သတင်း

စစ်တပ်က တရုတ်ကြေးနီစီမံကိန်းဝန်ထမ်း ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်းတောင်ပိုင်း ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ် က ဒေသခံ ၅ ဦးကို ဖမ်းဆီးပြီးနောက် ၂ ဦးကို သတ်ဖြတ်ခဲ့ရာ ယမန်နေ့ (မေ ၂၅) ညပိုင်းတွင် တွေ့ရှိရ သော ရုပ်အလောင်းများအရ တရုတ်ကြေးနီစီမံကိန်းဝန်ထမ်းများဖြစ်နေကြောင်း သိရသည်။

စီမံကိန်းနှင့် ကပ်လျက်ရှိ ဒုန်းတောရွာအနီးတွင် ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံ ၅ ဦးကို စစ်တပ်က ယမန်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊​ သုံးဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ အလောင်းကို ညပိုင်းတွင် တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အသတ်ခံရသူနှစ်ဦးမှာ မြန်မာယန်စီကြေးနီကုမ္ပဏီဝန်ထမ်းများဖြစ်ကာ Process ဌာနမှ အသက် ၃၈ နှစ်အရွယ် ကိုကျော်ငြိမ်းနှင့် Mining ဌာနမှ Drill Operator ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုချစ်သိန်းဇော် ခေါ် ဖားကြီးတို့ ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“ကိုကျော်ငြိမ်းက မျက်နှာတစ်ခြမ်း နှိပ်စက်ခံရလို့ ရွဲ့သွားတာရယ်။ နဖူးမှာ ကျည်ဆန်တစ်ချက်ရယ်။ ကိုဖားကြီး ခေါ် ကိုချစ်သိန်းဇော်ကတော့ ရင်ဘတ်ရယ်၊ ဦးခေါင်းရယ်တစ်ချက်မှာ ဦးခေါင်းတော့ ပွင့်သွားတယ်။ တေ့ပစ်တယ်ဆိုတာတော့ ခန့်မှန်းပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

“နှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ တွေ့တယ်။ လက်ပြန်ကြိုးတုပ်ထားတယ်” 

ထိုနှစ်ဦးမှာ ဆားလင်းကြီးမြို့နယ်၊ ရွာသာရွာမှဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို စီမံကိန်းနှင့် မနီးမဝေးရှိ ကံကုန်းရွာသုသာန်တွင် တွေ့ရှိခြင်းဖြစ်သည်ဟု သိရသည်။

“ဆိုင်ကယ်က ပြေးရင်းလွှားရင်းနဲ့ ဒုန်းတောရွာထဲမှာ ဖမ်းမိသွားတယ်။ ဆိုင်ကယ်က စုတ်တီးစုတ်ပြတ်နဲ့ဆိုတော့ သူတို့ (စစ်တပ်) အနေနဲ့ ကောက်ချက်ချတဲ့အသံတွေက မိုင်းဆွဲတဲ့ကောင်တွေဖြစ်မယ်ဆိုပြီး။ သူတို့ကို မိကတည်းက လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတယ်” ဟု လွတ်မြောက်လာသူများကို ကိုးကား၍ ၎င်းက ဖြည့်စွက်ပြောဆိုသည်။​

“သူတို့ရှေ့မှာ သတ်တာတော့ မဟုတ်ဘူး။ သူတို့နဲ့အတူတူ အဖမ်းခံရပြီးတော့ သူတို့ကို ရှေ့ကို လမ်းပြခေါ်သွားပြီးတော့ သူတို့ကို နောက်ချန်ပြီးတော့ သတ်လိုက်တာ”

စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသူ နှစ်ဦး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ – ပေးပို့)

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် မြန်မာယန်စီကြေးနီကုမ္ပဏီဝန်ထမ်းတစ်ဦးက အသတ်ခံရသူ နှစ်ဦးအနက် တစ်ဦးကို သိရှိသည်ဟု ပြောသည်။

