ဆောင်းပါး

တော်လှန်ရေးအားကောင်းလာသည့် ရွာငံဒေသ

မေလလယ်ပိုင်းက ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်အတွင်း လက်နက်သယ်ယူရေးလမ်းကြောင်းအတွက် အခြေအနေကြည့်ရန် ရှေ့ပြေးအဖြစ် သွားရောက်သည့် ဆိုင်ကယ် ၃ စီးကို စစ်ကောင်စီတပ်က ဖမ်းလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် လက်နက်ပေါင်း ၄၀၀ ကျော်ကို ခွဲပြီး သယ်ဆောင်လာကြသည် မော်တော်ယာဉ်များမှာ ရွာငံမြို့နယ်တွင် ၃ စီး၊  ရပ်စောက်မြို့နယ်တွင် ၄ စီး အဖမ်းခံလိုက်ရသည်။

ထောက်ပို့တာဝန်ယူထားသူများ၊ လက်နက်များ အဖမ်းခံရခြင်းမှာ စစ်ကောင်စီတပ်က ကြိုတင်သတင်းရမှုကြောင့်သာ ဖြစ်နိုင်ကြောင်း ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) အဖွဲ့မှ ကိုကျော်ဟန်က သုံးသပ်သည်။

“ထောက်ပို့တွေဆိုတာက အရမ်းအရေးကြီးတယ်လေ။ အဖွဲ့အစည်းတစ်ခုမှာ၊ သိုသိုသိပ်သိပ်လုပ်ရတာဆို‌တော့။ အဲဒီလိုလူတွေ ဆုံးရှုံးသွားရတယ်၊ လုံးဝကို တန်ဖိုးဖြတ်မရတဲ့လူတွေပေါ့” ဟု ၎င်းက ပြောသည်။

ရွာငံသည် ရှမ်းပြည်နယ်မှ မန္တလေးသို့ နာရီအနည်းငယ်အတွင်း ရောက်နိုင်သည့် လမ်းပေါ်မှမြို့ဖြစ်သော၊ စစ်တပ်ဒေသဖြစ်သည့် ဗထူးတပ်မြို့နှင့် နီးကပ်စွာ တည်ရှိသော ဒေသဖြစ်ရာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို တွေ့ရတတ်သည့် ဒေသတစ်ခုဖြစ်သည်။

ဤသို့သော အနေအထားတွင် စစ်ကောင်စီတပ်က ဓနုဒေသ ရွာငံမြိုနယ်အတွင်း အားကောင်းစပြုလာသည့် လက်နက်ကိုင်တော်လှန်မှုကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသလို ဖမ်းဆီး၊ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်ဟု ဒေသခံများ၊ တော်လှန်ရေးအင်အားစုများက ပြောသည်။

နေအိမ်မီးရှို့ခံရခြင်း

စစ်တပ်က သိမ်းသွားသည့်အထဲတွင် လက်နက် ၅၀၊ ကျည်ဆန် ၁၉၉၀၀ ကျော်နှင့် အသုံးအဆောင်အချို့မှာ YUG အဖွဲ့ပိုင်ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀၀၀ ကျော်သည်ဟု ဆိုသည်။  

ဧပြီ ၂၀ တွင်လည်း ၎င်းတို့၏ စခန်းတစ်ခု တိုက်ခိုက်ခံရစဉ် ရဲဘော်တစ်ဦးကျဆုံးပြီး လက်နက်ခဲယမ်းနှင့် စက်ပစ္စည်းများ ဆုံးရှုံးမှုမှာ သိန်း ၄၀၀ ကျော်ခန့် တန်ကြေးရှိသည်ဟု YUG မှ ကိုကျော်ဟန်က ပြောသည်။

မြို့နယ်အတွင်း ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ရှမ်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (SNDF)၊ တောင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) တို့လည်း လှုပ်ရှားနေကြသည်။
 

စစ်ကောင်စီဘက်က ထုတ်ပြန်သည်ဟု ယူဆရသည့် ဗထူးတပ်မြို့၊ မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်၌ ဖမ်းမိ ခဲ့သည့် သေနတ် အလက် ၅၀ ။ 

လူငယ်အများစု ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့တို့၏ လက်ချက်ကြောင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ရသည်။ 

