သတင်း

တိုက်ပွဲများကြောင့် မိုးဗြဲနှင့် ဖယ်ခုံတွင် ဒေသခံနှစ်သောင်းခန့် ထွက်ပြေးနေရ 

စစ်တပ်က စစ်ကြောင်းထိုးနေသော ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် ဖယ်ခုံနှင့် မိုးဗြဲတဝိုက်မှ လူနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်စခန်းကို မေ ၁၂ ရက်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးကာ လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ရွာပေါင်း ၂၀ ကျော်မှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရသည်။ 

ထို့ပြင် ယမန်နေ့ (မေ ၁၇) တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံအင်းတောင်ဘက်ရှိ ဆီးမီလော့နှင့် ညောင်ပင်သာရွာတို့အပြင် မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်ငါးခုမှ ဒေသခံတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Kayan Rescue Committee ထံမှ သိရသည်။

ကရင်နီဒေသအတွင်းရှိ ညောင်ရွှေမြို့နယ် ထီရိကျေးရွာမှ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် ထိုနေရာမှ ရှစ်မိုင်အကွာရှိ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲရွာမှ ဒေသခံများမှာ မေ ၁၂ ရက်ကတည်းက ထွက်ပြေးနေရသည်။ ထိုရွာကို စစ်တပ်က မေ ၁၆ တွင် မီးရှို့သည်။ 

လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သော ဖယ်ခုံမြို့နယ် လွယ်ပန်းခုံကျေးရွာသားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့) 

ဒေသခံ ၂၀၀ ကျော် ခိုလှုံနေသော ဖယ်ခုံမြို့နယ် လွယ်ပန်းစုံရွာတွင် ယမန်နေ့ နံနက်ပိုင်းက စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးစ ထိမှန်ပြီး လူနှစ်ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသည်ဟု ရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရသူများမှာ အသက် ၁၆ နှင့် ၁၈ နှစ်အရွယ် အမျိုးသားနှစ်ဦး ဖြစ် သည်ဟု သိရသည်။ 

ထွက်ပြေးတိမ်းရှောင်လာသူ ၂၀၀ ကျော်နှင့် ရွာခံ ၅၀၀ ခန့်မှာ ယနေ့ နံနက်အစောပိုင်းတွင် တောင်ကြီး၊ အင်းလေးနှင့် ဖယ်ခုံမြို့နယ်တွင်း အခြားဒေသများကို ထွက်ပြေးတိမ်းရှောင်ကြသည်ဟု ၎င်းထံမှ သိရသည်။

“လူတစ်ယောက်မှ မရှိတော့ဘူး။ အခု ကျွန်တော်တို့ သားအဖပဲ ကျန်တော့တယ် ရွာမှာ။ ကျွန်တော်တို့ အခုလက်ရှိက အနီးအနားလေးပဲပေါ့နော်။ သူများလိုမျိုး အဝေးတော့ မသွားဘူးပေါ့။ ဘာတွေယူသွားလဲဆိုတော့ အဓိကက စားဖို့သောက်ဖို့ပဲပေါ့။ ကျန်တဲ့ပစ္စည်းတွေတော့ အကုန်လုံး ပါမသွားဘူး” ဟု ထိုရွာ သားက ပြောသည်။ 

ဖယ်ခုံအင်း အရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်၊ ပိန္နဲကုန်း၊ လတယ်၊ မခေခမ်း၊ နားဟီး၊ ညောင်မွန်း၊ ငါးမူး၊ ကုန်းပေါ၊ ဆင်ဖြူ၊ နန်းဟူး၊ ရွှေစန်း၊ ဆောင်ဒူလနန်း၊ နောင်လိုင် စသည့် ရွာများအပြင် ဖယ်ခုံအင်း ရေလယ်ရှိ လွယ်ပန်းခုံနှင့် ဟိုတိန်းတောင်တို့မှ ဒေသခံများ ထွက်ပြေးနေရခြင်း ဖြစ်သည်။။