“သေဆုံးသွားတဲ့သူထဲက တစ်ယောက်က ယန်စီဝန်ထမ်းဟုတ်တယ်။ ကိုကျော်ငြိမ်း ခေါ် ကိုငြိမ်းငြိမ်းသူ” ဟု ​၎င်းက ပြောသည်။ 

ထိုနှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက်ပိုင်းတွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်းလည်း သိရသည်။

အင်အား ၁၀၀ ခန့်ရှိ စစ်တပ်က တရုတ်ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများကို မေ ၂၄ ရက်မှစ၍ တစ်ကျော့ပြန် စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ အိမ်ခြေ ၄၀ နီးပါး ပျက်စီးခဲ့သည့်ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ကြေးနီစီမံကိန်းတောင်ဘက်ရှိ ဝါးတန်းရွာ မီးရှို့ခံရသည်ဟု ဆိုသည်။​

စစ်တပ်က မီးရှို့သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက မီးရှို့မှုမှာ PDF တို့၏ လက်ချက်သာ ဖြစ်သည်ဟူသော တုံ့ပြန်တတ်သည်။

၂ ဦးကို ကြိုးတုပ်ပစ်သတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဝါးတန်း၊ တည်ပင်ကန်၊ ရွှေပန်းခိုင်၊ သဲတောကြီး၊ ဒုန်းတော စသည့် ကျေးရွာများအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ မိုးထဲလေထဲ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။​ 

စစ်ကောင်စီစစ်ကြောင်းကြောင့် မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများကို ယမန်နေ့ (မေ ၂၅) က တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

“မနေ့ညက မိုးတွေ တအားရွာတယ်။ ဒီနေ့တော့ မိုးပြတ်တယ်။ ယမား (ချောင်း) လည်း ရေကြီးနေတော့ စစ်ရှောင်ဖို့အတွက် ထွက်ပေါက်တွေ တအားကျဉ်းကျပ်နေတယ်။ တအားကို ဒုက္ခရောက်တယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများကို ကူညီပေးနေသူလည်းဖြစ်သည့် အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။ 

ယနေ့ ရရှိသော ဓာတ်ပုံမှတ်တမ်းများအရ မိုးရေကြောင့် ဗွက်ထနေသော လမ်းပေါ်တွင် အထုပ်အပိုးများ သယ်ဆောင်လျက် ဆိုင်ကယ်များ၊ နွားလှည်းများဖြင့် တိမ်းရှောင်နေသော ဒေသခံများကို တွေ့ရသည်။ 

တရုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော မုံရွာမြို့အနီး ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စပယ်တောင် ကြေးနီတူးဖော်ရေးစီမံကိန်းများကို မေ ၅ ရက် နောက်ဆုံးထားရပ်တန့်ရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ၁၆ ခုက ပြီးခဲ့သည့်လတွင် သတိပေးစာထုတ်ပြန်ခဲ့သည်။

တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ ဝမ်ပေါင်၏ လက်အောက်ခံ Myanmar Wanbao နှင့် Myanmar Yangtse ကုမ္ပဏီတို့ကလည်း ၎င်းတို့ ခြိမ်းခြောက်ခံထားရကြောင်း ထုတ်ပြန်ကြေညာသည်။ 

အဆိုပါ ကုမ္ပဏီများသည် စစ်ကောင်စီအတွက် အကျိုးအမြတ်ရှိစေသည်ဆိုကာ အာဏာသိမ်းပြီး လအတန်ကြာကတည်းက အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့သည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ သတိပေးစာထုတ်ပြန်ပြီးနောက် ယခုလဆန်းမှစ၍ စီမံကိန်းအနီးဝန်းကျင် ကျေးရွာများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။​

စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံ PDF အဖွဲ့အချို့ အပြန်အလှန်ပစ်ခတ်ခြင်းများ ရှိသည်ဆိုသော်လည်း အသေးစိတ် မသိရပေ။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button