အခြားဒေသများကဲ့သို့ပင် စစ်ကောင်စီက ရွာငံတွင်လည်း မကြာသေးခင်လများအတွင်း ဒေသခံတချို့ကို ပြည်သူ့စစ်အဖွဲ့အဖြစ် လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည်၊ ဒေသခံအရပ်သားများ ပါဝင်သော ထိုအဖွဲ့ကို အများက ပျူစောထီးအဖွဲ့ဟု ခေါ်ဆိုကြသည်။ 

ရွာငံမြို့၏ အရှေ့တောင်ဘက်တွင်လည်း စစ်ကောင်စီတပ်က ပျူစောထီးများကို လက်နက်ကြီး၊ လက်နက်ငယ် သင်တန်းများပေးနေသည်ဟု ဒေသခံများ ပြောသည်။ သင်တန်းဆင်းလာသူတို့ကို နွားဘန်းကြီးရွာအနောက်ဘက်ရှိ တောအုပ်အတွင်းသို့ နေ့စဉ်နီးပါး ပစ်ခတ်ခိုင်းသည်ဟု ဆိုသည်။

မတ်လလယ်ခန့်မှစ၍ စစ်တပ်က ရွာအချို့ကို ဝင်စီးကာ ဒေသခံ ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ပြီး ၁၅၀ ကျော်ကို ဖမ်းဆီးရာတွင် နယ်မြေအကြောင်း သိနားလည်သော ပျူစောထီးတို့ကို အသုံးပြုခဲ့သည်ဟု PDF များထံမှ သိရသည်။

ဤသို့ဖြင့် PDF များ ပစ်မှတ်ထားသည့်ထဲတွင် ဒေသတွင်း ပျူစောထီးများလည်း ပါဝင်သည်။

မင်းပလောင်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးကျော်သိန်းနှင့် ဦးခင်မောင်သိန်းတို့ကို မေ ၁၅ တွင် လက်နက်ကိုင်တချို့က လာရောက်သတ်ဖြတ်သွားသည်ဟု ဒေသခံ စစ်ရှောင်များကို ကူညီနေသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားက ပြောသည်။

မည်သည့်အဖွဲ့က သတ်ဖြတ်သွားမှန်း မသိရသေးသည့် ထိုခေါင်းဆောင်နှစ်ဦး၏ လက်အောက်တွင် အင်အား ၄၀ ခန့်ရှိပြီး ၎င်းတို့က မင်းပလောင်ရွာ၏ အနောက်ဘက် မိုင်အနည်းငယ်ခန့်အကွာတွင် စခန်းချထားသည်။

ထိုနေ့ ညနေပိုင်းတွင်မူ စစ်တပ်က ထိုရွာသို့ ရောက်လာပြီး စစ်ဆေးမေးမြန်းပြီး နယ်မြေရှင်းလင်းရေးလုပ်သွားသည်ဟု ဆိုသည်။

တစ်နေ့တည်းတွင်ပင် မြို့အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့် နွားဘန်းကြီးရွာကို စစ်ကောင်စီတပ်က စစ်ကား ၃ စီးဖြင့် ရောက်လာပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲထားသည့် ဦးရဲမင်းပိုင်၏ နေအိမ်သို့ သွားရောက်ကာ အသက် ၆၀ ကျော်အရွယ် မိဘများကို မျက်လုံးကို အဝတ်စည်းကာ အိမ်ပေါ်မှ ဆွဲချခဲ့ကြောင်း၊ ထိုအိမ်နှင့် ကိုဝင်းခိုင်ဆိုသူ၏ နေအိမ်မှာ မီးရှို့ခံရသည့်အထဲ​ ပါဝင်ကြောင်း သိရသည်။

အိမ်မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။ အခြားဒေသ အိမ်မီးရှို့မှာများကိုမူ စစ်တပ်က ၎င်းတို့လက်ချက်မဟုတ်ဟု တုံ့ပြန်ထားသည်။

