ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသော စစ်ကောင်စီက သက်သက်အထောက်အထားများ ဖျောက်ဖျက်နေသဖြင့် ဖြစ်ရပ်များကို မှတ်တမ်းပြုစု တိုင်ကြားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်သည်။
ဦးအောင်မျိုးမင်းသည် ၁၉၈၈ နောက်ပိုင်း စစ်တပ်၏ အနိုင်ကျင့်မှု၊ မတရားပြုကျင့်မှုမျိုးစုံကို မှတ်တမ်းတင်ရေးအတွေ့အကြုံရှိသူဖြစ်သည်။
Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ဝန်ကြီးက စစ်တပ်၏ ယခင်နှင့် ယခု ရာဇဝတ်မှုများ၊ တရားစွဲမခံရရေးအတွက် စစ်တပ်၏ ပြင်ဆင်နေမှု၊ မျက်မြင်သက်သေတို့၏ တာဝန်များအကြောင်း ပြောပြထားသည်။
မေး − စစ်တပ်က နေအိမ်တွေ မီးရှို့တာ ဘာကြောင့်လို့ ထင်သလဲ၊ ဒါတွေကို ဘယ်လိုမျိုး ရာဇဝတ်မှုလို့ သတ်မှတ်ကြသလဲ။
ဖြေ − အကြမ်းဖက်စစ်ကောင်စီ လက်ရှိလုပ်ဆောင်နေတဲ့ နေအိမ်တွေကအစ မီးရှို့၊ ဖျက်ဆီးမှုကတော့ ဟိုးအရင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးခဲ့တဲ့ ဖြတ်လေးဖြတ်ကို ပြန်ပြီးတော့ လုပ်ဆောင်တာပါ။ ဖြတ်လေးဖြတ်ဆိုတဲ့ဟာကတော့ လူတွေကို အသက်တွေ သတ်ဖြတ်တာ၊ သတင်းတွေဖြတ်တာတင်မကဘူး၊ သူတို့ ဘယ်တော့မှ ဒီဒေသအတွင်းမှာ ရှင်သန်လို့ မရဖို့အတွက် ပြန်လည်နေရာချလို့ မရဖို့အတွက်၊ ပြန်လည်ပြီး ဒီဒေသမှာ နေထိုင်လို့ မရလောက်တဲ့အထိကို အဆုံးစွန်အထိ လုပ်ဆောင်တဲ့ကိစ္စမျိုး ဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုမျိုး နေအိမ်တွေ ဖျက်လိုက်ခြင်းအားဖြင့် ပြည်သူလူထုက တခြားတနေရာကို မဖြစ်မနေ ထွက်ပြေးသွားရတယ်။ ထွက်ပြေးသွားရတဲ့အချိန်မှာ ဒီဒေသအတွင်းမှာ သူတို့အနေနဲ့ လုံခြုံရေး၊ စစ်ရေးဆိုင်ရာအရ လက်ဦးမှုရယူလိုက်တဲ့သဘော ဖြစ်တယ်။ အဲဒီတော့ ပြန်လာတဲ့သူတွေကို ထပ်ပြီးတော့ ဖမ်းဆီးတာတွေ၊ စစ်ဆေးတာတွေ လုပ်ဆောင်နိုင်တယ်။
နောက်ထပ် အရေးကြီးတာတစ်ခုကတော့ ဒီအချိန်က မိုးရာသီအစကာလ ဖြစ်ပါတယ်။ အဲဒီတော့ မိုးရာသီကာလမှာ ဟိုးအရင်က စုဆောင်းထားတဲ့ မျိုးစပါးတွေကအစ မီးရှို့ဖျက်ဆီးလိုက်တယ်။ ဒါမျိုး ဖျက်ဆီးလိုက်ခြင်းအားဖြင့် တောင်သူလယ်သမားတွေက ဒီမိုးတွင်းမှာ စိုက်စရာ မရှိတော့ဘူး။ ဒါဆိုရင် မိုးတွင်းကာလတစ်ခုလုံးတင်မကဘူး။ နောက်ထပ် နှစ်ပေါင်းများစွာ အသက်ရှင်ရမဲ့ သက်မွေးဝမ်းကြောင်းကော၊ နောက်တစ်ခါ စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးပါ ဖျက်ဆီးလိုက်တဲ့အတွက် ပြည်သူလူထု အရမ်းကို ဒုက္ခရောက်စေတဲ့ အပြုအမူဖြစ်တယ်။ ဒါကြောင့်မို့လို့ စစ်ပွဲကာလအတွင်းမှာ အရပ်သားပြည်သူတွေကို အခုလိုမျိုး အခြေအနေမဲ့ဖြစ်ပြီးတော့ အစုလိုက်၊ အပြုံလိုက် နေရာကနေ မောင်းထုတ်ခြင်းကတော့ လူသားမျိုးနွယ်ကို ထိခိုက်တဲ့ ရာဇတ်မှုတင်မကဘူး၊ စစ်ပွဲတိုက်ခိုက်မှုပုံစံအတွင်းမှာ ကျူးလွန်တာဖြစ်တဲ့အတွက် War Crime လို့ခေါ်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုအထိကို မြောက်နေတာ တွေ့ရပါတယ်။
မေး − စစ်တပ် တပ်စွဲခဲ့တဲ့ ရွာတွေမှာ ရုပ်အလောင်းတွေ တွေ့တတ်တာတော့ ကြာပါပြီ။ ဒါပေမဲ့ မကြာသေးခင်လတွေက စပြီး ရုပ်အလောင်းတွေက မီးရှို့ခံထားရတယ်၊ ဒါတွေဟာ ဘာကြောင့်လို့ ထင်သလဲ။ ဒါကရော ဘယ်လို ရာဇဝတ်မှုမျိုးလဲ။
