
မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းရှိ လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မြို့နယ်အချို့ကို စစ်ကောင်စီက မေလနောက်ဆုံးပတ်တွင် အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ ရွာထက်မနည်းကို ဆက်တိုက် မီးရှို့နေသည်။
မေလနောက်ဆုံးပတ်တွင် ကလေး၊ တန့်ဆည်၊ မြောင်မြို့နယ်တို့ကို ထိုသို့ စစ်ကြောင်းထိုးစဉ် ဒေသခံကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများလည်း နေ့စဉ် ဖြစ်ပွားနေသည်။
ထိုကာလအတွင်း ကလေးမြို့ အနောက်တောင်ပိုင်းဒေသကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ခု၊ တန့်ဆည်တွင် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းတစ်ခု၊ မြောင်မြို့နယ်တွင် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းတစ်ခု ရောက်နေသည်ဟု ဒေသခံများက ဆိုသည်။
ကလေးအနောက်တောင်ပိုင်း
ကလေးမြို့နည်းပညာတက္ကသိုလ်ဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ချင်းတောင်ပေါ်ကနေ သာလွန်အင်အားနဲ့ ဆင်းလာပြီး စစ်ကြောင်းတွေ ခွဲလာတာ။ မြစ်သာမြစ်၊ အရှေ့ဘက်ခြမ်း ငါးဖားရွာဘက်မှာလည်း နည်းပညာတက္ကသိုလ်ကနေ လက်နက်ကြီးပစ်ကူနဲ့ စစ်ကြောင်းထိုးနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ယမန်နေ့ (မေ ၃၀) တွင် Myanmar Now ကို ပြောသည်။
မေ ၃၀ နံနက်တွင် သုံးအိမ်စု (ကျွန်းတောရွာ) မီးရှို့ခဲ့ရပြီး အနည်းဆုံး အိမ် ၃ လုံး မီးလောင်ခဲ့သည်ဟု ဆိုသည်။
မေ ၂၈ ညပိုင်းကလည်း ကလေးမြို့ပေါ် တာဟန်းရပ်ကွက် (နေကြာတိုက်) အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကလေးမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ပစ်ခတ်မှုအတွင်း မေတ္တာဆေးရုံအနီးရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နို့တိုက်ကလေးမိခင်တစ်ဦးနှင့် မင်းကင်းမြို့နယ်မှ စစ်ရှောင်ရောက်နေသည့် သားအမိနှစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသူတို့မှာ ကလေးမိခင် အသက် ၂၅ နှစ်အရွယ် Vanlalawmupi, စစ်ရှောင် အသက် ၄၇ နှစ်အရွယ် ဒေါ်နီနီအေးနှင့် သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုဘုန်းမြတ်ဦးတို့ဖြစ်ပြီး နောက်တစ်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများတွင် မေလဆန်းကတည်းက တိုက်ပွဲများပြင်းထန်ခဲ့ပြီး ထိုနေရာရှိ ရေရှင်ရွာ၊ အရှေ့စည်းရွာတို့ကို စစ်တပ်က မီးရှို့ခဲ့ရာ အိမ်ခြေ ရာနှင့်ချီ ပျက်စီးခဲ့ရသည်။
ထိုဒေသများမှ မီးဘေးသင့်ပြည်သူများ နီးစပ်ရာ တောတောင်များတွင် ခိုလှုံနေရာအနီး မေဒုတိယပတ်၌ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 များ၊ တိုက်လေယာဉ်များဖြင့် ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။
ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒလက် အရှည် ၁ ပေခန့်အပါအဝင် အရှည် ၄ ပေခန့် ရှိသည့် လက်နက်အစိတ်အပိုင်းများကို ဒေသခံများက တွေ့ရှိခဲ့ရသည်။
တန့်ဆည်မြို့နယ်
စစ်ကိုင်းအလယ်ပိုင်း၊ တန့်ဆည်မြို့နယ်တွင် မေ ၂၉ ၌ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၂ ရွာထက်မနည်း မီးရှို့ခံထားရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

တန့်ဆည်မြို့အထက်တန်းကျောင်း၌ တပ်စွဲထားသည့်နေရာမှ ထွက်လာသည့် ထိုစစ်ကြောင်းသည် တန့်ဆည်မြောက်ပိုင်းကို ဦးတည်လာပြီး မေ ၂၉ ညနေတွင် ကျွန်းတောကုန်းရွာကို မီးရှို့ကာ အနီးနားရှိ အင်ကုက္ကားရွာတွင် ညအိပ်စခန်းချခဲ့သည်။
ထိုရွာသည် စစ်ကောင်စီက လက်နက်တပ်ဆင့် လေ့ကျင့်ပေးထားသည့် ပျူစောထီး ခေါ် အရပ်သား ပြည်သူ့စစ်အဖွဲ့အခြေပြုထားသည့်ရွာဖြစ်သည်။
မေ ၃၀ နံနက်တွင် စစ်သားများ ထိုရွာမှ ထွက်လာရာ အောင်ချမ်းသာရွာအနီး မိုင်းဆွဲခံရသဖြင့် နံနက် ၉ နာရီခန့်တွင် စစ်သားများ အောင်ချမ်းသာရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“မိုင်းဆွဲခံရပြီးမှ ဝင်တာ။ ရွာထဲကို လက်နက်ကြီးတွေနဲ့ ထုပြီး ဝင်လာတာ။ မနက် ၉ နာရီခွဲလောက်တည်းက စရှို့တာ ၁၂ နာရီလောက်ထိ ရှို့တာ” ဟု ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကလည်း ဆိုသည်။
တန့်ဆည်မြို့မှ မိုင် ၁၀၀ ခန့်အကွာရှိ စစ်ကိုင်းတိုင်းတောင်ဘက်စွန်းရှိ မြောင်မြို့နယ်တွင်လည်း အင်အား ၁၀၀ နီးပါးရှိ စစ်ကြောင်းတစ်ခု ရွာစဉ်လှည့် စီးနင်းခဲ့ကြောင်း၊ လေကြောင်းမှလည်း ပစ်ကူခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
မြောင်မြို့နယ်
မေ ၂၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် အဆိုပါစစ်ကြောင်းသည် တမဆေးရွာကို မီးရှို့နေစဉ် လေကြောင်းမှလည်း ၆ ကြိမ်ခန့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း မြောင်မြို့ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) အဖွဲ့ထံမှ သိရသည်။
“မနေ့က တိုက်ပွဲဖြစ်ပြီးတော့ သူတို့ (စစ်တပ်) ဘက်က အကျအဆုံးတွေရှိထားတယ်။ အဲဒါကြောင့် ဒါက စစ်ကူလာတာပဲဖြစ်မယ်ဆိုပြီး အဖွဲ့တွေကို ပြန်ဆုတ်ခိုင်းလိုက်တယ်။ အဖွဲ့တွေက အားလုံးပြန်ဆုတ်လာကြတယ်” ဟု CDSOM အဖွဲ့ တာဝန်ခံ ကိုနွေဦးက ပြောသည်။
“လေကြောင်းက ပထမတစ်ပတ်၊ ဒုတိယတစ်ပတ် ပတ်တယ်။ ၃ ပတ်မြောက်မှာ စပစ်တယ်။ ၄ ပတ်မြောက်မှာ ထပ်ပစ်တယ်။ နောက်ထပ် ဘေးဘက်တွေလည်း အကုန်လျှောက်ပတ်ပြီးတော့ ၆ ပတ်မြောက်မှာ ထပ်ပစ်တယ်”
အဆိုပါ လေကြောင်းပစ်ခတ်ချိန်တွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရပြီး လတ်တလော၌ ထိုနေရာများကို ဒေသခံကာကွယ်ရေးအဖွဲ့များ သွားရောက်ကြည့်ရှုနိုင်ခြင်း မရှိသေးသဖြင့် အရပ်သားထိခိုက်မှု ရှိမရှိ မသိရသေးကြောင်း ဆက်ပြောသည်။
