
မန္တလေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များဘက်မှ အမှု လိုက်ပေးနေသည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ယမန်နေ့က စစ်ကောင်စီအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး၊ ၎င်းအား လက်ရှိတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရှိရသည်။
အသက် ၄၃ နှစ်အရွယ် ဒေါ်ရွက်နုအောင်မှာ စစ်ကောင်စီက ဖမ်းဆီးထားသည့် မန္တလေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေဖြစ်ပြီး ထောင်တစ်သက် ချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ငွေကြေးထောက်ပံ့မှုဖြင့် အမှုဖွင့်ထားသည်။
ဒေါ်ရွက်နုအောင်ကို ယနေ့ (ဧပြီ ၂၉)တွင် အိုးဘိုထောင်သို့ ပို့ဆောင်ချုပ်နှောင်မည်ဟု သိရှိရကြောင်း မန္တလေးမြို့ခံ တရားရေးအသိုင်းအဝိုင်းက ပြောသည်။
မန္တလေး အိုးဘိုထောင်အတွင်း အထူးတရားရုံး၌ဒေါက်တာ ဇော်မြင့်မောင်၏ ရုံးချိန်းအပြီးတွင် ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
“အရပ်ဝတ်တွေရော ထောင်ပေါက်ကတည်းက စောင့်ပြီးတော့ ခေါ်တယ်၊ အဲ့လောက်ပဲ သိရတာ”ဟု တစ်ဦးက ပြောသည်။
“ထောင်က အရှေ့ဂိတ်အနောက်ဂိတ်နှစ်ခုရှိတာ၊ ပုံမှန်ပဲ ဝင်ထွက်သွားလာနေတာ။ အဲဒီနေ့က အနောက်ဘက်က လုံးဝထွက်ခွင့်မပေးဘူး။… ပုံမှန်ဆိုလို့ရှိရင် အခြားသူတွေနဲ့အတူတူ ပြန်လေ့ရှိပေမယ့် အဲ့ဒီနေ့က မရွက်နုက နောက်ကျန်နေတဲ့သဘောဖြစ်သွားတယ်။ အဲဒီတော့ ဖြစ်စဉ်ကို ဘယ်သူမှ တိတိကျကျ အတည်မပြုနိုင်ဘူးဖြစ်သွားတယ်”
ညနေပိုင်းတွင် ဒေါ်ရွက်နုအောင်နှင့် အတူ ဖမ်းဆီးခံရသည့် အမျိုးသမီးရှေ့နေ တစ်ဦးကို ပြန်လွှတ်ပေးသည်ဟု ၎င်းထံမှသိရသည်။
မန္တလေးတွင် ယခုရက်ပိုင်းအတွင်း NLD ထောက်ခံသူများကို ရက်စက်စွာသတ်ဖြတ်နေသည့် ဖြစ်စဉ်များ ပေါ်ပေါက်နေ၍ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရမှုအခြေအနေကို စိုးရိမ်ပူပန်ကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်တပ်ကဖမ်းတယ်ဆိုအကြောင်းမဟုတ်သေးဘူးဗျာ။ ဟိုသွေးသောက်အဖွဲ့ဆိုတာတွေဖမ်းမှာ စိုးရိမ်နေရတယ်။ သူ့အသက်အန္တရာယ်အတွက်။ အရမ်းစိတ်ပူနေရတယ်ဗျာ။ ဖြစ်စဥ်ကိုမသိရ တော့”ဟု ၎င်းက ပြောသည်။
ပြည်သူမဲပေးရွေးချယ်ထားသည့် အစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်တွင် ဖမ်းဆီးခံရသည့် ဒေါက်တာဇော်မြင့်မောင် အပါအဝင် မန္တလေးတိုင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ကဲ့သို့သော ထင်ရှားသော နိုင်ငံရေးအသိုင်းအဝိုင်းဘက်မှ ဒေါ်ရွက်နုအောင်က အမှုလိုက်ပါဆောင်ရွက်နေသည်။
ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် ဒေါ်ရွက်နုအောင်မှာ မန္တလေးတိုင်း NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်တွင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရပြီး အများက ဗစ်တိုးရီးယားဟု သတ်မှတ် ခေါ်ဆိုကြသည့် ကမ္ဘာသိအမှုတွင် နစ်နာသူ မူကြို အရွယ် မိန်းကလေးဘက်မှ ဒေါ်ရွက်နုအောင်က ရှေ့နေလိုက် ပေးခဲ့သည်။
ထို့ပြင် ၎င်းသည် Myanmar Now သတင်းဌာန အယ်ဒီတာတစ်ဦးဖြစ်သူ ကိုဆွေဝင်းအား မန္တလေးတွင် အမျိုးသားရေးသမားဆိုသူများ မဘသများက တရားစွဲဆိုမှုတွင် ရှေ.နေလိုက်ပေးခဲ့ပြီး၊ ထိုတရားရုံးချိန်းများတွင် မဘသများ၏ ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း ရင်ဆိုင်ခဲ့ရသူဖြစ်သည်။