ရန်ကုန်လွှတ်တော် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲပြုလုပ်နေသည့် ဆိပ်ကမ်းမြို့နယ် ရိပ်သာရပ်ကွက်ရှိ မဲရုံအမှတ် ၁ တွင် မဲပေးမှုအား စောင့်ကြည့်ရန် အမတ်လောင်းများအား စီစဉ်ပေးထားသည့် နေရာမှာ အဆင်မပြေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်လောင်း ဦးနေမျိုးအောင်က ပြောသည်။
မဲစာရင်းစိစစ်သူနှင့် မဲလက်မှတ်ထုတ်ပေးသူတို့ရဲ့ကြားတွင် မဲပုံးကွယ်နေသောကြောင့် မဲစားရင်းထုတ်ပေးမှုကိုလည်း သေချာစွာ မမြင်ရသဖြင့် မဲစာရင်းထုတ်ပေးရာတွင် မှန်ကန်မှုရှိမရှိ၊ မသမာမှုများရှိမရှိကို သေချာစွာ စောင့်ကြည့်၍ မရကြောင်း ၎င်းက ဝေဖန်သည်။
“အဆင်မပြေဘူး။ မဲပေးတာကို စောင့်ကြည့်ဖို့အတွက် ကိုယ်စားလှယ်လောင်းတွေကို နေရာပေးထားပေမယ့် တကယ့်လက်တွေ့မှာတော့ မဲပုံးကြီးကွယ်နေတဲ့အတွက် ဘာမှမမြင်ရဘူး ” ဟု ဦးနေမျိုးအောင်က ပြောသည်။
သူ၏ မကျေနပ်ချက်ကို မဲရုံမှူးနှင့် ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားထားကြောင်း ပြည်ခိုင်ဖြိုးအမတ်လောင်းက ပြောသည်။
ဦးနေမျိုးအောင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်မြေမှ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမောင်မောင်သန်းကို မဲအရေအတွက် ၁၀၀ ကျော်လျော့နည်းပြီး ရှုံးနိမ့်ခဲ့သည်။
အဆိုပါ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) သည် မဲပေးခွင့်ရှိသူအရေအတွက် ၁၀၀၀ ကျော်သာရှိသော်လည်း ကိုယ်စားလှယ်လောင်း ၉ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်နေသည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ်မြေ ဖြစ်သည်။
မဲပေးမှုကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သော်လည်း ရလဒ်အပေါ် မခန့်မှန်းနိုင်သေးကြောင်း ဦးနေမျိုးအောင်က ပြောသည်။



