အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်ကို စစ်တပ် အပြင်းအထန် စစ်ဆင်

လက်နက်ကိုင် ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီက အပြင်းအထန် စစ်ဆင်နေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် နီးစပ်သူထံမှ သိရသည်။

ယနေ့ (မေ ၂၀) နံနက်ပိုင်းတွင် တန့်ဆည်မြို့နယ်တောင်ပိုင်း၌ အင်အား ၂၀၀ ပါသည့် ခြေလျင်စစ်ကြောင်း ရောက်လာကာ ရေဦး – တန့်ဆည် ကားလမ်းဘေးရှိ ဖန်းခါးဇင်နှင့် ချောင်းရိုးကျေးရွာတို့ကို မီးရှို့သွားကြောင်း ၎င်းက ပြောသည်။

မွန်းတည့်ချိန်တွင် အနောက်မြောက်ပိုင်းအစပ် မင်းကင်းမြို့နယ်ရှိ တဲကြီးရွာအနီး စစ်လေယာဉ်နှစ်စီး သုံး၍ စစ်ကောင်စီက တိုက်ခိုက်နေကြောင်း ထိုသူက ဆက်ပြောသည်။

“အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့ ဘာသတင်းကြားလို့ (လေယာဉ်နဲ့) လာပစ်တာလည်း ဆိုတာတော့ မသိသေးဘူး” ဟု PDF နှင့် နီးစပ်သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မင်းကင်း PDF နှင့် နီးစပ်သူကမူ လေယာဉ်ဖြင့် လာပစ်သည့် သတင်းမရသေးဟု ဆိုသည်။

ထိုဒေသအတွင်း စစ်ကောင်စီက ဖုန်းလိုင်းဖြတ်ထားသဖြင့် အသေးစိတ်အခြေအနေကို မသိရသေးပေ။ စစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

မီးရှို့ခံရသည့် ချောင်းရိုးရွာတွင် ပေါ်တူဂီအနွယ်ဝင် ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်ကာ အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၁၂၀၀ ကျော်ရှိသည်။

ပြီးခဲ့သည့် မတ် ၁၉ ရက်က စစ်တပ်က ပထမအကြိမ် ထိုရွာကို မီးရှို့ခဲ့ဖူးရာ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းနှင့် အိမ် ၁၃ လုံး မီးထဲပါသွားဖူးသည်ဟု ဒေသခံတို့က အတည်ပြုထားသည်။

ယမန်နေ့ (မေ ၁၉) ကတည်းက ဖန်းခါးဇင်တွင် တပ်စွဲထားသည့် စစ်တပ်က ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ထိုရွာကို မီးရှို့ကာ မိနစ်ပိုင်းသာ ခရီးဝေးသည့် ချောင်းရိုးရွာသို့ လာကာ ဒုတိယအကြိမ် မီးထပ်ရှို့ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ထိုခြေလျင်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်နေ၍ ဖန်းခါးဇင်၊ ချောင်းရိုးနှင့် အနီးအနားဝန်းကျင်ရှိ ခပေါင်းကြိုင်၊ အင်တိုင်းရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ၎င်းထံမှ သိရသည်။

နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် စစ်ကောင်စီကို ခုခံနေသည့် ဒေသများထဲတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများ ထိပ်ဆုံးမှ ပါဝင်နေသည်။ လက်နက်အင်အားသာလွန်သည့် စစ်ကောင်စီက လေကြောင်းမှပင် တိုက်ခိုက်နေသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်သည်အထိ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် သက်တမ်းရင့် တိုင်းရင်းသားအဖွဲ့များရှိရာ ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်တို့တွင် စစ်ကောင်စီက အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ထိုကာလအတွင်း နိုင်ငံအနှံ့ စစ်ကောင်စီလက်ချက်ဖြင့် ပျက်စီးဆုံးရှုံးသည့် အိမ်ပေါင်း ၁၀၀၀၀ ကျော်ရှိ ရာ ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှဖြစ်သည်ဟု အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar က မေ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မီးရှို့မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုလေ့ရှိသည့် စစ်ကောင်စီမှာ လွန်ခဲ့သည့် ငါးနှစ်ကျော်အတွင်း ရခိုင်ပြည်နယ်၌ အလားတူကျူးလွန်သည့် ဖြစ်စဉ်များကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button