မြောင်မြို့နယ်တောင်ပိုင်းကျေးရွာများမှာ မေ ၁၈ ကတည်းက စစ်ကြောင်းထိုးခံနေရခြင်းဖြစ်ပြီး ယမန်နေ့အထိ ကျေးရွာပေါင်း ၂၀ မှ အိမ်ခြေ ၅၈၀ ကျော် မီးရှို့ခံရပြီး အိမ်ထောင်စု ၄၀၀ ခန့် မီးဘေးသင့်ခဲ့ရကြောင်း CDSOM က ပြုစုထားသည့်စာရင်းအရသိရသည်။
“စစ်ကြောင်းတစ်ကြောင်း တစ်ရွာရောက်ပြီဆိုရင်ဘေးက ၄၊ ၅ ရွာလောက်က အကုန်ရှောင်ကြရတာလေ။ ဒီနေ့ ဒီရွာဝင်ရင် အဲဒီရွာတွေနဲ့ အနီးဆုံးရွာတွေက ရှောင်ရတယ်။ မနက်ဖြန် နောက်တစ်ရွာဝင်ရင် အဲဒီနားကရွာတွေ ရှောင်ရတယ်။ အဲဒီတော့ ဘယ်ရွာတွေဆိုတာ အတိအကျပြောလို့မရဘူး။ အကုန်လုံးက ရှောင်ဖို့အတွက် အသင့်အနေအထား အထုပ်ပြင်ထားရတဲ့ရွာတွေချည်းပဲ” ဟု CDSOM မှ ကိုနွေဦးက ပြောသည်။
စစ်ကိုင်းတိုင်းတောင်ဘက်အစွန်ဆုံးရှိ မြောင်မြို့နယ်သည် မန္တလေးတိုင်း၊ မကွေးတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ ပေါင်းဆုံရာအနီးတွင် ရှိသည့်အတွက် သွားလာရေးလွယ်ကူ၍ ထိုဒေသ၌ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ခိုလှုံနေသည်ဟု ယူဆချက်ဖြင့် စစ်တပ်က စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။
စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်ခုခံမှုအားကောင်းရာ မြို့နယ်များဖြစ်သည့် ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီမြို့နယ်တို့တွင် မေ ၂၉ မှစ၍ ဖုန်းလိုင်းများဖြတ်တောက်ထားသော်လည်း တချို့နေရာများတွင် ယနေ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ရရှိနေသည်ဟု ဆိုသည်။
လက်နက်၊ လူအင်အား အပြည့်အစုံနှင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မိုင်း၊ လက်လုပ်သေနတ်များနှင့် တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသခံကာကွယ်ရေးအဖွဲ့များက လက်နက်ခဲယမ်းများ လိုအပ်နေသည်ဟု ဆိုသည်။
“စစ်အာဏာရှင်မကျမချင်း တိုက်မှာ။ ပုံမှန်အနေအထားမှာတောင်မှ လက်နက်ချင်းက မမျှလို့ ကိုယ့်ဘက်က တချို့ဟာတွေဆိုရင် လုပ်ချင်ရက်နဲ့ မလုပ်လိုက်ရဘဲနဲ့ နောက်ဆုတ်နေလိုက်ရတဲ့အခြေအနေမျိုးမှာရှိတယ်” ဟု ကိုနွေဦးက ဆိုသည်။
“အခုလိုမျိုး လေကြောင်းတွေပါလာတဲ့အတွက် ကိုယ့်ဘက်က အထိခိုက်လည်း များနိုင်တယ်။ အကျဆုံးလည်း များနိုင်တယ်။ လုပ်ဖို့အခွင့်အရေးတွေ ပိုနည်းသွားနိုင်မယ်။ ဒါပေမဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘူး။ ကိုယ်လုပ်နိုင်သလောက် လုပ်သွားမယ်”
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် ထိုးစစ်ဆင်မှု သိသိသာသာလျော့နည်းသွားပြီးနောက် မေလ ၂၀ မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသော စစ်ကိုင်းတိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည်။
စစ်ကောင်စီတပ် ရွာထဲ ဝင်လာလျှင် နေအိမ်များ မီးရှို့ခံရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက မီးရှို့မှုမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု မကြာခဏ တုံ့ပြန်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)