ဖြေ − ဟိုးအရင်တုန်းကဆိုရင် စစ်တပ်က သူတို့သတ်ဖြတ်ခဲ့တဲ့သူတွေကို နှိပ်စက်ခဲ့တဲ့ သူတွေကအစ အကုန်လုံးကို ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြတယ်။ သတ်ဖြတ်တဲ့ဟာတွေကို ဒီအတိုင်းထားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က ဘယ်သူမှန်းမသိအောင်၊ ကျား/မ မှန်းမသိအောင် မီးရှို့တဲ့အဆင့်အထိ ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ လုံးဝ သက်သေအထောက်အထား မရရှိအောင် လက်စဖျောက်ပြီးတော့ သဲလွန်စပါမကျန် လုပ်ဆောင်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုကာလမှာ ပြည်သူလူထုကိုယ်တိုင်က ဒီသတင်းတွေကို ပေးပို့ရမှန်း သိလာပြီ။ နောက် ဒီသတင်းတွေကလည်း ရာဇဝတ်မှုလို့ခေါ်တဲ့ ခုနကျွန်တော်ပြောတဲ့ ရာဇဝတ်မှုနှစ်ခုကို ကျူးလွန်တာ သေချာသွားပြီ။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဒီကိစ္စအတွက် နိုင်ငံတကာခုံရုံးတင်ဖို့ လုပ်ဆောင်တဲ့အခါမှာ သက်သေအထောက်အထား ဘယ်သူဘယ်ဝါ၊ ကျား၊ မ၊ အသက်၊ ဘယ်ရွာကဆိုတာ မသိအောင် သူတို့ဘက်က လက်စတုံးဖျောက်ဖျက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ ရုံးတော်မှာ တစ်ချိန်ချိန် တရားရင်ဆိုင်တဲ့အခါမှာ ဒါတွေက သက်သေမဖြစ်အောင်၊ နောက်တစ်ခါ အချက်အလက်စုဆောင်းတဲ့သူတွေ အနေနဲ့ကလည်း ဒါမျိုးကို ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဖို့ ခက်ခဲအောင် တမင်သက်သက် ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ သဲလွန်စမကျန်အောင်၊ နောက်ကြောင်းကို ပြန်ပြီးတော့ အမှုဖွင့်လို့မရတဲ့အထိ ရောက်ဖို့အတွက် ကြိုးစားတဲ့ အနေအထားမျိုးဖြစ်ပါတယ်။
မေး − စစ်မြေပြင်မှာ အရပ်သားကို လူသားဒိုင်းအဖြစ် အသုံးပြုတယ်ဆိုတာက ဘယ်လိုမျိုးလဲ၊ ဒါကရော ဘယ်လိုပြစ်မှုမျိုးမြောက်သလဲ။
ဖြေ − ဟိုးအရင်ကတည်းက ရှိပါတယ်။ လူတစ်ဦးတစ်ယောက်ကို သူ့ရဲ့ဆန္ဒမပါဘဲ အတင်းအကျပ် ခွန်အားသုံးပြီးတော့ အမြတ်ထုတ်တဲ့ စေခိုင်းမှုကို ကျွန်ပြုခြင်း Slavery လို့ ခေါ်ပါတယ်။ ဒါကို တချို့တလေလည်း အတင်းအကျပ် လုပ်အားပေးခိုင်းခြင်းလို့ ခေါ်ပါတယ်။ ဒါကတော့ အလုပ်သမားဥပဒေအရ၊ ILO ဥပဒေအရဆိုရင် အလုပ်သမားအခွင့်အရေးချိုးဖောက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုကာလအတွင်းမှာတော့ ဒါက သာမန် တံတားဆောက်ခိုင်းတာ၊ ဆည်ဆောက်ခိုင်းတာ၊ မြို့ဆောက်ခိုင်းတာ၊ သန့်ရှင်းရေးလုပ်ခိုင်းတာ မဟုတ်တော့ဘူး။ တကယ့်ကို အန္တရာယ်ရှိတဲ့ စစ်ပွဲကာလအတွင်းမှာ အန္တရာယ်ရှိတဲ့၊ အသက်နဲ့ရင်းပြီးတော့ အချိန်မရွေး သေဆုံးသွားနိုင်တဲ့ မိုင်းတွေကို ရှာခိုင်းတယ်။ ဒီလိုမျိုး လူတွေကို စစ်တပ်ရဲ့ ရှေ့မှာထားပြီးတော့ ကျည်ကာအဖြစ် လူသားကျည်ကာအဖြစ် အသုံးပြုတဲ့ဟာကတော့ ရာဇဝတ်မှုအဆင့်အထိ ရောက်သွားပါပြီ။ ဒါက ဘာရာဇဝတ်မှုလဲဆိုတော့ အရပ်သားပြည်သူတွေကို စစ်ပွဲကာလအတွင်းမှာ အသက်အန္တရာယ်ရှိနိုင်တဲ့လုပ်ငန်းကို စေခိုင်းတယ်။ စေခိုင်းမှုကလည်း အထူးကို အသက်အန္တရာယ်ရှိတဲ့အတွက် War Crime လို့ခေါ်တဲ့ စစ်ပွဲဆိုင်ရာရာဇဝတ်မှု အတိအကျကို မြောက်နေပါတယ်။
မေး − လူသားဒိုင်းအဖြစ် အသုံးချပြီး ပြန်လွတ်ပေးတာမျိုး ရှိသလို သူတို့ကို ရုပ်အလောင်းတွေပဲ ပြန်တွေ့ရတာမျိုးလည်း ရှိပါတယ်။ ဒါတွေဟာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသလဲ။
ဖြေ − အခုလိုမျိုး စစ်တပ်အင်အားအလုံးအရင်းနဲ့ ကျေးလက်၊ မြို့၊ ရွာတွေကို ဝင်ရောက်ပြီး ဖျက်ဆီးတဲ့ကဏ္ဍတွေမှာ အခုလိုမျိုးကိစ္စတွေ အများကြီး တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ ဒီဒေသမှာ သူတို့ကို လက်နက်ကိုင်ခုခံတဲ့တပ်ဖွဲ့တွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဒီပြည်သူလူထုက သူတို့ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့အင်အားစုတွေကို ထောက်ခံတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီဒေသတစ်ခုလုံးကို