သတင်း

မိုးသည်းထန်သဖြင့် သောင်းရင်းမြစ်တစ်လျှောက် စစ်ဘေးရှောင်များ ဒုက္ခရောက်နေ 

နှစ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့်အတူ ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက် နေထိုင်သည့် သောင်းဂဏန်းရှိ စစ်ဘေးရှောင်ပြည်သူများ ဒုက္ခရောက်နေသည်ဟု ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မေ ၂၁ မှစ၍ နှစ်ရက်ဆက် မိုးရွာသွန်းခဲ့ပြီးနောက် တောင်ကျချောင်းရေနှင့်အတူ ကမ်းပြိုမှုများရှိလာပြီး သောင်းရင်းမြစ်ကမ်းဘေးရှိ စစ်ဘေးရှောင်သူများ နေထိုင်ရာနေရာများ နစ်မြုပ်ကုန်သည်ဟု ဆိုသည်။ 

ယာယီနေထိုင်ရာ တဲများနှင့် နေရာထိုင်ခင်းများ ရေနစ်မြုပ်ကုန်ပြီး လက်ရှိတွင် စားနပ်ရိက္ခာ ခက်ခဲနေသည်ဟု ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ရှိ ပလောတပို့စစ်ရှောင်ခန်းတာဝန်ခံ နော်ဖောလွဲပေါ်က ပြောသည်။

အဆိုပါစခန်းတွင် တိုက်ပွဲများကြောင့် မြဝတီမြို့နယ်အတွင်းရှိ လေးကေ့ကော်မြို့သစ်နှင့် ထီးမယ့်ဝါးခီးရွာတို့မှ ဒေသခံအများစု လာရောက်ခိုလှုံနေပြီး လူပေါင်း ၁၃၀၀ ကျော်ရှိကြောင်း၊ စားသောက်ကုန်အပါအဝင် ထင်း၊ မိုးကာနှင့် အိုးခွက်ပန်းကန်များပါ လိုအပ်နေသည်ဟု သိရသည်။

“ကုန်ခြောက်လိုအပ်ချက်ကတော့ တစ်ပတ်တစ်ခါ မဲဆောက်အလှူရှင်က လှူဒါန်းပေမဲ့ လိုအပ်ချက်တော့ ရှိပါတယ်” ဟု နော်ဖောလွဲပေါ်က ပြောသည်။

“ကျွန်မတို့က ဒီစခန်းကနေ ပြောင်းရတာ ခဏခဏရှိနေပြီ။ ပြောင်းရတာလည်း ပင်ပန်းလှပြီ။ ထပ်ပြီးတော့လည်း ဘယ်နေရာမှထပ်ပြီး မပြောင်းချင်တော့ဘူး။ စစ်ပွဲမပြီးမချင်း စနစ်တကျတည်ဆောက်ထားတဲ့ ဒီနေရာလေးကို Safe Zone အဖြစ် သတ်မှတ်ပေးနိုင်ရင် အကောင်းဆုံးပါ”

မြဝတီမြို့နယ်အတွင်းရှိ မင်းလက်ပံဒေသတွင်လည်း ယာယီတဲအချို့ မြစ်ရေနှင့်အတူ မျောပါသွားပြီး စစ်ဘေးရှောင်များ နီးစပ်ရာ တောင်ယာတဲအချို့၌ ခိုလှုံနေရကြောင်း အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“မြစ်ရေက တောင်ကျရေနဲ့ ပေါင်းပြီး တိုးဆင်းလာတာ တဲတွေတော့ ရေထဲပါသွားပြီ။ အခုတော့ အနားက တောင်ယာစောင့်တဲမှာ ခဏ ခိုနေတယ်။ ချက်ပြုတ်စားဖို့လည်း ရိက္ခာတွေ မရှိတော့ဘူး” ဟု သူက လက်ရှိအခြေအနေကို ပြောပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီ နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ လေးကေ့ကော် ၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ကျောက် ခက်၊ သေ့ဘောဘိုးဒေသများမှ ဒေသခံအများအပြား နယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက် ထွက်ပြေး တိမ်းရှောင်နေရသည်။

စစ်ရှောင်များရှိရာ သောင်ရင်းမြစ်ဘေး တစ်နေရာ၌ ကမ်းပါးများ ပြိုကျနေသည်ကို မေ ၂၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-CJ/KIC)

မြဝတီ- ‌ဝေါလေဒေသအတွင်း စစ်ရှောင် နှစ်သောင်းဝန်းကျင်ခန့် ရှိပြီး လူဦးရေအတိအကျကို စာရင်းကောက်ယူရန် အခက်အခဲများရှိနေကြောင်း ကရင့်လူအခွင့်အရေးအဖွဲ့ (KHRG) ၏ ဒါရိုက်တာ နော်ထူးထူးက ဆိုသည်။

“ကံဆိုးမသွားရာ မိုးလိုက်ရွာလို့ပဲ ပြောရမှာပေါ့ ။ ကံဆိုးလို့ အသက်တွေ လုပြီးတော့ စစ်ဘေးဒဏ်က ပြေးရပါတယ် ဆိုမှပဲ ဒီရာသီဥတု ဖောက်ပြန်တဲ့ဒဏ်ကို သူတို့ ထပ်ခံရပြန်ရော” ဟု  ၎င်းက ပြောသည်။

အလားတူ စစ်ရှောင်များထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီထောက်ပံ့များပေးရေး လမ်းကြောင်းများလည်း တားဆီးပိတ်ပင်မှုများရှိနေပြီး ဒေသခံလူမှုကူညီရေးအသင်းအချို့ထံမှတဆင့် အနည်းငယ်သော အထောက်အပံ့များသာ ပေးပို့နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ရေးတင်းမာမှုများကြောင့် မြဝတီမြို့နှင့် လေးကေ့ကော်အကြားရှိ မယ့်ထော်သလေးလမ်းဆုံတွင် စစ်ကောင်စီတပ်က စစ်ဆေးနေသောကြောင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် အခက်အခဲများ ရှိနေသည်ဟု ၎င်းထံမှ သိရသည်။ 

ထို့ကြောင့် နိုင်ငံတကာမှ အကူအညီပေးနေသည့်အဖွဲ့အစည်းများကို နယ်စပ်ဖြတ်ကျော် အကူအညီပေးခွင့် ပြုရန် နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကူညီလုပ်ဆောင်ပေးရန် ထိုင်းနိုင်ငံကို ကရင်အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း နှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုန် လေအား အလွန်ကောင်းနေပြီး ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ တို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ကာ  ကရင်အပါအဝင် မွန်၊ ရန်ကုန်နှင့် တနင်္သာရီတို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ဌာနက မေလ ၂၄ တွင် ခန့်မှန်းထားသည်။

နေရာဒေသအချို့တွင် မုန်တိုင်းဝင်ရောက်ခြင်းနှင့် မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နေသော်လည်း အာဏာ သိမ်းစစ်ကောင်စီက နိုင်ငံတဝန်းရှိ လက်နက်ကိုင်ခုခံတော်လှန်မှုများကို အပြင်းအထန် ထိုးစစ်ဆင်တိုက် ခိုက်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button