ဒေသခံတို့ PDF ဟု စွပ်စွဲခံရပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရမှုမှာ ဒလန်များနှင့် အုပ်ချုပ်ရေးမှူးတချို့၏ သတင်းပေးမှုကြောင့်ဖြစ်သည်ဟု ထိုဒေသအကြောင်း အကျွမ်းတဝင် သိထားသော သတင်းသမားတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေက တကယ်ပြောရရင် အကူအညီ လုံးဝမရတဲ့အခြေအနေမှာ ရှိပါတယ်၊ စစ်ရှောင်ကူညီတဲ့သူတွေကိုလည်း နာမည်နဲ့တကွ လိုက်ဖမ်းနေလို့ ထွက်ပြေးနေကြရတယ်”

“ဒလန်တွေကို လိုက်လံရှင်းလင်းမယ်ဆိုပြီးတော့ ဒေသခံတွေက အစကတော့ ဒလန်မလုပ်နဲ့၊ ပျူစောထီးမလုပ်နဲ့တော့ဆိုပြီး သွားပြောဆိုကြတယ်၊ လက်မခံဘဲ ဆက်လက် လုပ်နေတဲ့အခါကျတော့ ဒေသခံတွေက အဲဒါကို နှိမ်နင်းမယ်လို့ ဆုံးဖြတ်တဲ့အခါကျတော့ ရရာလက်နက်စွဲကိုင်လာကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသတင်းသမားက ပြောသည်။ 

“ဒလန်တွေကို လိုက်ရှင်းတဲ့အခါမှာ စကစ (စစ်ကောင်စီ) က ဒလန်ဘက်ကို လုံခြုံရေးယူပေးတာမျိုး၊ ကာကွယ်ပေးတာမျိုး လုပ်တဲ့အခါကျတော့ ဒေသခံနဲ့ စကစ ပဋိပက္ခဖြစ်တာပေါ့။ တိုက်ပွဲ ကြီးကြီးမားမားမရှိဘူး၊ ဒေသခံကလည်း လက်နက်ကောင်းကောင်း မရှိသေးဘူး” 

နေရပ်စွန့်ခွာရမှု

ရှမ်းပြည်နယ်တောင်ပိုင်း  ရွာ၊ ဗထူး၊ ရပ်စောက်မြို့ ဒေသများ။ (ဒီဇိုင်း-Moe Z Dzai/ Myanmar Now)

ရွာငံမြို့နယ်အတွင်း ဖေဖော်ဝါရီလမှ မေလလယ်အတွင်း စစ်တပ်နှင့် ပျူစောထီးတို့ ဖမ်းသွားသူများထဲမှ ပြန်လွတ်လာသူတို့မှာ ပြန်လည်ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် အခြားမြို့နယ်များသို့ တိမ်းရှောင်သွားကြသည်ဟု စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် နီးစပ်ရာကျေးရွာများနှင့် တောထဲ ထွက်ပြေးနေရသည့်၊ ရာနှင့်ချီသည့် စစ်ရှောင်များမှာ နေရပ်မပြန်ရဲသေးဟု ၎င်းက ဆိုသည်။

“စစ်ရှောင်တွေက တကယ်ပြောရရင် အကူအညီ လုံးဝမရတဲ့အခြေအနေမှာ ရှိပါတယ်၊ စစ်ရှောင်ကူညီတဲ့သူတွေကိုလည်း နာမည်နဲ့တကွ လိုက်ဖမ်းနေလို့ ထွက်ပြေးနေကြရတယ်” ဟု ၎င်းက ပြောသည်။

အချက်အလက်များအရ နီးစပ်ရာကျေးရွာများတွင်ခိုလှုံနေသူများရှိသလို တောထဲတွင် တိမ်းရှောင်နေရသူအရေအတွက် ၂၀၀ ကျော်ရှိနေပြီး ၎င်းတို့ထဲတွင် ကိုယ်ဝန်ဆောင်နှင့် မီးနေသည် ၁၀ ဦး ရှိသည်ဟု ဆိုသည်။

ဓနုတိုင်းရင်းသားများ နေထိုင်ရာ ဤဒေသတွင် နေရပ်စွန့်ခွာလာသူများသည် အထောက်အပံ့အကူအညီ မရကြကြောင်း၊ ၎င်းတို့ရောက်နေသည့် နေရာများသည်လည်း စစ်ဘေးရှောင်စခန်းကဲ့သို့ မဟုတ်ကြောင်း ဒေသတွင်းသတင်းထောက်တစ်ဦးက ပြောသည်။

