
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတချို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ပူးပေါင်းတပ်များနှင့် စစ်တပ်ကြား တိုက်ပွဲများဆက်လာကာ စစ်တပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သည့်ပြင် ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ကယားပြည်နယ်နှင့် ထိစပ်နေသော ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) စခန်းကို မေ ၁၂ ရက်တွင် ဒေသအခြေစိုက် PDF များ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ၅ ဦး ဖမ်းဆီးခံရသည်။
နှစ်ရက်အကြာတွင် မိုးဗြဲအခြေစိုက် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းကင်းစခန်းကို PDF က ထပ်မံတိုက်ခိုက်ပြန်ရာ စစ်ကောင်စီက အင်အား ၈၀ ခန့်ဖြင့် နယ်မြေရှင်းလင်းမှုများ လုပ်နေသည်ဟု ဖယ်ခုံ PDF နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့ထံမှ သိရသည်။
မေလ ၁၃ မှစ၍ ယမန်နေ့ (မေ ၁၅) အထိ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာ၊ ဖယ်ခုံမြို့နယ်တောင်ဘက် ဆောင်နန်းခဲ၊ လွယ်ပေါ ကျေးရွာများရှိရာ တောင်ကြောတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်ဟု ၎င်းတို့က ပြောသည်။
ထီရိရွာနှင့် ၈ မိုင်ခန့်ဝေးသည့် ဆောင်နန်းခဲတွင် မေ ၁၅ ရက် နံနက် ၇ နာရီမှ ည ၈ နာရီခန့်အထိ တိုက်ပွဲဖြစ်သည်ဟု ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“စစ်ဆင်ရေးလုပ်တာကတော့ (ဖယ်ခုံအင်း) အရှေ့ဘက်တစ်ကြောပဲ။ အခုချိန်ထိတော့ ဖယ်ခုံမြို့နယ်အစပ်မှာပဲ။ (စစ်တပ်) လူအင်အားက သိပ်မရှိဘူး။ သူတို့က လက်နက်ကြီးပစ်ကူနဲ့ပဲ တစ်ချိန်လုံး စောင့်နေတော့ ရှေ့ကို မတက်လာနိုင်ဘူးပေါ့”
ထိုတိုက်ပွဲတွင် ဖယ်ခုံ PDF နှင့် KNDF အပြင် အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ လွိုင်ကော် PDF ၊ အမှတ် ၁၀၀၅ နှင့် ၁၀၀၈ တပ်ရင်း (ရှမ်းတောင်) စသည့် အဖွဲ့များ ပူးပေါင်းခုခံခဲ့ကြောင်း ၎င်းထံမှ သိရသည်။
ဆောင်နန်းခဲတိုက်ပွဲတွင် ဖယ်ခုံမြို့နယ်ရှိ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လက်နက်ကြီးပစ်ကူသကဲ့သို့ ထိုနေ့ နေ့လယ် ၁၂ နာရီခန့်တွင် စစ်တပ်က ဂျက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲခဲ့သည်ဟု ဖယ်ခုံ PDF တာဝန်ရှိသူက ပြောသည်။
“လက်နက်ကြီး နှစ်လက်လောက်ကို တည်ထားပြီးတော့ အဆက်မပြတ် ထုလိုက်လို့ရှိရင် အဲဒီလက်နက်ကြီးဒဏ်တွေနဲ့ အဲဒါကို မခံနိုင်တာ။ ဗုံးလာကြဲပြီးတော့ နောက်ထပ် နည်းနည်းကြာတော့ ရဟတ်ယာဉ်ထပ်လာတာရှိတယ်။ ရဟတ်ယာဉ်ကတော့ ဒီဘက်ခြမ်းမှာ ပစ်တာ သိပ်မတွေ့လိုက်ဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ရဟတ်ယာဉ်မှာ စစ်ကောင်စီတပ်မှ ရာထူးကြီးတစ်ဦးဦး သေဆုံးသဖြင့် အလောင်းလာကောက်သည်ဟု ယူဆရကြောင်းလည်း ၎င်းက ပြောသည်။
နှစ်ဖက် အပြန်အလှန် အနီးကပ်တိုက်ပွဲတွင် အမှတ် ၁၀၀၈ တပ်ရင်းမှ ရဲဘော်တစ်ဦးဖြစ်သည့် CDM ယာဉ်ထိန်းရဲ ကိုချစ်ကောင်း သေဆုံးကာ အခြားရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်သည်ဟု ဖယ်ခုံ PDF ထံမှ သိရသည်။
ထိုတိုက်ပွဲများအတွင်း ထိခိုက်၊ သေဆုံးမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်မှ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ရှမ်းပြည်တောင်ပိုင်းရှိ ဒေသကာကွယ်ရေးအဖွဲ့ ခြောက်ဖွဲ့ပေါင်းကာ Southern Shan Revolution Youth (SSRY) အဖြစ် ဧပြီလအတွင်းက စုစည်းခဲ့ပြီး ယင်းကို အမှတ် ၁၀၀၈ တပ်ရင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားပြီးဖြစ်သည်။
“ကျွန်တော်တို့ MOD ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ပကဖ (ပြည်သူ့ကာကွယ်ရေး) အဖွဲ့တွေ၊ KNDF ၊ Local PDF အချို့ရယ် နောက်ပြီးတော့ အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲပုံဖော်လာနိုင်တဲ့ အနေအထားမှာရှိပါတယ်” ဟု ကာကွယ်ရေးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။
လက်နက်ကိုင်ခုခံမှု ပြင်းထန်သည့် ကယားပြည်နယ်နှင့် အစပ်ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်းတွင် NUG နှင့် ဒေသကာကွယ်ရေးအဖွဲ့များ၏ ပူးပေါင်းစစ်ရေးလှုပ်ရှားမှုများ ကျယ်ပြန့်လာသည်ကို ထိုဖြစ်စဉ်များက သက်သေပြနေကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့အနေနဲ့ စစ်ရေးအရှိန် မြှင့်တင်တဲ့အခါမှာ ဒေသတစ်ခုနဲ့တစ်ခု ပြင်ဆင်ရတဲ့ အနေအထား ကွာခြားပါတယ်။ ပြင်ဆင်ရတဲ့ အနေအထားပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ တိုက်ပွဲဖော်နိုင်တဲ့အချိန်တွေ မတူညီရတဲ့ အနေအထားဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောသည်။
ထိုဒေသတွင် ရှမ်းနှင့် ကယား ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းလှုပ်ရှားနေသလို ပြည်သူ့စစ်အချို့က စစ်ကောင်စီနှင့် တွဲ၍ တိုက်ခိုက်နေသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ ကယန်းအမျိုးသားကာကွယ်ရေးတပ်မတော် (KNG) တို့ စစ်ကောင်စီနှင့် ပူးပေါင်းနေခြင်းဖြစ်သည်။
ထိုအခြေအနေတွင် စစ်ကောင်စီတပ် တည်ရာနေရာများတွင် မနေထိုင်ကြရန်၊ ပူးတွဲလှုပ်ရှားမှုမပြုကြရန် ဒေသခံလူထုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က မေလ ၁၄ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)