စစ်ရေးအရ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အဲဒီတော့ စစ်တပ်နဲ့အတူ အမြဲတမ်းပါလာတာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ လူ့အခွင့်အရေးချိုးဖောက်မှုမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးမှုက နေရာနီးပါးမှာ တွင်တွင်ကျယ်ကျယ် ရှိလာတယ်။ အရင်တုန်းက စစချင်းမှာ ကရင်နီဒေသနဲ့ ချင်းပြည်နယ်မှာ တော်တော်များများတွေ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်း ဒီဒေသတွေအထိ သူတို့ဘက်က ဖြစ်လာတယ်။
အဲဒီတော့ ဒါတွေကတော့ ရှေ့တန်းကို မပို့ဘဲနဲ့ သယ်ဆောင်မှုပေါ့။ အခုနောက်ပိုင်းဆိုရင်တော့ တနင်္သာရီတိုင်းဘက် ဒေသတွေမှာလည်း အရပ်သားတွေကို စစ်သားတွေကနေ ဖမ်းဆီးပြီးတော့ ပေါ်တာခေါ်တာ၊ ပစ္စည်းသယ်ခိုင်းတာ၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုတဲ့ဟာတွေက ပိုမိုပြီးတော့ များပြားလာတာကို တွေ့ရပါတယ်။ ဒါတစ်ခုဟာ တကယ့်ကို စစ်တပ်ကနေ လူလိုလို့ မဟုတ်ဘဲနဲ့ အရပ်သားပြည်သူတွေကို တမင်သက်သက် ပစ်မှတ်ထားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အမိန့်ချပြီးတော့ လုပ်ဆောင်တဲ့ စီမံကိန်းပုံစံတစ်မျိုး ဖြစ်နေတာလည်း တွေ့ရပါတယ်။
မေး − လူသတ်၊ မီးရှို့၊ ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ မတရားကျင့် စတဲ့ အမှုတွေ ကျူးလွန်ခံရတယ်ဆိုရင် ဒီအကြောင်းကို သိတဲ့သူတွေ၊ ကာယကံရှင်မိသားစုတွေက ဘာဆက်လုပ်သင့်သလဲ။ ဘယ်သူတွေကို သတင်းပို့သင့်သလဲ၊ ဘာကြောင့်လဲ။
ဖြေ − ဒီလိုမျိုး အဖြစ်ဆိုးတွေ ကြုံတွေ့ရတဲ့သူတွေမှာ ကြောက်ရွံ့စိတ်တွေ၊ စိုးရိမ်စိတ်ဖြစ်တာ ဓမ္မတာပါပဲ။ ဝမ်းနည်းမှုက ဖြစ်နိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိုဝမ်းနည်းရုံနဲ့ ကျွန်တော်တို့က မပြီးဆုံးပါဘူးခင်ဗျ။ ဒီလိုမျိုး ဖြစ်ပျက်တဲ့သူတွေအတွက် တရားမျှတမှုဖော်ဆောင်ဖို့ ကျူးလွန်တဲ့သူကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အရေးယူနိုင်ဖို့ အရေးကြီးပါတယ်။ အဲ့ဒါကြောင့်မလို့ ကိုယ့်ရဲ့အန္တရာယ်ကို ချင့်ချိန်ပြီးတော့ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်သူက ဘယ်သူ့ကို၊ ဘာလုပ်ခဲ့လဲ၊ ဘယ်လိုလုပ်ခဲ့လဲ၊ ဘာကြောင့်လုပ်ခဲ့လဲဆိုတဲ့ အခြေခံကျတဲ့ ‘ဘ’ ခြောက်လုံး ဒါလေးကို လူတိုင်းကနေ သတင်းရရှိဖို့အတွက် မှတ်သားဖို့ လိုအပ်တယ်။ တစ်ချိန်တည်းမှာတင် ဒါကို မှတ်တမ်းတင်၊ စုဆောင်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့် ကျွန်တော်ပြောလဲဆိုတော့ ဒီ ‘ဘ’ ခြောက်လုံးက အခြေခံကျပေမဲ့ တစ်ချိန်ချိန်မှာ ဒါတွေကို အရေးယူမယ်၊ မှတ်တမ်းတင်ပြီးတော့ တရားစွဲဆိုမယ်ဆိုရင် တိကျခိုင်လုံတဲ့ သက်သေကောင်းတွေ ဖြစ်ပါတယ်။ တရားရုံးမှာ ကျူးလွန်တဲ့ စစ်အာဏာရှင်ကို တကယ့်ကို ရင်ဘတ်ကို ထိုးနှက်နိုင်တဲ့ လက်နက်ကောင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖြစ်လာသမျှအကုန်လုံးကို အကြောက်တရားနဲ့ မေ့ပစ်မဲ့အစား တိကျသောသတင်းတွေ ခိုင်လုံအောင်၊ စုဆောင်းပြီးတော့ ပေးပို့ဖို့ လိုအပ်ပါတယ်။ ပေးပို့တဲ့အချိန်မှာတော့ အခုအချိန်မှာ သတင်းမီဒီယာကတစ်ဆင့်လည်း ပေးပို့လို့ ရတယ်။ တစ်ချိန်တည်းမှာတင် ကျွန်တော်တို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန Page, ကျွန်တော်တို့ရဲ့ မက်ဆင်ဂျာ ဒါတွေကို ပေးပို့လို့ ရပါတယ်။ ကျွန်တော်တို့က ဒါကို သိမ်းဆည်းထားရုံမကဘဲနဲ့ ကမ္ဘာ့နိုင်ငံနဲ့ ဆက်ဆံပြီးတော့ နိုင်ငံတကာတရားခုံရုံးမှာ အရေးယူနိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဗျ။
