးထပ်ရှို့နေတယ်” ဟု ကလေးမြို့နယ် PDF မှ အဖွဲ့ဝင်တစ်ဦးက ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် ပြောသည်။

နတ်ချောင်းရွာသည် ကလေး – ဂန့်ဂေါလမ်းဘေးရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ယခင်က စစ်တပ် ၄ ကြိမ် မီးရှို့ခဲ့ရာ အိမ်ခြေ ၂၅၀ ကျော် ပျက်စီးခဲ့ရကြောင်း ဒေသခံတို့ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ဒေသခံများ ထွက်ပြေးနေ၍ ယခုတစ်ကြိမ် စစ်တပ်၏ မီးရှို့မှုကြောင့် ပျက်စီးမှုအခြေအနေကို မသိရသေးပေ။

လက်နက်ကိုင်ကာကွယ်ရေးအဖွဲ့များအားကောင်းသည့် ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ခုခွဲပြီး မေ ၂၈ ရက်နေ့မှစ၍ ဆက်တိုက်ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်နေသည်။ 

“နေ့တိုင်းပဲ တစ်ရက်မှ မနားဘဲ တစ်နေရာမဟုတ် တစ်နေရာ ထိုးတာ တောက်လျှောက်ပဲ။ ဇွန်လအကုန် ထိန်းနိုင်အောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်တယ်ဆိုတာမျိုး နားစွန်နားဖျားတော့ ကြားရတယ်” ဟု နတ်ချောင်းရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကလေး – ဂန့်ဂေါလမ်းကို စိုးမိုးမှုရချင်တယ်။ ပုလဲဘက်ကနေလည်း ဂန့်ဂေါလမ်းအတိုင်း သူတို့ယာဉ်တန်းတွေ တက်လာတယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်” 

နိုင်ငံအတွင်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့သည့်ကလေးမြို့တွင် တစ်နှစ်ကျော်ကြာသည့်တိုင် ခုခံမှုများ အားကောင်းနေဆဲဖြစ်သည်။ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားနိုင်ပြီဖြစ်ကြောင်း PDF (ကလေး) က ဖေဖော်ဝါရီ ၁ တွင် ထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button