သတင်း

ဧရာဝတီမြစ်ဘေးရွာကို စစ်တပ်မီးဝင်ရှို့၊ ရှေးဟောင်းသာသနိကအဆောက်အအုံများပါ မီးလောင်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်တပ်က မီးရှို့သဖြင့် ယမန်နေ့ (မေ ၂၁) တွင် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာမှ ရှေးဟောင်းသာသနိကအဆောက်အအုံများအပါအဝင် အိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးသည်ဟု သိရသည်။

မြောင်မြို့နယ်တောင်ဘက်အစွန်ဆုံး ဧရာဝတီမြစ်ဘေးရှိ မင်းတန်းရွာကို ယမန်နေ့ ညနေပိုင်းတွင် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းက မီးဝင်ရှို့ခြင်းဖြစ်ကာ စေတီ၊ ဓမ္မာရုံ၊ ဇရပ်၊ စေတီနှင့် စောင်းတန်းများအပါအဝင် အိမ်ခြေ ၁၀၀ ဝန်းကျင် ပျက်စီးသည်ဟု ဒေသခံသုံးဦးက ပြောသည်။

စစ်တပ်က ညနေ ၄ နာရီမှစ၍ မီးရှို့ရာ သန်းခေါင်ကျော်အထိ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ရွာလယ်ရှိ ဂျပန်ခေတ် (၁၉၄၂ ဝန်းကျင်) ကတည်းက ကျွန်းတိုင်ကြီးများဖြင့် ဆောက်ထားသည့် ရှေးဟောင်းဓမ္မာရုံနှင့် အခြားဓမ္မာရုံနှစ်လုံးပါ မီးထဲပါသွားသည်ဟု သိရသည်။

“(ရွာလယ်တွင်) ဘုရားလည်းရှိတာပေါ့။ ဇရပ်ရောရှိတယ်။ အထဲမှာတော့ စေတီတွေလည်းရှိတယ်။ စေတီတွေလည်း မီးလောင်သွားတယ်” ဟု အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်နေသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးဆိုသူက ပြောသည်။

ဓာတ်ပုံများအရ ရွာလယ်စေတီပရိဝုဏ်အတွင်းရှိ သာသနိကအဆာက်အအုံမှာ မီးလောင်ကျွမ်းသည့် ဒဏ်ကြောင့် လုံးဝနီးပါး ပျက်စီးနေသည်ကို တွေ့ရသည်။ ဓမ္မာရုံအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ပါ မီးဘေးသင့်ခဲ့သလို အသုံးအဆောင်၊ ပရိဘောဂများအားလုံး ပြာကျလုနီးပါးဖြစ်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီက အိမ်ခြေ ၄၀၀ ကျော်ရှိသည့် မင်းတန်းရွာကို ရွာအလယ်ပိုင်းမှစ၍ မီးတင်ရှို့ကြောင်း၊ မီးလောင်ဆုံးရှုံးမှုအတွင်း တောင်ပိုင်း၊ အနောက်ပိုင်းရှိ နေအိမ်အများစုဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာသားတစ်ဦးကလည်း ပြောသည်။

“ရွာထဲမှာ ပိတ်မိနေတဲ့ သုံးယောက် ညတုန်းက ထွက်ပြေးလာတယ်။ မီးက ထိုင်ရှို့တာတဲ့။ သူတို့ (စစ်သားတွေ) က တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီးတော့ သူရှို့တဲ့အိမ်က ပိုပြီး မီးတောက်ကြီးတယ်တို့၊ ကိုယ်ရှို့တဲ့အိမ်က ပိုမီးတောက်ကြီးတယ်တို့ ထိုင်ပြီးတော့ ..လုပ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့လည်း (မီးငြှိမ်းဖို့) ကပ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မဲမဲမြင်ရာ အကုန်ပစ်တာ” ဟု ထိုသူက ဆက်ပြောသည်။

မင်းတန်းရွာအနီး တိုက်ပွဲမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ရန်ရှာဖျက်ဆီးခြင်းသာဖြစ်သည်ဟု မြောင်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“ရွာထဲမှာ စျေးဆိုင်တွေကို ဖောက်စားတယ်။ ကြက်တွေ သတ်စားတယ်။ မင်းတန်းကို စိမ်ပြေနပြေနဲ့ ကို ရှို့တယ်။ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ငြှိမ်းဖို့ သူတို့က ရှိတော့ မသွားရဲကြဘူးလေ။ သွားမငြှိမ်းရဲကြဘူး”။

