အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်ရွက်နုအောင်ကို ထောင်တစ်သက်ချနိုင်သည့် ပုဒ်မဖြင့် တရားစွဲ၍ ထောင်သို့ပို့

မန္တလေးမြို့မှ နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဖမ်းဆီးပြီး တစ်လနီးပါးအကြာ ယနေ့(မေ ၂၆) တွင် ထောင်တစ်သက်ချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆို၍ အိုးဘိုထောင်သို့ ပို့လိုက်ပြီဟု တရားရေးအသိုင်းအဝိုင်းက အတည်ပြုသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ဖမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ရှေ့နေလိုက်ပေးနေသည့် ဒေါ်ရွက်နုအောင်ကို ဧပြီ ၂၈ ရက်က အိုးဘိုထောင်အတွင်း ပြုလုပ်သည့် ရုံးချိန်းအပြီး အပြန်တွင် စစ်ကောင်စီက ဖမ်းသွားခြင်းဖြစ်သည်။

ယင်းနောက် ညှဉ်းပန်းနှိပ်စက်ရာတွင် နာမည်ကျော်သည့် မန္တလေးနန်းတွင်းစစ်ကြောရေးသို့ ရောက်သွားသည်ဟု သတင်းထွက်နေသည့် ဒေါ်ရွက်နုအောင်၏ ကျန်းမာရေး ကောင်းမွန်ဟန်ရှိသည်ဟု ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျန်းမာရေးကောင်းပါတယ်။ ပိန်တော့ ပိန်သွားတယ်”။

စတင်ဖမ်းဆီးစဉ်က ချမ်းအေးသာစံမြို့နယ်ရဲစခန်းသို့ ရောက်နေသည်ဟု သိထားရသည့် ဒေါ်ရွက်နုအောင်ကို ယနေ့ တရားရုံးထုတ်ချိန်တွင် မည်သည့်နေရာမှ ခေါ်ဆောင်လာသည်ကို မသိရသေးဟု တရားရေးအသိုင်းအဝိုင်းက ပြောသည်။

အတည်ပြုနိုင်သေးသည့် သတင်းများအရ အမှတ် ၃ ချမ်းအေးသာစံ နယ်မြေ၊ အမှတ် ၈ ချမ်းအေးသာစံမြို့မ၊ အမှတ် ၉ မဟာအောင်မြေရဲစခန်းများတွင် ဒေါ်ရွက်နုအောင်ကို ချုပ်နှောင်ဖူးသည်ဟု သိရသည်။

စွပ်စွဲခံရသည့် အမှုကို ဒေါ်ရွက်နုအောင်ကိုယ်တိုင် ခုခံချေပမည်ဟု ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခြားရှေ့နေမပါဘူး။ သူကိုယ်တိုင် ခုခံချေပမယ်တဲ့” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ဒေါ်ရွက်နုအောင်ရင်ဆိုင်ရမည့် ပုဒ်မမှာ ထောင်ဒဏ်တစ်သက်ဆိုသော်လည်း အမှုဖြစ်စဉ်ပေါ် မူတည်၍ ၁၅ နှစ်၊ နှစ် ၂၀ ၊ ၂၅ နှစ်သာ တရားရုံးများက ချမှတ်ကြောင်း ဝါရင့်ရှေ့နေတစ်ဦးထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် ဒေါ်ရွက်နုအောင်မှာ မန္တလေးတိုင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အစိုးရကို ဖြုတ်ချကာ ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးခံရသည့် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ကဲ့သို့သော ထင်ရှားသော နိုင်ငံရေးအသိုင်းအဝိုင်းဘက်မှ ဒေါ်ရွက်နုအောင်က အမှုလိုက်ပါဆောင်ရွက်နေသည်။

၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်တွင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရပြီး အများက ဗစ်တိုးရီးယားဟု သတ်မှတ်ခေါ်ဆိုကြသည့် ကမ္ဘာသိအမှုတွင် နစ်နာသူ မူကြိုအရွယ် မိန်းကလေးဘက်မှ ဒေါ်ရွက်နုအောင်က ရှေ့နေလိုက်ပေးခဲ့သည်။

ထို့ပြင် ၎င်းသည် Myanmar Now သတင်းဌာန အယ်ဒီတာတစ်ဦးဖြစ်သူ ကိုဆွေဝင်းကို မန္တလေးတွင် အမျိုးသားရေးသမားဆိုသူများ၊ မဘသများက တရားစွဲဆိုမှုတွင် ရှေ့နေလိုက်ပေးခဲ့ပြီး ထိုတရားရုံးချိန်းများတွင် မဘသများ၏ ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ 

စစ်ကောင်စီက အစိုးရခေါင်းဆောင်များ၊ ရှေ့နေများအပါအဝင် အာဏာသိမ်းမှု ဆန့်ကျင်သူအများအပြားကို ပုဒ်မမျိုးစုံနှင့် စွပ်စွဲအမှုဖွင့်ကာ ထောင်ချနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button