
စစ်ကိုင်းတိုင်းအစွန်ဆုံး ကလေးမြို့နယ်တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် မေ ၁ ရက်၌ စစ်တပ်က ကျေးရွာတစ်ရွာကို ရွာလုံးကျွတ် မီးတင်ရှို့ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဓာတ်ပုံမှတ်တမ်းများအရ တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းထားသည့် ကျေးရွာမှာ ကလေးမြို့နယ်တောင်ပိုင်းရှိ အရှေ့စည်းရွာဖြစ်ပြီး မကွေးနှင့် စစ်ကိုင်းတိုင်းထိစပ်ရာ ယောနယ်မြောက်ပိုင်းရှိ မြစ်သာမြစ်ကမ်းမှ အိမ်ခြေ ၈၀၀ ကျော်ရှိ ရွာကြီးဖြစ်သည်။
တိုက်ပွဲဖြစ်ပြီးနောက် မေ ၁ ရက် ညနေပိုင်းတွင် စစ်တပ်က အရှေ့စည်းရွာကို ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့ခဲ့ရာ အိမ် ၇၀၀ ကျော် လောင်ကျွမ်းပြီး ၄၀ ခန့်သာ ကျန်ရှိတော့သည်ဟု ထိုရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“တွေ့သမျှအိမ်ကို ရှို့တာ။ မရှို့တာဆိုလို့ ရွာအစွန်နားက နည်းနည်းပဲ ကျန်ခဲ့တာ။ သူတို့က လေတိုက်တဲ့ဘက်ကနေ စရှို့တာ။ မလောင်လောင်အောင် ရှို့တာ။ တာယာကွင်းတွေကို အိမ်ပေါ်တင်ပြီးမှ ရှို့တာ။ မီးလောင်လွယ်အောင် တာယာတွေ၊ ကားတာယာတွေထည့်ပြီးမှ ရှို့တာ” ဟု အမည်မဖော်လိုသူ ထိုကျေးရွာသားက ပြောသည်။
ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ ယမန်နေ့ ညနေပိုင်း ထုတ်ပြန်ထားသော ဓာတ်ပုံမှတ်တမ်းများအရ အရှေ့စည်းရွာရှိ နေအိမ်အများစု ပြာပုံအတိပြီးလျက် လောင်ကျွမ်းထားသည်ကို တွေ့ရသည်။
ထိုနေ့က ပျူစောထီးအဖွဲ့ဝင်များအပါအဝင် အင်အား ၂၀၀ နီးပါးရှိ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ နံနက်ပိုင်းမှ ညနေ ၅ နာရီခန့်အထိ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့သည်ဟုလည်း သိရသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာချိန်တွင် စစ်တပ်က ရွာကို ဝင်ရောက်မီးရှို့ကြောင်း၊ နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ အဖိုးတန်ပစ္စည်းများယူဆောင်ပြီးမှ မီးရှို့ခြင်းဖြစ်ကြောင်း၊ သိုလှောင်ထားသည့် ဆန်စပါးများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။
“ကျွန်တော်တို့ စပါးတိုက်နှစ်တိုက်၊ အိမ်နှစ်လုံးပါသွားတယ်။ စားစရာ၊ အဝတ်အစား ဘာမှမယူနိုင်ခဲ့ဘူး။ အားလုံးပါသွားတယ်။ ကိုယ်ပေါ်က အဝတ်အစားတစ်ခုပဲ ကျန်တာ။ လူတွေကတော့ ရွာက အချိန်မီထွက်လိုက်နိုင်လို့ အန္တရာယ်ကင်းတယ်” ဟု အရှေ့စည်းရွာသားက ပြောသည်။
နောက်တစ်ရက်တွင် အရှေ့စည်းရွာတောင်ဘက် နှစ်မိုင်ကျော်အကွာရှိ ရှားဖိုရွာကို စစ်တပ်က စစ်ကြောင်းသုံးကြောင်းခွဲ ဝင်ရောက်စီးနင်းစဉ် စောင့်ကြိုတိုက်ခိုက်ရာ မေ ၃ ရက်နေ့အထိ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ငါးဦးထက်မနည်း သေဆုံးပြီး သေနတ်လေးလက် သိမ်းဆည်းရမိကြောင်း ထိုအဖွဲ့များ၏ ထုတ်ပြန်ချက်က ဆိုသည်။
ယမန်နေ့ညပိုင်းက စစ်တပ်က လာရောက်ပစ်ခတ်သော ဒရုန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက ပစ်ချခဲ့ကြောင်း၊ ထို့နောက် တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီး လာရောက်ဗုံးကြဲကြောင်း ထိုအဖွဲ့များ၏ ထုတ်ပြန်ချက်က ဆိုသည်။
“မနေ့က ရွာထဲကို အဝင်မခံဘဲနဲ့ ကျွန်တော်တို့ဘက်က ပစ်ကြတာ။ သူတို့ဘက်က အကျအဆုံးတွေလည်း ရှိတယ်။ ပြီးတော့ တိုက်ရဟတ်ယာဉ်နဲ့ ပထမတစ်ခေါက်လာပစ်ပြီး နောက်ထပ် လက်နက်တွေပြန်ယူပြီး တစ်ခေါက် လာပစ်သွားတယ်” ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုမှ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
“အိမ်တွေဘာတွေတော့ ပျက်စီးသွားတယ်။ မီးလောင်သွားတယ်။ ဒီနေ့ မီးလာရှို့တယ်လို့ ကြားတယ်”
စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ မကွေးတိုင်းတို့နှင့် ထိစပ်နေသော ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းနေရာ ဧပြီ ၂၁ ရက်ကတည်းက တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်နေသည်။
တိုက်ပွဲများကြောင့် ကလေးမြို့တောင်ပိုင်း ကျေးရွာများမှာ ထောင်နှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး ခက်ခဲနေသည်ဟု ကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။
စစ်တပ်က လက်နက်ကိုင်ခုခံသူများကို လိုက်လံနှိမ်နင်းရာတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို အပြတ်အသတ်အနိုင်မရရှိဘဲ ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိရာ ၎င်းတို့လက်ချက်ဖြင့် အိမ်ပေါင်း တစ်သောင်းတစ်ထောင်ကျော် ပျက်စီးသည့်အနက် စစ်ကိုင်းတိုင်းမှ ၇၀၀၀ ခန့်ရှိသည်ဟု ထိုအချက်အလက်များကောက်ယူနေသည့် Data for Myanmar အဖွဲ့၏ မေ ၁ ထုတ်ပြန်ချက်က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)