သတင်း

မြင်းခြံမြို့ နာရေးကို စစ်တပ်ဝင်ပစ်သဖြင့် ၁ ဦးသေ၊ ၃ ဦး အဖမ်းခံရ

ဧပြီ ၂၈ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာသုသာန်ရှိ နာရေးအစီအစဉ်တစ်ခုကို စစ်ကောင်စီတပ်က ဝင်ပစ်ရာ ၂၃ နှစ်အရွယ် ကိုနေစိုးသူ ကျည်ထိသေဆုံးသွားသည်။

သွေးကင်ဆာရောဂါနှင့် ကွယ်လွန်သော ၈ တန်းကျောင်းသား ၁၅ နှစ်အရွယ် မောင်ဂျွန်လင်းထက်၏ ရုပ်အလောင်းကို ဂူသွင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် ရောက်ရှိလာပြီး ပစ်ခတ်သဖြင့် ဆီးခုံစပ်၊ ပေါင်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုသိန်းတန်က ပြောသည်။  

“အုတ်ဂူထဲ သွင်းပြီး ပိတ်နေတဲ့အချိန် ၊ အုတ်ခဲလေးချပ်ပဲ​ ပိတ်ရသေးတယ်။ အဲ့အချိန်မှာ ဝင်ပစ်သွားတာ။ မိန်းမတွေက ပြန်ကုန်ပြီ။ ဂူပိတ်ဖို့ လေးငါးယောက်လောက်ပဲ ကျန်ခဲ့တာ” ဟု ကိုသိန်းတန်က Myanmar Now ကို ပြောသည်။

ကျည်ထိမှန်သေဆုံးခဲ့သည့် ကိုနေစိုးသူ၏ အလောင်းကို သင်္ဂြိုဟ်ခွင့်ရလိုပါက ကျပ် ၄ သိန်းပေးရမည်ဟု မိသားစုဝင်များကို တောင်းဆိုခဲ့ကြောင်း၊ မပေးနိုင်၍ အလောင်းယူသွားသည်ဟု ကြားသိရကြောင်း ကိုသိန်းတန်က ဆိုသည်။

“ သူတို့ကလည်း ပိုက်ဆံမနိုင်တာကို တောင်းတာ။ သူတို့လုပ်မှန်း သိမှာစိုးလို့” ဟု ၎င်းက မှတ်ချက်ပြုသည်။ 

ပစ်သတ်ခံရသူတွင် အသက် ၂ နှစ်အရွယ် သားကလေးနှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့သည်။ 

ကိုသိန်းတန်က စစ်သားများ နာရေးသို့ လာရောက်ပစ်ခတ်ခြင်းမှာ ၎င်းကို ဖမ်းဆီးလိုခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။  

တောင်ယာလုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုသိန်းတန်သည် လွန်ခဲ့သည့် ၁၀ လခန့်က ၎င်းတို့ကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဖိုးအုန်း အသတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသဖြင့် တိမ်းရှောင်နေခြင်း ဖြစ်သည်။ 

တိမ်းရှောင်နေရာမှ သားဖြစ်သူ၏ နောက်ဆုံးခရီး ပို့ဆောင်ရန် နာရေးသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“ (မောင်ဂျွန်လင်းထက်) ဆေးရုံတင်တုန်းကတောင် ကျွန်တော်တောင် မလိုက်နိုင်ပါဘူး။ ကျွန်တော့်သားမျက်နှာလေးတောင် ဝအောင် မကြည့်ခဲ့ရဘူး။ ခိုးတွေ့ခိုးပြန် ပြန်ပြေးလာရတာ။ (စစ်ကောင်စီတပ်က) ဝင်ပစ်တာ” ဟု ၎င်းက  ပြောသည်။ 

ယင်းနေ့က မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအတွင်း နာရေးအိမ်ဖြစ်သော ကိုသိန်းတန်၏ မိသားစုနေအိမ်၊ ၎င်းပုန်းခိုနေသည်ဟု ယူဆရသော ရွာအတွင်းရှိ နေအိမ်တစ်လုံးနှင့် သုသာန်တို့ကို စစ်ကောင်စီတပ် ရောက်လာပြီး ပစ်ခတ်ခဲ့ကြောင်း၊ သတင်းပေးသူရှိသဖြင့် စစ်တပ်ရောက်လာခြင်းဖြစ်ကြောင်း ကိုသိန်းတန်က ဆိုသည်။ 

“သတင်းပေးက ကောင်းတော့ နေရာသုံးဖက် ဝိုင်းပြီး ပစ်သွားတာ။ သူတို့ ကိုယ်ချင်းစာစိတ် မရှိတာ။ သူများ ပူပင်သောကရောက်နေတဲ့အချိန်မှာ ဒီလိုလုပ်တာ။ ရွာဒလန်တွေရော မကောင်းတာ။ ညီရော၊ သားရောကို ဆုံးရှုံးတာ” ဟု သူက ပြောသည်။ 

ထိုနေ့က ရွာခံများဖြစ်သော အသက် ၆၀ အရွယ် ဦးပေါက်စီ၊ အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်နှင့် ၂၈ နှစ်အရွယ် မောင်ရှိုင်းအောင်ဆိုသူတို့ကို စစ်တပ်က ဖမ်းသွားသည်ဟု ကိုသိန်းတန်က ပြောသည်။  

နာရေးကို ဝင်ပစ်မှု၊ ရွာသား ၃ ဦးကို ဖမ်းဆီးမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးရန် မိသားစုဝင်များနှင့် အကျပ်ကိုင်ခြိမ်းခြောက်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၁၄ လကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ပြည်သူ ၁၈၀၃ ဦး သေဆုံးခဲ့ပြီး ၁၃၄၉၆ ဦး ဖမ်းဆီး ထိန်းသိမ်းခံရသည်ဟု ဧပြီ ၂၉ တွင် သတင်းထုတ်ပြန်ထားသည်။ 

သေဆုံးသူ၊ အဖမ်းခံရသူ အရေအတွက်မှာ ထိုထက် ပိုများနိုင်သည်ဟု အသင်းက ပြောသည်။

စစ်ကောင်စီကမူ သေဆုံးမှု ကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်ကြောင်း ယခင်နှစ်က တုံ့ပြန်ခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button