မေး − လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာ မြန်မာပြည်မှာ ဘယ်လောက်အထိ အားကောင်းခဲ့သလဲ။
ဖြေ − ဒါနဲ့ပတ်သက်လို့ ဟိုးအစဉ်အဆက်ထဲက တိုင်းရင်းသားတွေ လူ့အခွင့်အရေးချိုးဖောက်တာကို မှတ်တမ်းတင်ခဲ့တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ND Burma လို့ခေါ်တဲ့ Network Documentation Myanmar ဆိုတဲ့အဖွဲ့တွေ သူတို့ရှိပြီးသား၊ တိုင်းရင်းသားအဖွဲ့တွေလည်း ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က အရင်တုန်းက တိုင်းရင်းသားဒေသကိုပဲ အခြေခံပြီးတော့ မှတ်တမ်းတင်ခဲ့တာပေါ့နော်။ အခုကျ ဖြစ်တာလာ တိုင်းရင်းသားဒေသတင်မကဘူး၊ မြန်မာနိုင်ငံ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ ဖြစ်တဲ့အတွက် အဲဒါတွေကို စုဆောင်းဖို့အတွက် ထပ်ပြီးတော့ ကြိုးစားနေရပါတယ်။ အရင်တုန်းကဖြစ်ခဲ့တဲ့ တိုင်းရင်းသားဒေသတွေမှာ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတွေရှိတယ်။ သူတို့က သတင်းတွေ ပေးပို့တာ ရှိတယ်။ ဒါပေမဲ့ အခုဖြစ်ပျက်နေတဲ့ စစ်ကိုင်းတိုင်းတို့၊ မကွေးတိုင်းတို့၊ အဲ့ဒေသတွေမှာ အရင်တုန်းက ဒါမျိုးစစ်ပွဲတွေလည်း ဖြစ်တာ မဟုတ်ဘူး။ ဒါမျိုး အတွေ့အကြုံလည်း ရှိခဲ့တာ မဟုတ်ဘူး။ အဲဒီတော့ အဲဒီဒေသအတွင်းမှာရှိတဲ့သူတွေကို ခုနက ကျွန်တော်ပြောတဲ့ ‘ဘ’ ခြောက်လုံးကို တိတိကျကျပေးပို့နိုင်ဖို့ ခိုင်ခိုင်မာမာ စုဆောင်းပြီးတော့ လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့ တတ်နိုင်သရွေ့ လေ့ကျင့်ပေးနေတယ်။ ပြည်သူတွေကလည်း ဒီအတိုင်း ပေးပို့တာ ရှိပါတယ်။ အဲဒီတော့ အားကောင်းမှုတွေတော့ ရှိတယ်။ လူထုက သတင်းပေးရမယ်ဆိုတာတော့ သိလာတယ်၊ ဒါပေမဲ့ ဒီထက်ပိုမိုအားကောင်းတဲ့၊ တရားဥပဒေက အရေးယူနိုင်တဲ့ မှတ်တမ်းတွေ၊ အမှုတွဲတွေ ဒါတွေဖွင့်နိုင်ဖို့အတွက်ကတော့ ကျွန်တော်တို့ ဆက်လက် ကြိုးပမ်း၊ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။
မေး − ဒီလိုချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ဖို့ ဘယ်သူတွေမှာ တာ၀န်ရှိသလဲ၊ ဒီမှတ်တမ်းတွေကို ဘယ်မှာ ဘယ်လို သိမ်းထားမှာလဲ။
ဖြေ − အချက်အလက်တွေကို သိရှိတဲ့သူတိုင်းက အချက်အလက်တွေကို စုဆောင်းဖို့ရယ်၊ ပေးပို့ဖိုရယ် တာဝန်ရှိပါတယ်။ ဒါမှသာ ကျူးလွန်သွားတဲ့ သူတွေကို အရေးယူနိုင်မှာ ဖြစ်သလို ကျူးလွန်ခံရတဲ့သူတွေအတွက်လည်း အကျိုးရှိသော လုပ်ဆောင်မှုတွေ ဆောင်ရွက်နိုင်မှာပါ။ လူတိုင်း၊ လူတိုင်း တာဝန်ရှိပါတယ်။ ဒါပေမဲ့ ခုနလို ဒီအချက်အလက်တွေကို တရားဥပဒေအရ ရင်ဆိုင်တဲ့အခါမှာ အသုံးပြုနိုင်လား၊ အသုံးပြုဖို့ အချက်တွေ လုံလောက်လားဆိုတဲ့ အချက်ကတော့ သာမန်ပြည်သူတွေထက် ပိုမိုပြီးတော့ အတွေ့အကြုံရှိတဲ့၊ ဒီဟာနဲ့ ပတ်သက်ပြီးတာ့ လေ့ကျင့်ထားတဲ့ အဖွဲ့တွေ၊ အချက်အလက်ကောက်ယူဖို့အတွက် လေ့ကျင့်ထားတဲ့သူတွေမှာ ပိုပြီးတော့ တာဝန်ပိုရှိတာပေါ့နော်။ သူတို့က အချက်အလက်တွေ ခိုင်မာမှ နိုင်ငံတကာမှာ တင်ပြတဲ့အခါမှာ ဒီအချက်တွေက အကျိုးရှိမှာပါ။ နောက်တစ်ခုကတော့ ဒီသတင်းတွေ ဘယ်မှာသိမ်းမလဲဆိုတဲ့ ကိစ္စပေါ့။ လက်ရှိအခြေအနေကတော့ သတင်းတွေကို ကိုယ့်ရဲ့ ကွန်ပျူတာ၊ ရုံးခန်းတို့မှာ သိမ်းတာဟာ အများကြီး အခက်အခဲရှိပါတယ်။ လူတိုင်း၊ လူတိုင်းရဲ့ မိုဘိုင်းဖုန်းကို အကြောင်းအမျိုးမျိုးပြပြီးတော့ စစ်ဆေးပြီး ဖမ်းဆီးတဲ့အထိကို လုပ်နေတဲ့ကာလမှာ ဒေတာလို့ ခေါ်တဲ့ အချက်အလက်လုံခြုံမှုတွေ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်မလို့ Digital Security လို့ခေါ်တဲ့ လုံခြုံတဲ့နည်းလမ်းကတစ်ဆင့် ပေးဖို့ဟာ မဖြစ်မနေလိုအပ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒါတွေသိမ်းဆည်းဖို့ကိစ္စနဲ့ ပတ်သက်လို့ ဒါကတော့ ကျွန်တော်တို့ဆီ ရောက်ရှိလာတဲ့ သတင်းအချက်အလက်တွေကို တကယ့်ကို လုံခြုံတဲ့၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ထူထောင်ပြီးတော့ တကယ့်စနစ်တကျ သိမ်းဆည်းတဲ့ ဒေတာစနစ်တစ်ခုကိုလည်း ကျွန်တော်တို့ ထူထောင်ထားပါတယ်။ အဲဒီတော့ ဒီသတင်းတွေက ဘယ်သူမှ ဖျက်ဆီးလို့ မရဘူး၊ ဘယ်သူမှ ဝင်ရောက်ပြီးတော့ ဖွင့်လို့မရဘူး၊ အကုန်လုံးက Online မှာပဲ ရှိပြီးတော့ သိမ်းဆည်းထားတဲ့အရာတွေ။ ဒါကိုတော့ တတ်နိုင်သရွေ့ အခုတည်ဆောက်ပြီးတော့ လုပ်ဆောင်နေပါတယ်။
မေး − ဒီလို မှတ်တမ်းတင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။
ဖြေ − ဒါနဲ့ပတ်သက်လို့ ဖြစ်ပွားတဲ့ကိစ္စတစ်ခုကို ဖြစ်ခဲ့ပြီးပါပြီ၊ ပြီးခဲ့ပါပြီ၊ မေ့လိုက်ပါတော့ဆိုတာ မရှိဘူး။ အခုအချိန်အထိ သင်ပုန်မချေနိုင်သေးဘူးဆိုတဲ့ လူထုရဲ့စိတ်ဓာတ်ရှိတယ်။ သင်ပုန်းမချေနိုင်သရွေ့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို တရားမျှတမှုနဲ့ တာဝန်ခံနိုင်မှု ထူထောင်ဖို့က ဒီအချက်တွေ မရှိလို့ မရပါဘူး။ တကယ်လို့ တစ်ချိန်ချိန်မှာ တရားခွင်မှာ တရားစွဲဆိုနိုင်မယ်၊ ကဲ…အမှုတွဲမှာ ဘာဖြစ်ခဲ့လဲ၊ ဘယ်နေရာတော့မသိဘူး၊ သတ်သွားတယ်၊ ဘယ်သူမှန်းမသိဘူးဆိုတဲ့ အချက်မျိုးနဲ့ အမှုဖွင့်လို့ မရပါဘူး။ တိကျခိုင်လုံသော သက်သေ၊ အထောက်အထား၊ မှတ်တမ်းရှိမှသာ တရားက နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က ဘယ်လောက်အထိ စာနာမှုတွေ ရှိတဲ့သူတွေ ရှိနေဦးတော့၊ အချက်အလက်၊ အထောက်အထားမရှိရင် တာဝန်ရှိတဲ့ တရားခံက ဒီအမှုကနေ လွတ်သွားနိုင်ပါတယ်။ ဒါမျိုး ကျွန်တော် အဖြစ်မခံနိုင်တဲ့အတွက် တကယ့်တရားခွင်မှာ တရားဥပဒေအရ အနိုင်ရပြီး တရားစွဲဆိုနိုင်ဖို့အတွက် အချက်အလက်၊ အထောက်အထား အကုန်လုံးက တိတိကျကျ၊ ခိုင်ခိုင်မာမာ ဖြစ်ဖို့က အရမ်းကို အရေးကြီးပါတယ်။
မေး − ဖမ်းဆီးရိုက်နှက်သတ်ဖြတ်၊ အိမ်မီးရှို့ဖျက်ဆီးခံရတာမျိုးနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ရာမှာ ဘယ်အချက်တွေကို ထည့်သွင်းရမလဲ။
ဖြေ − မှတ်တမ်းတင်မယ်ဆိုရင်တော့ ခုနတုန်းက ‘ဘ’ ခြောက်လုံးက အခြေခံအချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ့ထက် ပိုမိုပြီးတော့ ပြည့်စုံတဲ့ အရာမျိုးပေါ့။ ဥပမာ – စစ်ကြောင်းဆိုတဲ့ အရာမျိုးမှာ စစ်ကြောင်းတင်မကဘူး။ သူတို့အနေနဲ့ ဘယ်စစ်ကြောင်းလဲ၊ နံပါတ်ဘယ်လောက်လဲ။ ဒါမျိုးအထိ သိနိုင်တဲ့ကိစ္စ၊ ကျူးလွန်တဲ့သူက ဘယ်လောက်ရာထူးလဲ အသေးစိတ်သိနိုင်လေကောင်းလေ ဖြစ်ပါတယ်။ နောက်တစ်ခါ နှိပ်စက်တယ်ဆိုလို့ရှိရင်လည်း ဘယ်လိုနေရာကို နှိပ်စက်တာလဲ။ ဘယ်လိုဒဏ်ရာမျိုး နှိပ်စက်တာလဲ။ ဒါမျိုးကိစ္စတွေက အသေးစိတ်သိလေလေ၊ တရားဥပဒေရင်ဆိုင်ပြီး ထွက်ဆိုတဲ့အခါမှာ အကျိုးရှိလေလေ ဖြစ်ပါတယ်။
အဲဒီတော့ မတရားလုပ်သွားတယ်ဆိုတဲ့ စကားလုံးမျိုးနဲ့ ကျွန်တော်တို့က ဒါမျိုးပြောလို့ မရပါဘူး။ နှိပ်စက်တဲ့စကားလုံးနဲ့ မရပါဘူး။ မတရားလုပ်တယ်ဆိုတာ ဘယ်လို မတရားလုပ်သွားတာလဲ၊ ဘယ်သူ့ကို မတရားလုပ်သွားတာလဲ၊ ဘယ်သူက ခံသွားရလဲ၊ ဘယ်လိုဆုံးရှုံးမှုတွေရှိလဲ၊ ဒါကို ကျွန်တော်တို့ သိဖို့လိုတယ်။
