သရုပ်ဆောင်ဟိန်းထက်၏ အဘိုး ရန်ကုန်တွင် ၈ ချက် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မင်္ဂလာဒုံမှ ၇၄ နှစ်အရွယ် အမျိုးသားကို သေနတ်သမားတို့က နေအိမ်သို့ သွားရောက်ပစ်သတ်ခဲ့ရာ စစ်ကောင်စီကိုထောက်ခံသည့်အဖွဲ့၏ လက်ချက်ဖြစ်မည်ဟု အများက ယူဆနေကြသည်

အာဏာသိမ်းရန် လအနည်းငယ်အလို ရန်ကုန်တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲ မြင်ကွင်းတစ်ခု။ 

ရန်ကုန်မြို့တွင် သရုပ်ဆောင်ဟိန်းထက်၏ အဘိုးတော်စပ်သူ  ၇၄ နှစ်အရွယ် ဦးတင်ဝင်းကို သေနတ်သမားတချို့က  ၈ ချက်ပစ်ခတ်ကာ သတ်ဖြတ်သွားကြောင်း လူမှုကူညီရေးအသင်းတစ်ခုထံမှ စုံစမ်း သိရှိရသည်။

ယမန်နေ့ (ဧပြီ ၂၈) မွန်းလွဲ ၂ နာရီကျော်က မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးဉာဏရပ်ကွက်၊ ဂန္ဓမာလမ်း  အုတ်သဲကျောက်ဆိုင်တွင် ဦးတင်ဝင်း ထိုင်နေစဉ် ကားတစ်စီး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း မေတ္တာမွန်ပရဟိတလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ဆိုင်စောင့်ပေးစဉ် ပတ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရပြီး မျက်မြင်သက်သေနှင့် အခြားအသေးစိတ် အချက်အလက်များ မသိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကိုယ်တိုင် ဆေးရုံကို သွားပို့တာ။ သွားပို့တဲ့အချိန်မှာ ဆေးရုံအဝင်မှာပဲ စစ်ချက်တွေ ယူတယ်လေ။ စစ်ချက် ယူတဲ့အချိန်မှာ၊ စစ်ဆေးတဲ့အချိန်မှာ အသက်မပါလာတော့ဘူး။ (ရုပ်အလောင်း သယ်ယူမှု)ကို ကျွန်တော် တို့ပဲ ဆက်ကူညီပေးခဲ့ပါတယ်။ (အလောင်းက) တပ်မတော် ကုတင် ၁၀၀၀ မှာပါ” 

ညာမျက်လုံး၊ ဘယ်နားထင်၊ ခြေဖဝါး၊ ဝဲဘက်ဒူးနှင့် ယာဘက်ပေါင်တို့တွင် ကျည် ၈ ချက် ထိခဲ့ကြောင်း၊ ဆေးစစ်ချက်ကို မင်္ဂလာဒုံတပ်နယ်နှင့် မြို့မရဲစခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာယူသွားကြောင်း ၎င်းက ဆိုသည်။

သေနတ်ဖြင့် အပစ်ခံရ၍ အဖိုးဖြစ်သူသေဆုံးသွားကြောင်း သရုပ်ဆောင်ဟိန်းထက်က ၎င်း၏ Facebook အကောင့်တွင် ယမန်နေ့က ရေးသားခဲ့သည်။ 

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ပြီး နာမည်ရလာသည့် ဟိန်းထက်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ လက်နက်ကိုင်တော်လှန်နေသည့် PDF တစ်ဦးဖြစ်ပြီး မိဘများက အမွေပြတ် ကြေညာထားသည်။

ဟိန်းထက်၏ အဘိုးကို လုပ်ကြံသတ်ဖြတ်မှုသည် ရန်ကုန်သွေးသောက်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အမျိုးသား ရေးသမားအချို့၏ လူမှုကွန်ရက်တွင် ရေးသားမှုများရှိသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်မပြု နိုင်သေးပေ။

