စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် တစ်ပြိုင်တည်း ဝင်မွှေနေသည့် စစ်ကောင်စီက နှစ်ရက်အတွင်း ၇ ရွာထက်မနည်းကို မီးရှို့ခဲ့၍ အိမ်ခြေ ၂၀၀ ဝန်းကျင် ဆုံးရှုံးသည်ဟု ဒေသခံနှစ်ဦးက ပြောသည်။
ယမန်နေ့ (မေ ၁၈) နံနက်မှစ၍ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတွင် ရေဘုတလင်၊ ချောင်းဝကြီး၊ အနောက်ဘက်ကမ်းရှိ ဆင်စမ်း၊ သရက်တော၊ ကင်းတောင်ရွာတို့ မီးရှို့ခံရကြောင်း ၎င်းတို့ထံမှ သိရသည်။
ယနေ့တွင် အရှေ့ဘက်ကမ်းရှိ နတ်ကြီးရွာ၊ အနောက်ဘက်ကမ်းရှိ ငဖျက်ရွာနှင့် မုဌောရွာအနီးရှိ တောတိုက် (တောင်ယာတဲ) များ မီးရှို့ခံလိုက်ရသည်ဟု ထိုသတင်းရင်းမြစ်များက ဆက်ပြောသည်။
“စစ်ကြောင်းနှစ်ကြောင်း တစ်ပြိုင်တည်းထိုးနေတယ်” ဟု စစ်ကောင်စီကို ခုခံနေသည့် ကနီဒေသခံကာကွယ်ရေးအဖွဲ့ဝင် (PDF) တစ်ဦးက ပြောသည်။
ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာများကို စီးနင်းနေသည့် စစ်ကြောင်းမှာ PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက်၍ ကနီမြို့နယ်၊ ဝင်းမနားရဲစခန်းကို စွန့်ခွာထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အနောက်ဘက်ကမ်း၌ ဝင်မွှေနေသည့် စစ်ကောင်စီတပ်ဖွဲ့တွင် အလယ်ကျွန်းရွာ၌ တပ်စွဲထားသည့် စစ်တပ်နှင့် စစ်ကောင်စီက လက်နက်ထောက်ပံ့ပေးထားသည့် အရပ်သားအဖွဲ့ ပျူစောထီးတို့ ပါဝင်ကြောင်း ကနီ PDF ထံမှ သိရသည်။
ယမန်နေ့တွင် မီးရှို့ခံရသည့် ကင်းတောင်ရွာမှ အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး လည်ပင်းတွင် ဓားဒဏ်ရာရ၍ သေဆုံးနေသည်ဟု သိရကြောင်း မျက်မြင်များကို ကိုးကား၍ ကနီနယ်ရှိ PDF နှင့် နီးစပ်သူ အမျိုးသားက ပြောသည်။
စစ်ကောင်စီ၏ နယ်မြေရှင်းလင်းမှုမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးဝမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာသည့် ကျောက်စိမ်းတင် အမြန်ရေယာဉ်အုပ်စုများကို လုံခြုံရေးပေးရန် ဖြစ်နိုင်သည်ဟု ဒေသခံ PDF အဖွဲ့များက သုံးသပ်သည်။
“ဖလက်ခွံ (ကုန်တင်ရေယာဉ်) ၄ စီး၊ အမြန်ရေယာဉ် ၄ စီးက ကလေးဝကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ပြီလို့ ကြားတယ်” ဟု အထက်ပါ ကနီ PDF နှင့် နီးစပ်သူက ဆက်ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီရေယာဉ်များကို ဒေသ PDF အဖွဲ့များက မကြာခဏတိုက်ခိုက်နေကြသည်။
ယခုနှစ်ဆန်းပိုင်းတွင် ထိုသို့ တိုက်ခိုက်ခံရမှုကို ရှောင်လွှဲလိုသည့် စစ်တပ်က အရပ်သားများကို ရေယာဉ်ပေါ် တင်၍ ဓားစာခံအဖြစ် အသုံးပြုခဲ့သည့် ဖြစ်စဉ်ပင် ပေါ်ပေါက်ဖူးသည်။
လက်ရှိတွင် စစ်ကောင်စီ နယ်မြေရှင်းလင်းရေးလုပ်နေသည့် မြစ်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် မီးရှို့ခံရပြီးဖြစ်သည့် ရွာများအပြင် အနီးအနားကျေးရွာ စုစုပေါင်း ၁၀ ရွာကျော် ထွက်ပြေးနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
အင်တာနက်ဖြတ်တောက်ခံထားရသည့် ကနီမြို့နယ်အတွင်း စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ ဖုန်းလိုင်းပါ သုံးရခက်အောင် လုပ်ဆောင်ထား၍ ဖြစ်စဉ်နှင့် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးဟု ၎င်းတို့က ပြောသည်။
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုများအနက် အစောဆုံးစာရင်းဝင်သည့် ကနီနယ်တွင် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် စစ်တပ်တပ်စွဲထားသည့် အလယ်ကျွန်းမှအပ ကျန်ဒေသများတွင် ၎င်းတို့သာစိုးမိုးထားသည်ဟု PDF ဘက်က ပြောသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍ မရသေးပါ။
ခုခံမှုများပေါ်ပေါက်နေသည့် နိုင်ငံအနှံ့တွင် ရွာမီးရှို့ခံရမှုများ ဆက်တိုက်ပေါ်ပေါက်နေရာ ၎င်းတို့လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။
သို့သော် ၂၀၁၆၊ ၁၇ တွင် ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စစ်ကောင်စီက တရားရင်ဆိုင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)