နှိပ်စက်တယ်ဆိုလို့ရှိရင်လည်း ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုလား၊ ခန္ဓာကိုယ်ဘယ်နေရာလဲ။ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုဆိုရင်ကော ဘယ်လိုပုံစံပြောဆိုပြီးတော့ နှိပ်စက်တာလဲ စတဲ့ ပတ်ဝန်းကျင်ရဲ့အခြေအနေကို ဖော်ပြပြီးတော့ မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်မယ်။ တိတိကျကျ၊ ခိုင်ခိုင်လုံလုံဖြစ်သော အသေးစိတ်အချက်တွေကို ရနိုင်သရွေ့ရအောင် ရှာဖွေဖို့ လိုအပ်ပါတယ်။ စုဆောင်းဖို့လည်း လိုအပ်ပါတယ်ဗျ။
မေး − အဲဒီဖြစ်ရပ်မျိုးတွေနဲ့ ပတ်သက်ပြီး ဓာတ်ပုံ၊ ရုပ်သံဖိုင်၊ အသံဖိုင်တွေက ဘယ်လောက်အထိ အရေးပါသလဲ။
ဖြေ − အခု ဒီခေတ်ကတော့ ဗီဒီယိုရုပ်ပုံက အရမ်းကို လွယ်လည်းလွယ်တယ်။ ပေးပို့ရလည်း လွယ်သွားပြီ။ အရင်ခေတ်လို မဟုတ်တော့ဘူး။ စာတစ်တန်၊ ပေတစ်တန် မဟုတ်ဘူး။ အခုက ကွန်ပျူတာ Screen (မျက်နှာပြင်) မှာ နှိပ်လိုက်တာနဲ့ ချက်ချင်း ကမ္ဘာကို ပျံ့တာ။ အဲဒီတော့ သူတို့ရဲ့ အကြောင်းအရာက အရေးကြီးတာ နှစ်ခုရှိပါတယ်။ တစ်ခုက ဖြစ်ဖြစ်ချင်းတင်နိုင်တဲ့အတွက် ဖြစ်ပျက်နေတဲ့ ကိုယ့်ရွာဒေသရဲ့ အဖြစ်အပျက်ကို ကမ္ဘာက လူတိုင်းက အာရုံစိုက်ပြီးတော့ အမြန်ဆုံး ဒါကို တတ်နိုင်သရွေ့ ကူညီမှုပေးနိုင်တယ်။ နောက်တစ်ခုက ဖြစ်ပျက်တယ်ဆိုတဲ့ အကြောင်းအရာက ပါးစပ်ပြောဖြစ်ပါတယ်၊ စာထဲမှာ ရေးထားတဲ့ အချက်အလက်ဖြစ်ပါတယ်။ ဒီဟာက မှန်ကန်တာလည်း ဖြစ်နိုင်တယ်။ လွဲမှားတာလည်း ဖြစ်နိုင်တယ်။ တမင်သက်သက် ဝါဒဖြန့်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဓာတ်ပုံတစ်ပုံ၊ ဗီဒီယိုတစ်ခု ရတဲ့အခါမှာ ပြောကြားချက်က ဘယ်လောက်အထိ မှန်ကန်လဲ၊ ဘယ်လောက်အထိ ခိုင်လုံလဲဆိုတာကို တစ်ခါတည်းပြောကြားသလို ဖြစ်သွားတယ်။ အရင်တုန်းက နှုတ်တစ်ရာ၊ စာတစ်လုံး။ အခုက စာတစ်ရာ ဗီဒီယိုတစ်ကွက်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ ဒီလိုမျိုး သက်သေအထောက်အထားကို ပေးနိုင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ဒါတွေကို သေသေချာချာ စုဆောင်းထားဖို့လည်း အရေးကြီးပါတယ်။ တစ်ချိန်ကျရင် ဒါတွေက ကျွန်တော်တို့အတွက် အများကြီးတန်ဖိုးရှိတဲ့၊ အများကြီးအသုံးဝင်တဲ့ မှတ်တမ်းတွေဖြစ်ပါလိမ့်မယ်။
မေး − တို့ရွာ တို့ရပ်ကွက်မှာ ဖြစ်တာကို သတင်းဌာနမှာ ပါပြီးပြီ၊ လုံလောက်ပြီ၊ အင်တာနက်မှာ မျှဝေနေကြပြီ၊ ကမ္ဘာက သိသွားပြီ၊ ထပ်ပြီး စုံစမ်းမှတ်တမ်းပြုထားဖို့ မလိုဘူးဆိုပြီး ပြောလို့ရော မရဘူးလား။
ဖြေ − ကိုယ့်ရဲ့ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်ပေါ်တင်တယ်။ Like တွေရတယ်၊ Share တွေ လုပ်တယ်၊ ဒါကတော့ ပထမတစ်ဆင့် အောင်မြင်မှုပေါ့။ ဒါပေမဲ့ အဲဒီကျူးလွန်မှုရဲ့ အမှန်တရားကို ဖော်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီ့ထက်ပိုအကျိုးရှိတာကတော့ ဒီဟာတွေကို တရားဥပဒေအရ နိုင်ငံတကာကနေ သိရှိပြီးတော့ ကျူးလွန်တဲ့ အကြမ်းဖက်စစ်ကောင်စီကို ဒီထက်ပိုမိုပြီးပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ ပိတ်ဆို့မှုတွေ ဒါတွေဖြစ်လာဖို့ အကျိုးရှိနိုင်မှ အသုံးကျမှာ ဖြစ်ပါတယ်။ အဲဒီတော့ Facebook တစ်ခုတည်းနဲ့ မသာယာပါနဲ့။ ကိုယ့်ဓာတ်ပုံကို Share လုပ်တာနဲ့ မသာယာပါနဲ့။ အမှန်တရား ဘယ်လောက်အထိ ပေါ်ပေါက်လာလဲ အပေါ်မှာ အဲဒီအပေါ်မှာ ကြည့်ပြီးတော့ သာယာပါ၊ ကျေနပ်ပါ၊ ဂုဏ်ယူပါ ဒါမှသာ အောင်မြင်တဲ့ အချက်အလက်ပေးပို့မှု ဖြစ်ပါလိမ့်မယ်။
မေး − ဝန်ကြီးရဲ့ အတွေ့အကြုံအရ ဒီလို စုံစမ်းထောက်လှမ်း မှတ်တမ်းတင်ရာမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ အခုရော အခက်အခဲက ဘာတွေဖြစ်မလဲ။