“တခြားရွာတွေတုန်းက သူတို့က ရှို့ပြီးတာနဲ့ နောက်ကနေ ဝင်ငြှိမ်းကြတော့ တော်တော်သက်သာတာပေါ့။ ကာကွယ်ရေးအဖွဲ့တွေက တိုက်ဖို့ဆိုတာထက် မီးငြှိမ်းဖို့ပဲ လုပ်ကြရတော့တာ” ဟု ထို PDF က ဆက်ပြောသည်။

ယနေ့ (မေ ၂၂) နံနက်ပိုင်းတွင် မင်းတန်းရွာမှ ထိုစစ်ကြောင်း ပြန်ထွက်သွားချိန်မှ မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်နေရကြောင်း၊ ကပ်လျက်ရှိ အညွန်းကျေးရွာကို မီးထပ်ရှို့ခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့် ပျက်စီးမှု အတိအကျမသိရသေးကြောင်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

ထိုစစ်ကြောင်းမှာ လွန်ခဲ့သည့်ရက်ပိုင်းက မြောင်မြို့နယ်နှင့် ဆက်လျက် ရေစကြိုရှိ ရေလယ်ကျွန်းဒေသကို ဝင်ရောက်စီးနင်းကာ အိမ်ခြေ ၁၄၀ ကျော် မီးရှို့ခဲ့ဖူးကြောင်း၊ မေ ၁၇ ရက်မှစ၍ မြောင်မြို့နယ်တောင်ပိုင်းကို ဝင်ရောက်၍ ရွာများကို မီးရှို့နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာ တည်နေရာပြမြေပုံ။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ လက်ချက်ဖြင့် မြိုင်တောင်ပိုင်းရှိ ပန်းညိုရွာမှ အိမ် ၅ လုံး၊ ညောင်ကားယား ရွာမှ ၂၀လုံး၊ ရွာပုလဲရွာ ၁၅ လုံး၊ ပေါက်ခေါင်းရွာ ၂၃ လုံး၊ မယ်မသော်ရွာ ၇၃ လုံး၊ နဂါးပေါင်းရွာ ၁ လုံး၊ နေပူကုန်းရွာ ၆ လုံး၊ စုစုပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးပြီးဖြစ်ကြောင်း CDSOM ၏ စာရင်းများက ဆိုသည်။

မြောင်တောင်ပိုင်းတွင် စီးနင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီး၊ လက်နက်ငယ်များအပါအဝင် တိုက်ခိုက်ရေးအတွက် အထူးပြင်ဆင်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ကိုနွေဦးက ပြောသည်။

“(စစ်ကောင်စီက) တိုက်ပွဲပုံဖော်ဖို့အတွက်ကို အဓိကပြင်ဆင်လာခဲ့တယ်။ မီးကတော့ ရွာတိုင်းရှို့တယ်။ လက်နက်အစုံပါတယ်။ အရင်စစ်ကြောင်းတွေ မပါတဲ့ လက်နက်မျိုးတွေ အစုံပါတယ်။ ဂျန်ပါ (ချိန်ကိုက်မိုင်းနှင့် ဒရုန်းသုံးမရစေရန် ဖြတ်တောက်သည့်စနစ်) တွေလည်း အစုံပါတယ်”။

အင်တာနက်နှင့် ဖုန်လိုင်း ဖြတ်တောက်ခံထားရသည့် ထိုဒေသတွင်း အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ စုံစမ်း၍မရသေးပါ။ စစ်ကောင်စီကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့တွင် ရရာလက်နက်ဖြင့် စစ်ကောင်စီကို ခုခံနေရာ စစ်ကြောင်းဝင်သည့်ရွာများ မီးလောင်ကျွမ်းသည့် ဖြစ်စဉ်များ တောက်လျှောက်ရှိနေသည်။

အချက်အလက်စုဆောင်းသည့် အရပ်ဘက်အဖွဲ့ Data for Myanmar ၏ မေ ၁ ရက်စာရင်းအရ မီးရှို့ခံရသည့် နေအိမ် ၁၀,၀၀၀ ကျော်ရှိပြီး ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။

ထောက်ခံသည့် အရပ်သားအချို့ကို လက်နက်တပ်ဆင်ပေး၍ စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီကမူ ထိုလုပ်ရပ်များမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။

သို့သော် လွန်ခဲ့သည့် ၅ နှစ်ကျော်က ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်သည့် ဖြစ်စဉ်များကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စစ်ကောင်စီ အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button