
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေသည့် ယနေ့မွန်းတည့်ချိန်တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ရန်ကုန်မြို့ ကန်တော်ကြီးစောင်းတွင် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်မှ စစ်မှုထမ်းဟောင်းများက ကန်တော်ကြီးပန်းခြံ ပုဂံလုံးကျွန်းပတ်လမ်းတွင် ဆန္ဒပြခဲ့ကြပြီး ၎င်းတို့သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံများ နှင့် နိုင်ငံတော်အလံများကို ကိုင်ဆောင်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။
တစ်နိုင်ငံလုံးမှ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားစွား စောင့်ကြည့်နေသည့် အချိန်တွင် ဆန္ဒခံယူပွဲလုပ်နေခြင်းမှာ မလုပ်သင့်သည့် အလုပ်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
“ခွင့်ပြုပေးတဲ့ ဌာနဆိုင်ရာတွေက နားလည်ဖို့ လိုအပ်တယ်။ ပြည်သူလူထုထဲက ဆန္ဒဖော်ထုတ်ရင်တောင်မှ အကြောင်းအမျိုးမျိုးနဲ့ တားတယ်။ အဲ့ဒီအပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၁၁မြို့နယ်မှာ စီတန်းလှည့်လည်မှု မပြုရဘူး ဆိုတာ ထုတ်ပြန်ထားတာရှိတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးမင်းသူက ထိုဆန္ဒထုတ်ဖော်ပွဲမှာ မည်သည့် ခွင့်ပြုချက်ဖြင့် ပြုလုပ်သည်ကို ၎င်းတို့ မသိရှိကြောင်း၊ ကော်မရှင်၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ အောင်မြင်အောင် ပြုလုပ်နိုင်ရေးကို ရည်ရွယ်ကြောင်း ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ပြုလုပ်ရန် နေပြည်တော်တွင် အောက်တိုဘာ ၃၁ က ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ ဒုတိယနေ့ အထူးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၁၈ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် ၇နေရာနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ၁ နေရာ ရှိပြီး မြန်မာတစ်နိုင်ငံလုံး တွင် မဲဆန္ဒနယ် ၁၃ နေရာ ရှိသည်။