သတင်း

ဘုတလင်နယ်တွင် နှစ်ရက်ဆက် မိုင်းဆွဲခံရသည့် စစ်တပ်က ရွာနှစ်ရွာကို မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို အင်အားဖြည့်တင်းရန် ဦးတည်နေသော စစ်ကောင်စီစစ်ကြောင်းမှာ ယမန် နေ့ (မေ ၁၇) မှစ၍ နှစ်ရက်ဆက် မိုင်းခွဲခံရပြီးနောက် ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်နေရင်း ကျေးရွာနှစ်ရွာကို မီးရှို့နေသည်ဟု သိရသည်။

ကနီမြို့နယ်အစပ်ရှိ ဘုတလင်မြို့နယ်အတွင်း ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း မြသိန်းတန်ဘုရားကုန်းပေါ်တွင် တပ်စွဲရန် ကြိုးပမ်းနေသော အင်အားရာဂဏန်းခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ ညနေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး (KLG) အမည်ခံ ဒေသခံ​ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ 

မြသိန်းတန်ဘုရားကုန်းပေါ်၌  တပ်စွဲလိုက်သော စစ်သားများ ထိုဘုရားကုန်းပေါ်မှ ယနေ့ နံနက် ပြန်ဆင်းလာရာတွင် နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။​

ဒေသခံကာကွယ်ရေးအဖွဲ့က မိုင်းအလုံး ၂၀ နီးပါး အသုံးပြုတိုက်ခိုက်ခဲ့ရာ အထိနာသွားသည့် စစ်တပ်က ယနေ့ နံနက် ၆ နာရီဝန်းကျင်မှစတင်၍ ရေဘုတလင်ရွာနှင့် ချောင်းဝကြီးရွာကို မီးရှို့နေကြောင်း ကျောက်လုံးကြီးတပ်မဟာ တာဝန်ခံက Myanmar Now ကို ပြောသည်။

“မနေ့က တပ်မစွဲခင်မှာ မိုင်းရော လက်နက်ရောနဲ့တိုက်ခိုက်တာ ငါးယောက်အထက် သေတယ်။ ဒီနေ့မနက် မြသိန်းတန်ဘုရားကုန်းကနေ ဒီဘက်ကို ဆင်းတဲ့အချိန်မှာ မိုင်းလည်းမိတယ်” 

“အထိနာတော့ ရေဘုတလင် ကျေးရွာကို သူတို့ မီးရှို့သွားတယ်။ ရေဘုတလင်ရွာကို မီးရှို့ပြီး အထွက်မှာ မိုင်းမိတယ်။ မိုင်းမိပြီးတော့ ၁၅ ယောက် အထက်သေတယ်။ ခု ချောင်းဝကြီးရွာကို မီးထပ်ရှို့နေတယ်။ မီးရှို့ပြီးတော့ အထက်ဘက်ကို စစ်ကြောင်း ဆက်ထိုးနေတယ်” ဟု KLG တပ်မဟာတာဝန်ခံက ယနေ့ နံနက် ပိုင်းတွင် ပြောသည်။ 

ထိုကျေးရွာနှစ်ရွာကို နံနက် ၆ နာရီမှစ၍ စတင်မီးရှို့ခြင်းဖြစ်ကာ ၁၁ နာရီဝန်းကျင်အထိ မီးငြိမ်းသတ်နိုင် ခြင်းမရှိသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

KLG အဖွဲ့၏ အဆိုအရ တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ ၂၀ ထက်မနည်း သေဆုံးနိုင်သည်ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။​

စစ်ကြောင်းထိုးနေသည့်အတွက် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ရေဘုတလင်၊ ချောင်းဝကြီး၊ သာယာ ကုန်းရွာနှင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ချိုင်၊ သရက်ပင်၊ ဒဟတ်တော၊ မုဌော၊ ငဖျက်၊ ပန်းဆိုင်း၊ တန့်ဆည်ချောင် စသည့် ကျေးရွာတို့မှ ဒေသခံများ နီးစပ်ရာကျေးရွာများနှင့် တောတိုက်များတွင် ရှောင်တိမ်းနေရသည်။ 

စစ်ကောင်စီကို အစောဆုံး လက်နက်ကိုင်ခုခံတော်လှန်ခဲ့ရာ စစ်ကိုင်းတိုင်းတွင်းမှ မြို့ရွာများတွင် ကနီ မြို့နယ်လည်း ပါဝင်ပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်း တစ်ခုရောက်လာကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်မှစတင်ကာ စစ်တပ်က ကနီမြို့ပေါ်ရပ်ကွက်များအပါအဝင် ဝင်းမနားကျေးရွာနှင့် အလယ်ကျွန်းရွာတို့တွင် တပ်စွဲထားသည်။ ဒေသခံတော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဝင်းမနားရွာတွင် တပ်စွဲထားရာမှ ယခုလဆန်းပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးရသည်။  

စစ်တပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားရာ အလယ်ကျွန်းရွာကိုလည်း မေ ၁၀ ရက်တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းပစ်ကူပေးမှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ 

ကနီမြို့နယ်တွင် မြို့ပေါ် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၅ ခုရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များနှင့် အလယ်ကျွန်းရွာမှအပ ကျန်ကျေးရွာများတွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိဘဲ ဒေသခံကာကွယ်ရေး အဖွဲ့များက နယ်မြေစိုးမိုးထားနိုင်ကြောင်း ကနီမြို့နယ်ဒေသခံများထံမှသိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button