သို့သော် သွေးသောက်အဖွဲ့ (YGN) အမည်ဖြင့် ဖွင့်လှစ်ထားသည့် တယ်လီဂရမ်စာမျက်နှာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ဆက်နွယ်သူများ၊ စစ်ကောင်စီကို ဆန့်ကျင်နေသည့် သရုပ်ဆောင်အချို့၏ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားသည်။

ထိုအဖွဲ့ လှုပ်ရှားမှုကို ဧပြီလလယ်မှစ၍ တယ်လီဂရမ်တွင် အများက စတင်သတိထားမိလာခြင်း ဖြစ်သည်။

NLD ပါတီဝင်နှင့် ထောက်ခံသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့်ဆက်နွယ်သူများကို လုပ်ကြံသတ်ဖြတ်သွားမည်ဟု သွေးသောက်အဖွဲ့ (MDY) အမည်ခံထားသည့်အဖွဲ့က ဧပြီ ၂၁ တွင် ထုတ်ပြန်ထားသည်။

ထို့နောက် ဧပြီ ၂၄ မှ ၂၇ အတွင်း မန္တလေးတွင် NLD ပါတီနှင့်ဆက်စပ်သူ အမျိုးသား ၅ ဦး ရက်စက်စွာ သတ်ဖြတ်ခံရပြီး လမ်းမပေါ် အလောင်းစွန့်ပစ်ခဲ့ကာ အမျိုးသမီးတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်။

သွေးသောက်အဖွဲ့ နောက်ကွယ်တွင် စစ်တပ်ရှိနေသည်ဟု ကျယ်ကျယ်ပြန့်ပြန်ဝေဖန်နေသော်လည်း စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးကမူ စစ်တပ်က ပြည်သူစစ်အဖွဲ့များကိုသာ တရားဝင် ဖွဲ့စည်းပြီး အခြားဖွဲ့စည်းမှု မရှိကြောင်း ဧပြီ ၂၇ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အာဏာသိမ်းစစ်တပ်ဘက်တော်သားများကမူ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် လူရမ်းကားပျူစောထီးအဖွဲ့၊ သွေးသောက်အဖွဲ့တို့၏ လုပ်ရပ်များကို နှစ်သက်ကြောင်း ရေးသား မျှဝေနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

ချင်းပြည်နယ် ဟားခါး၊ ထန်တလန်ကြားတွင် တိုက်ပွဲပြင်းထန်နေ

တောင်တန်းဒေသရှိ တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီက ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်နေရာ နှစ်ဖက်ထိခိုက်မှုများရှိနေပြီး ၎င်းတို့ဘက်မှ ၁၁ ဦး သေဆုံးသည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။

ဘီးလင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် သံဃာနှင့် သာမဏေများ ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်နှစ်လုံး ကျခဲ့ရာ သံဃာနှင့် သာမဏေ ၃ ပါး၊ အရပ်သား ၂ ဦး ထိခိုက်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲတွင် ကလေး ၂ ဦးအပါအဝင် ၄ ဦးသေဆုံး

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သဖြင့် ၄ ဦး သေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရသည့်အပြင် လူနေအဆောက်အအုံများလည်း ပျက်စီးသည်။

သီလဝါအထူးစီပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုအသစ်မဝင်

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မြေယာရောင်းချရသည် မရှိဘဲ လည်ပတ်ဆဲလုပ်ငန်းများမှသာ ဝင်ငွေရှိနေသည်ဟု မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ၏ မေလ ၂၄ ရက်ထုတ် ဘဏ္ဍာရေးအစီရင်ခံစာက ဆိုသည်။

PDF ၈ ဦး စစ်ကောင်စီလက်အောက် ဝင်ရောက်ဟု ပခုက္ကူ ပကဖ ပြော

မကွေးတိုင်းတွင် အမှုရင်ဆိုင်နေရသည်ဆိုသော PDF အဖွဲ့နှစ်ခုမှ အဖွဲ့ဝင်များ သေနတ် ၄ လက်၊ ကျပ်သိန်း ၂၄၀၀ ကျော် ယူပြီး စစ်ကောင်စီတပ်ထံ ရောက်သွားသည်ဟု သိရသည်။