စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး ကားလမ်းအနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာကို ယနေ့ ( မေ ၁၁) နံနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ရွာသား ၁၅ ဦးကို ဖမ်းဆီး နှိပ်စက်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။
နံနက် ၅ နာရီခန့်တွင် မူးမြစ်ကမ်းပေါ်ရှိ ထိုရွာသို့ စစ်သား ၅၀ ကျော် ရောက်လာပြီး ဗိုလ်စလုံးအမည်ရှိ PDF ခေါင်းဆောင်တစ်ဦးကို လာရောက် ရှာဖွေခဲ့ကြောင်း အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။
“သူတို့ ၅ နာရီ ၃၀ လောက်မှာ နေရာ ၂ နေရာလောက်ခွဲပြီး ရွာထဲဝင်တယ်။ လူတစ်ယောက်ရဲ့ အိမ်ကို လိုက်ရှာတယ်။ ယောက်ျား ၁၅ ယောက်လောက် အဖမ်းခံရတယ်။ ရွှေဘုံသာဆိုတဲ့ ဘုန်းကြီးကျောင်းထဲမှာ သူတို့ အဲဒီလူတွေကို ခါးတောင်းကျိုက်ခိုင်းပြီးတော့ ဝမ်းလျားမှောက်ခိုင်းထားတယ်။ အမျိုးသမီးတချို့ကို ထမင်းချက်ခိုင်းထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
“ရွာထဲကို ဝင်တော့ ရွာသူရွာသားတွေက ဧရာဝတီမြစ်ထဲက ကျွန်းပေါ်ကို ထွက်ပြေးသွားကြတယ်။ အဲဒီပြေးတဲ့လွှားတဲ့နောက်ကို လိုက်ပြီး သူတို့ နည်းနည်းပါးပါးတော့ ပစ်တယ်။ တဲတွေထဲကို ဝင်ရှာတယ်” ဟု ၎င်းက ဆိုသည်။
မြင်းမူမြို့နှင့် ၃ မိုင်အကွာ ဧရာဝတီနှင့် မူးမြစ်ဆုံသည့် နေရာမှ ညောင်ရင်းကျေးရွာမှာ အိမ်ခြေ ၈၀၀ ကျော် နှင့် လူဦးရေ ၃၀၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။
ထိုစစ်ကြောင်းမှာ ဧပြီ ၂၉ တွင် ကန်တော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ယမန်နေ့ (မေ ၁၀) က Black Eagle အဖွဲ့ဝင် ၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု ဆိုသည်။
“အဲဒီစစ်ကြောင်းက ကန်တော်ကို စပြီး မီးရှို့ကတည်းက ရောက်နေတာ။ အဲဒီစစ်ကြောင်းက အလ္လကပ္ပဘုရားကုန်းမှာ ထိုင်ပြီးတော့ မြောင်ကို သွားလိုက်၊ အင်အားဖြည့်လိုက်၊ လိုအပ်ရင် ဒီဘက်ကို လာလိုက်လုပ်နေတဲ့ စစ်ကြောင်းပဲ” ဟု တပ်ရင်း ၂ တပ်ရင်းမှူးက ပြောသည်။
အဆိုပါ စစ်ကြောင်းမှာ ယနေ့ နံနက် ၄ နာရီခန့်တွင် မြင်းမူမြို့မှ ထွက်ခွာသွားပြီးနောက် ညောင်ရင်းကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ PDF အဖွဲ့ဝင်များက တိုက်ခိုက်ရန် လိုက်ပါခဲ့သော်လည်း လက်နက်အင်အား အခြေအနေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၎င်းထံမှ သိရသည်။
“မူးမြစ်တံတားပေါ်မှာ လက်နက်ကားတစ်စင်း မိသွားတယ်။ အဲဒီတုန်းက ကားကို လိုက်ကြည့်ပေးတဲ့ ညောင်ရင်းရွာက ကောင်မလေးတစ်ယောက် ကျဆုံးသွားတယ်။ အမိန့်စာပြန်တာတွေဘာတွေ လုပ်ကြတော့ အဲဒီမှာ သတင်းထွက်သွား တယ်ထင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၁၄,၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း၊ ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ နေအိမ် ၇,၅၀၀ ကျော်ပါဝင်ကြောင်း အချက်အလက်စာရင်းပြုစုသည့် Data Of Myanmar အဖွဲ့က ယခုလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုသို့ ရွာလုံးကျွတ်မီးရှို့မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများမှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီဘက်က အစဉ်တစိုက်ငြင်းဆိုလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)