ဖြေ − ကျွန်တော်တို့ ဒီအချက်အလက်စုဆောင်းမှုကို ၁၉၈၈ ခုနှစ်နောက်ပိုင်းကတည်းက ဆက်တိုက်လုပ်ပါတယ်။ လုပ်တဲ့အခါမှာ အခင်းဖြစ်ပွားတဲ့နေရာတွေကို နယ်စပ်တစ်လျှောက် သွားရတယ်။ သွားလာတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိတယ်၊ ဂိတ်တွေ ဖြတ်ရတယ်။ နောက်တခါ ကိုယ်ရရှိတဲ့သတင်းကို အခုလိုမျိုး ဗီဒီယိုဖိုင်လေးကို အွန်လိုင်းမှာတင်လိုက် အဲဒီလိုလုပ်လို့မရဘူး။ ကျွန်တော်တို့မှာ ဗီဒီယိုဖိုင်ကလည်း အရမ်းအခက်အခဲရှိတယ်။ ဓာတ်ပုံတင်မယ်ဆိုလည်း ဓာတ်ပုံကို သိမ်းဆည်းမှုတွေ၊ ဖျက်ဆီးခံထိမှုတွေ အများကြီး အလုပ်ခံထိတဲ့ဟာတွေ အများကြီး ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီတုန်းကတော့ လူကိုယ်တိုင်သွား၊ စာရွက်မှာရေး၊ စာရွက်ကို လုံခြုံအောင်လုပ်ပြီးတော့မှ ကွန်ပျူတာထဲ ထည့်ပြီးတော့မှ ကမ္ဘာကို တစ်ပတ်ပတ်နိုင်ဖို့အတွက် ကြိုးစားခဲ့ရတယ်၊ အချိန်တွေ အများကြီး ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုကျတော့ ခေတ်မီနည်းပညာအရ ကျွန်တော်တို့ကို အများကြီးအကျိုးရှိနေတယ်။ ခေတ်မီနည်းပညာ၊ ဆိုရှယ်မီဒီယာဆိုတာ သုံးတတ်ရင် ဆေးပါ။ ဘာလဲဆိုတော့ လူတိုင်းလူတိုင်းက ဒါကို သုံးတတ်တဲ့အခါမှာ သတင်းအချက်အလက်တွေကို အမြန်ဆုံးတင်နိုင်တယ်။ အမြန်ဆုံး attention (အာရုံစူးစိုက်မှု) ရအောင် လုပ်ဆောင်နိုင်တယ်။ ဒါက ဟိုးခေတ်တုန်းကနဲ့မတူတဲ့ ပုံစံတစ်ခုပါ။ နောက်တစ်ခုကတော့ အခက်အခဲက အခုအချိန်မှာ ဘယ်လိုရှိလဲဆိုတော့ ဒီလိုမျိုး ဆိုရှယ်မီဒီယာတွေ၊ ဝိုင်ဖိုင်တွေ၊ အင်တာနက်တွေရဲ့ အားကောင်းချက် သက်ရောက်မှုသိတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီကလည်း အင်တာနက်ပိတ်ဆို့မှုတွေ လုပ်နေပါတယ်။
မေး − စစ်တပ်က ရခိုင်ဒေသမှာ စစ်ဆင်တုန်းကလည်း အင်တာနက်ဆက်သွယ်ရေး အရင်ဖြတ်တယ်။ အခုလည်း ဒေသအများအပြားမှာ အလားတူဖြတ်ထားတယ်၊ သူတို့က ဘာကို စိုးရိမ်တာလဲ။
ဖြေ − စိုးရိမ်ချက်ကတော့ စစ်တပ်ရောက်ခြင်းက အဲဒီဒေသအတွက် ကံဆိုးခြင်းပဲ။ ကံဆိုးမိုးမှောင်ကျတယ်လို့ ဘာလို့ပြောလို့ရသလဲဆိုရင် စစ်တပ်ပါလာရင် လူ့အခွင့်အရေးချိုးဖောက်မှုပါလာတယ်။ အဲဒီတော့ စစ်တပ်ကလည်း သိပါတယ်။ သူတို့သွားရင် ဒီကိစ္စတွေ ကျူးလွန်ဖို့အတွက် အမိန့်က ချထားပြီးသား။ အဲဒီတော့ ဒါတွေကို အင်တာနက်ရှိရင် ပြည်သူလူထုကလည်း တင်မယ်။ တင်တဲ့အခါမှာ သူတို့အတွက် ပိုပြီးတော့ ဆိုးရွားမယ်။ သူတို့ကြောက်သလို အနာဂတ်တရားစီရင်မှုမှာ အပြစ်ပေးခံရမှာ သူတို့ကြောက်တယ်။ ဒါကြောင့်မလို့ သတင်းတွေမပျံ့အောင်၊ သတင်းတွေကို ထိန်းချုပ်နိုင်အောင်၊ ပြင်ပကမ္ဘာနဲ့ ဖြတ်တောက်နိုင်အောင် အမြဲတမ်း Social Media အင်တာနက်ကို ဖြတ်လေ့ရှိတယ်။ အဲဒီတော့ ဒါက စစ်အာဏာရှင် ခေတ်တိုင်းခေတ်တိုင်း လုပ်လေ့ရှိတယ်။ သူတို့ ဖြတ်တောက်တဲ့နေရာလည်း ကြည့်ပါ။ အဓိက စစ်ရေးအရ ဦးတည်ချက်၊ ရည်ရွက်ချက်ထားပြီး စစ်ရေးလုပ်ဆောင်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ ဒေသတွေပဲ ဖြစ်ပါတယ်။ အဲဒီတော့ စစ်တပ်ရောက်ခြင်းက ကံဆိုးမိုးမှောင်မှုဖြစ်တယ်။ အင်တာနက်ပါ ထပ်ပြီး ပြတ်တောက်ပြီဆိုရင်တော့ အဲဒီဒေသကလူတွေအတွက် ကံဆိုးမိုးမှောင်ရုံတင်မကဘူး။ လေကြီးမိုးကြီးပါကျမဲ့ အခြေအနေရောက်နေတယ်ဆိုတာ ကြိုတင်သိဖို့ လိုအပ်ပါမယ်။
သူတို့ကျူးလွန်တာကို အွန်လိုင်းပေါ် များများရောက်လေ သူတို့အထိနာလေဆိုတာ သိတဲ့အတွက် အခင်းဖြစ်ပွားမှု အများကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ အင်တာနက်တွေ ပိတ်ဆို့တယ်။ အင်တာနက် လုံးဝသုံးလို့မရအောင် ပိတ်ဆို့တာဟာ သတင်းပေးပို့တဲ့သူရဲ့ စွမ်းပကားကို ကြောက်လို့ပဲ။ ဆိုရှယ်မီဒီယာရဲ့ခွန်အားကို သူတို့စိုးရိမ်လို့ပါ။ ဒါတွေက အခုအချိန်အထိ ဆက်ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေက စက်မရှိရင် တက်နဲ့လှော်မယ်၊ တက်မရှိရင် လက်နဲ့လှော်မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် ရအောင်ပေးနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီအခက်အခဲကတော့ အဓိကပါပဲ။
