သတင်း

အလုံမြို့နယ်က ရပ်ကွက်အုပ်ကြီး ကျည် ၄ ချက်ဖြင့် ပွဲချင်းပြီးလုပ်ကြံခံရ

ရန်ကုန်မြို့အနောက်ဘက် အလုံမြို့နယ် ဆင်မင်းရပ်ကွက်၏ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမိုးကို ယနေ့ (မေ၁၇) ညနေပိုင်းတွင် အမည်မသိလက်နက်ကိုင်တစ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

အသက် ၅၂ နှစ်အရွယ် ဦးလှမိုးသည် ယနေ့ ညနေ ၄ နာရီခန့်တွင် အလုံမြို့နယ် ဆင်မင်းဈေးအနောက်ဘက် သိပ္ပံလမ်းပေါ်တွင် ပစ်သတ်ခံရခြင်းဖြစ်ပြီး ကျည် ၄ ချက် ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ ရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ 

“ဆိုင်ကယ်နဲ့ နေအိမ်ကနေ ရပ်ကွက်ရုံးကို အသွား လမ်းမှာ အပစ်ခံရတာ” ဟု Myanmar Now ၏ သတင်းရင်းမြစ်က ပြောသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် အခင်းဖြစ်ရာနေရာတစ်ဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိနေသည်ဟု သိရသည်။

အလားတူ ယနေ့ နေ့လယ်ပိုင်းက ရန်ကုန် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင်လည်း စစ်ကောင်စီတပ်များ၏ ကွန်ကရစ်ဖြင့် အခိုင်အမာပြုလုပ်ထားသော (ဘန်ကာ) ရဲကင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီ၏ ရဲတပ်သားတစ်ဦးနှင့် အရပ်သားနှစ်ဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်ရှိသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဗုံးဖြင့် တိုက်ခိုက်မှုတွင်လည်း ဆောင်ရွက်ခဲ့သူများဘက်မှ ဖမ်းဆီးခံရမှု၊ ထိခိုက်ဒဏ်ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ကျော်လာချိန်တွင် စစ်ကောင်စီတပ်များကို နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ခိုက်နေကြရာ ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် ပြောက်ကျားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများတွင် နှစ်ထပ်ဘန်ကာများကို စစ်ကောင်စီက လအတန်ကြာကတည်းက တည်ဆောက်နေခဲ့ပြီး သဲအိတ်များပါ ချကာ ခံတပ်သဖွယ် ပြင်ဆင်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button