“စိုးရိမ်မှုတစ်ခုက စစ်ကောင်စီက တပ်စွဲလိုက်ပြီဆို ရွာကိုမီးရှို့မှာ ကြောက်တာ တစ်ခုပဲ။ ကျွန်တော်တို့ အမြင်ကတော့ သူတို့ လက်နက်ကြီးပစ်လာပြီဆိုတော့ သူတို့ အရင်လမ်းရှင်းတဲ့သဘောပဲလို့ ယူဆတယ် ပေါ့နော်။ နောက်ဆက်တွဲတော့ သူတို့ ဘယ်လို ဖန်တီးမလဲတော့ မသိဘူး” ဟုလည်း အထက်ပါ ရွာသားက ပြောသည်။

ဖယ်ခုံအင်းတောင်ဘက်ရှိ ဆီးမီလော့ကျေးရွာတွင် မေ ၁၇ ရက်က စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးကျည်အချို့ကို တွေ့ရစဉ်။​ (ဓာတ်ပုံ – ပေးပို့) 

ဖယ်ခုံအင်းတောင်ဘက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်နေသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။​

ယမန်နေ့တွင် ဆီးမီလော့နှင့် ညောင်ပင်သာရွာတို့တွင် လက်နက်ကြီးထိမှန်သဖြင့် ချောင်းတစ်ခုသာခြားသည့် မိုးဗြဲမြို့ပေါ်ရပ်ကွက်များပါ စိုးရိမ်နေရပြီး ထွက်ပြေးနေသူများလည်းရှိသည်ဟု Kayan Rescue Committee အဖွဲ့ဝင် မုမူက ပြောသည်။

“ဗြုန်းဒိုင်းထွက်ပြေးရတဲ့ အခါကျတော့ စားနပ်ရိက္ခာကလည်း ပါမလာဘူးပေါ့နော်။ စားနပ်ရိက္ခာတွေ လိုအပ်တယ်။ အထူးသဖြင့် မိုးကာတွေလည်း လိုအပ်တယ်။ မိုးရာသီလည်း ရောက်နေပြီ ဒီဘက်မှာ မိုးကလည်းရွာနေပြီပေါ့နော်။ သူတို့ အကြာကြီးပြေးရမယ်ဆိုရင် နောက်ဆက်တွဲက အဝတ်အထည်တွေ လိုအပ်မယ်။ မီးဖိုချောင် အသုံးအဆောင်တွေ လိုအပ်မယ်” ဟု ၎င်းက ပြောသည်။

မိုးဗြဲမြို့သည် ယခင်ကတည်းက တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒေသခံများမှာ မကြာခဏ တိမ်းရှောင်ကြရသော်လည်း တိုက်ပွဲငြိမ်သက်လျှင် အိမ်ပြန်လာလေ့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ရွာတွေဘက်မှာက သူတို့တွေက မရှောင်ချင်တော့ဘူး။ မကြာခဏ ရှောင်နေရတော့ အခက်အခဲလည်း ရှိနေပြီ။ ရှောင်ဖို့နေရာဆိုလည်း မရှိသလောက်ဖြစ်နေပြီ။ စစ်ကောင်စီကလည်း စစ်ကြောင်းတွေ ထပ်ထိုးဖို့ ပြင်ဆင်နေတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ဆက်ပစ်(ခတ်)ဖို့ အနေအထားတွေ ကြားနေ ရတယ်” ဟု မုမူက ပြောသည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က မေလ ၁၁ ရက် ထုတ်ပြန်ချက်အရ ကရင်နီဒေသတွင် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၉၇,၀၀၀ ကျော်ရှိသည်။ 

ကရင်နီဒေသအတွင်းရှိ ဖယ်ခုံမြို့နယ်သာမက ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်နေသည်။

ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက် နေအိမ်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button