“ရွာငံဘက်မှာက တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်နေရတာမျိုး မဟုတ်ဘူး၊ ပျူစောထီးအဖွဲ့ရယ် ဒလန်ရယ် များလို့ ဒေသခံ ဓနုတွေက တောထဲမှာရှိတဲ့ခြံမှာ မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် သွားနေကြတာ အများစုပါ” ဟု ထိုသတင်းသမားက ပြောသည်။

တရားလက်လွတ် သတ်ဖြတ်မှုများ

ရွာငံမြို့၏တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိပြီး ရွာသား ၉ ဦး သတ်ဖြတ်ခံထားရသည့် ပဲရင်းတောင်ရွာမှာလည်း ရွာလုံးကျွတ်ထွက်ပြေးနေရဆဲဖြစ်သည်ဟု ပဲရင်းတောင်ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသတင်းပေးများက ရွာခံအမျိုးသားအားလုံးနီးပါးကို PDF စာရင်းသွင်းပြီး စစ်ကောင်စီထံ အမည်စာရင်းပို့ထားသည်ဟူသော သတင်းကြောင့် အိမ်မပြန်ရဲသေးဟု ၎င်းက ဆိုသည်။

နေအိမ်ပြန်ကြည့်ရန် အမျိုးသမီးအချို့ပြန်သည်မှလွဲ၍ ကျန်သည့်ရွာသားအားလုံး ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ရွာငံမြို့နယ်မှ ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ရှမ်းပြည်နယ်အတွင်းရှိ လူအခွင့်ရေးကိစ္စများကို စောင့်ကြည့်နေသည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေ ၁၁ တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ရွာငံတွင် နေအိမ် ၇ လုံး မီးရှို့ဖျက်ဆီးခံရကာ ထွက်ပြေးတိမ်းရှောင်နေရသူ ၈၀၀ ကျော် ရှိနေသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။ 

ထိုသူတို့မှာ ဧပြီ ၁၉ ရက်က သတ်ဖြတ်ခံရသည့် ပဲရင်းတောင်ရွာမှ ရွာသား ၉ ဦးနှင့် ဖေဖော်ဝါရီ ၁၅ ရက်က ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် နွားဘန်းကြီးရွာသား အသက် ၂၁ နှစ်အရွယ် မောင်ဇင်မင်းခိုင်တို့ဖြစ်သည်။

အဆိုပါအဖွဲ့၏ အချက်အလက်များအရ ရွာငံမြို့နယ်အတွင်းရှိ PDF များကို တိုက်ခိုက်ရန် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကလောအခြေစိုက် ခြေမြန်တပ်ရင်း(၁၁၂)၊ (၁၁၅) နှင့် ရပ်စောက်အခြေစိုက် ခြေမြန်တပ်ရင်း(၅၀၈)၊ (၅၀၉) တို့ ဝင်ရောက်လာသည်ဟု သိရသည်။ 

စစ်ကောင်စီက ထိုအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးပေ။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း အင်အား ၆၀၀ ခန့်အထိ ရှိနေသည်ဟု PDF တို့က ခန့်မှန်းသည်။ ထိုအထဲတွင် ဟဲဟိုးမြို့နှင့် ဗထူးတပ်မြို့မှ တပ်အင်အားများလည်း ပါဝင်ဖွယ်ရှိသည်ဟု ဆိုသည်။

မေ ၁၇ ရက်တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု ရွာငံမြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိသည့် မင်းပလောင်ရွာတွင် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကိုင်အဖွဲ့စုံရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံလူငယ်များက စစ်ကောင်စီတပ်ကို ပြန်ခုခံရာ၌ အဟန့်အတားများစွာ ကြုံနေရသည်။

သို့သော် ရွာငံတော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို  အထိနာအောင်တိုက်ခိုက်နိုင်နေသည့် ကရင်နီဒေသမှ တော်လှန်ရေးအဖွဲ့အချို့နှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသည်။ အနာဂတ်တွင် ပိုမို ပူးပေါင်းဆောင်ရွက်မည့် အလားအလာရှိသည်ဟု လေ့လာသူများက ယူဆကြနေသည်။

မေ ၁၃ တွင်လည်း YUG အပါအဝင် ရှမ်းတောင်ဒေသရှိ PDF ၇ ဖွဲ့ ပူးပေါင်းကြောင်း သတင်းထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button