မေး − ဝန်ကြီးတို့အနေနဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာမှာ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ − အမြန်ဆုံးတရားစွဲဆိုနိုင်တဲ့ ကိစ္စတစ်ခုကတော့ နိုင်ငံအလိုက် တရားစွဲဆိုခြင်းပေါ့။ Universal Jurisdiction ပေါ့။ အခုလောလောဆယ် တူရကီမှာလည်း စပြီး (အမှု) ဖွင့်လာပြီ။ နောက်ထပ်နိုင်ငံတွေမှာလည်း ထပ်ပြီးဖွင့်မယ်။ အဲဒါကတော့ မြန်တယ်။ ဒါကဘာလဲဆိုတော့ သက်ဆိုင်ရာ နိုင်ငံကနေ ဒါကို ခွင့်ပြုတယ်ဆိုရင် လုပ်လို့ရတယ်။ ဒါက တရားစွဲဆိုမဲ့သူနဲ့ ခွင့်ပြုမယ့်တရားရုံးက ရှိနေပြီးသား။ အဲဒီတော့ ဒီလိုတရားရုံးက တရားစီရင်မှုမှာ အဲဒါက ပိုပြီးတော့ ပေါ်နိုင်ပါတယ်။ ကျန်တဲ့ ICC ကျတော့ နိုင်ငံတကာခုံရုံးလည်းဖြစ်တယ်။ နောက်တစ်ခါ အချက်အလက်တွေလည်း အများကြီးလုပ်ဆောင်ဖို့ လိုအပ်တယ်။ နောက်တစ်ခါ ကျွန်တော်တို့နိုင်ငံက နိုင်ငံတကာခုံရုံးကို အမှုဖွင့်နိုင်တဲ့ စာချုပ်ကို လက်မှတ်ထိုးထားတာ မရှိတဲ့အတွက် အဆင့်တွေကို စောင့်ရပါဦးမယ်။ အဲဒီအပိုင်းကိုလည်း ဆက်ပြီးတော့ ကြိုးပမ်းနေတယ်။ နောက်တစ်ခါ နိုင်ငံအလိုက် တရားစီရင်မှုတွေ ပေါ်ပေါက်နိုင်ဖို့အတွက် နိုင်ငံတွေကိုလည်း လှုံ့ဆော်နေပါတယ်။ တစ်ဖက်က ဒါတွေကို တရားစွဲနိုင်ဖို့ ကြိုးစားသလို တစ်ဖက်မှာလည်း ရှိပြီးသားအခွင့်အရေးချိုးဖောက်မှုတွေကို တစ်ကယ့်ခိုင်လုံသော တရားရေးဆိုင်ရာ Legal Document လို့ခေါ်တဲ့ တရားစွဲဆိုနိုင်တဲ့ အထောက်အထားတွေဖြစ်ဖို့အတွက်လည်း ကြိုးပမ်းလျက်ရှိပါတယ်။
မေး − မြန်မာပြည်တနံတလျားမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးတစ်ယောက်အနေနဲ့ ဘာတွေများ သတင်းစကားပါးချင်လဲ။
ဖြေ − ကျွန်တော်တို့နိုင်ငံက ဒေသအသီးသီးမှာ လူသားနဲ့တောင်မဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေ ကြုံတွေနေရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ချိုးဖောက်ခံနေရတဲ့သူတွေ၊ သူတို့ရဲ့ မိသားစုတွေကို စာနာနားလည်ပြီးတော့ တကယ်ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ ဒါပေမဲ့ ဝမ်းနည်းရုံနဲ့ မရပါဘူး။ ဒီကိစ္စတွေကို အမှန်တရားပေါ်ပေါက်ဖို့အတွက် ငိုကြွေးနေရုံနဲ့ မရဘူး။ ဒီနေ့မှာ ငိုကြွေးနေရင် နောက်တစ်နေ့မှာ ပေါ်လာမဲ့အရာကို မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တရားမျှတမှုဆိုတဲ့နေရာကို မြင်ဖို့အတွက် ငိုကြွေးမဲ့အစား နောက်တစ်နေ့ နေရောင်ထွက်တဲ့အခါမှာ အဆင်သင့်ဖြစ်ဖို့အတွက် လူ့အခွင့်အရေးအချက်အလက်တွေ စုံစမ်းကြပါ၊ မှတ်တမ်းတင်ကြပါ။ ကျွန်တော်တို့ဆီကို ပေးပို့ကြပါ။ ကျွန်တော်တို့ကလည်း အမှန်တရားရှာဖွေနိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းသွားမယ်။ ပြည်သူလူထုမပါဘဲ ကျွန်တော်တို့ အချက်အလက်စုံစမ်းလို့ မရပါဘူး။ ပြည်သူလူထုရဲ့အချက်တွေ အများကြီးအားကိုးရတယ်။ ပြည်သူလူထုက ကျွန်တော်တို့နဲ့ လက်တွဲပါဝင်ပြီးတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့၊ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် လက်တွဲလုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ မေတ္တာရပ်ခံပြီးတော့ ပန်ကြားလိုပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)